တနေ့ တွင် ကျမ မျက်မှန် သွားစမ်းပါသည်။ သမီးကိုလည်း ခေါ်သွားသည်။ မျက်စိ စမ်းတဲ့ နေရာတွင် ABCD စာလုံး ဖတ်ခိုင်းလေရာ မျက်စိ မှုန်သော ကျမသည် စာလုံး သေးသွားလေ တလွဲ ဖတ်လေ ဖြစ်လေသည်။
ထို အဖြစ်ကို ကြည့်ပြီး
ကျမ သမီးသည် " ဟားဟား ABCD အမှားတွေ ဖတ်နေတယ်" ဆိုပြီး ကျမ မှားဖတ်သမျှ တဟားဟား လိုက်ပြီး ရီလေသည်။
ကျမ လည်း သူရီတာ ကြားပြီး မျက်စိ မမြင်ရတော့ မှားဖတ်တာပေါ့ ဆိုပြီး လိုက်ရီ မိသည်။
အင်း ငါတော့ ၀ဋ်လည်တာဘဲ ဆိုပြီး လွန်ခဲ့သည့် အနှစ် ၂၀ ကျော်ခန့် က အဖြစ်ကို သတိရမိသည်။ တရက်တွင် အဖွားနှင့် အတူ မျက်မှန် လုပ်ရန် မျက်စိ စမ်းတဲ့ နေရာကို လိုက်သွားခဲ့သည်။
အဖွားက မျက်စိ သိပ် အမှုန်ကြီးမဟုတ်ပါ။ အနီးတော့ နည်းနည်း မှုန် သည်။
ကျမထက်တော့ မျက်စိ ပို ကောင်းပါသည်။ သို့ သော် ထိုစဉ်က မျက်စိ ကိုက် သဖြင့် မျက်မှန် သွားလုပ်ခြင်းဖြစ်သည်။ အဖွားက အင်္ဂလိပ်စာ မတတ်ပါ။ 1,2,3,4... ကို နာရီ ကြည့်တတ်ယုံဘဲ သိလေသည်။
ဆိုင်ရောက်တော့ မျက်စိ ဆရာဝန်က ထုံးစံအတိုင်း အင်္ဂလိပ်စာ မတတ်သဖြင့် ( က ခ ဂ စသဖြင့် ) ဖတ်ခိုင်းပါသည်။
ဖတ်ပြရသော စာလုံးများ အကြီးဆုံး မှ တဖြည်းဖြည်း သေးသေးသွား လေရာ အဖွားသည် အရှေ့က စာလုံး အကြီးများ အားလုံး ဖတ်တာ မှန်နေသည်။
သို့  နှင့် နည်းနည်း သေးသည့် " ဒ " နှင့်စသည့် အတန်း အရောက်တွင် အဖွားသည် ဖတ်တာ ရပ်သွားလေသည်။ မျက်စိ ဆရာဝန်က အဖွား မြင်တာသာ ပြော ဟုဆိုလေသည်။
အဖွား မျက်စိ ဒီလောက် မမှုန် မှန်း ကျမ သိထားလေရာ အဖွားကို တော်တော် အံသြ မိသည်။
စာလုံး တော်တော်ကြီး နေသေးတာ ကို အဖွား မမြင်ရဘူးလား ? ထိုသို့  စဉ်းစားနေစဉ် အဖွား သည် " ဒ" ကို " အင်္ဂလိပ် သုံး " ဟု ဖတ်ပြလေရာ ကျမ မှာ အလွန် ရီချင်သွားသည်။
အဖွား နှယ် ဒါကြောင့် ဒီ လောက်တောင် စဉ်းစားနေတာကိုး " ဒ"ကို မေ့ ပြီး ကြံကြံ ဖန်ဖန် " 3 (three) " ကိုမှ သွား သတိရရတယ်လို့ ဆိုပြီး ရီမိသည်။
အဖွား ခမျာ အသက်ကြီးတော့ က ကြီး ခခွေး တွေ မေ့ပြီး " ဒ " ကို ရုတ်တရက် စဉ်းစားမရ ဖြစ်သွား ပုံရသည်။ အင်္ဂလိပ်လို " three " လို့ လဲ မပြော တတ်တော့ " အင်္ဂလိပ် သုံး " လို့  ဖတ်တဲ့  အဖွား ၏ အဖြစ်ကို ကျမ မှာ တွေးတွေး ပြီး တနေ့ ကုန် ပြောလိုက်၊ ၇ီလိုက် လုပ်နေမိတော့သည်။