ငယ်စဉ် က အဖိုး ပြောပြဖူးသည့် ပုံပြင်ကလေးပါ။ သိပြီးသားဖြစ်ချင်ဖြစ်မှာပါ။ တခါက ချမ်းသာတဲ့ မိဘတွေလက်ဆက်ပေးထားတဲ့ လင်မယား ၂ ယောက်ရှိသတဲ့။ သူတို့ လက်ထက်တွင်လည်း တဖြည်းဖြည်း စီးပွားတက်လာပြီး သူဌေးကြီး လင်မယား ဖြစ်လာသည်။ မိန်းမ ဖြစ်သူက အလွန်ကဲပြီး စီးပွားရှာသည့်နေရာတွင်တော်လေသည်။ ယောကျာ်း ကတော့ အပျင်းကြီးပြီး ပေါ့ပေါ့တန်တန်နေတတ်သည်။ ချမ်းသာတာ သူ့ ကြောင့် ငါကြောင့် ဆိုပြီး မကြာခဏ စကားများ ရန်ဖြစ်ကြသတဲ့ နောက်ဆုံးမှာတော့ ဘယ်သူကြောင့် ကြီးပွား သလဲ သိသာစေရန် ပိုင်ဆိုင်မှု တွေကို တ၀က်စီခွဲပြီး သတ်သတ်ခွဲနေကြသည်။ ထိုအခါ မိန်းမ ဖြစ်သူက ကြိုးကြိုးစားစား စည်းကမ်းရှိရှိ စီးပွားရှာလေရာ တနေ့ တခြားခြား ပိုပြီးကြီးပွားလာသည်။ ယောကျာ်း ဖြစ်သူ ကတော့ ရှိသမျှ စည်းစိမ်းကို သောက်သောက်စားစား ပျော်ပျော်ပါးပါး နေသဖြင့် ဆင်းရဲသွားလေသည်။ နောက်ဆုံးမှာ တော့ ယောကျာ်း ဖြစ်သူသည် မြက်ရိတ်ပြီး ရောင်းရသည့် ဘ၀ရောက်သွား လေသည်။ ထိုအခါ မိန်းမ ဟောင်း သူဌေးမက သံယောဇဉ် လက်ကျန်ဖြင့် သနားလေသည်။ ယောကျာ်းဟောင်းကို ကူညီချင်သည်။ တိုက်ရိုက်ကူညီသော် အဆိပ်ပင်ရေလောင်းဖြစ်မည် စိုး သဖြင့် သွယ်ဝိုက်ပြီး အရင်းအနှီး ထုတ်ပေးရန် စဉ်းစားသည်။ ထို့ ကြောင့် သူဌေးမက ယောကျာ်းဟောင်း မြက်ရိတ်သွားရာ လမ်းတွင် ယုံကြည်ရသော အိမ်အစေခံတစ်ယောက်ကို တိတ်တဆိတ် ရွှေ ထုတ်သွားထားခိုင်းလေသည်။ နောက်ပြီး မြက်ရိတ်သမားရမရ ကိုလဲ သေချာစောင့်ကြည့်ခိုင်းလိုက်သည်။ ထိုနေ့ တွင် မြက်ရိတ်သမားသည် ခေါင်းမော့်ကာမော့်ကာ လမ်းလျောက်လေရာ ရွှေ ထုတ် ကို မမြင်ပေ။ အစေခံကမြက်ရိတ်သမား မမြင်သဖြင့် ရွှေ ထုတ် ကိုယူပြီး သူဌေးမကို အကြောင်းစုံကို ပြန်ပြောပြလေသည်။ သူဌေးမက ဒုတိယ အကြိမ်ခိုင်းလေသည်။ ဒီတခါ သူမြက်ရိတ်သွားရာလမ်း မြင်သာလောက်သည့် သစ်ကိုင်းပေါ်တွင် ချိတ်ထားရန်ခိုင်းလိုက်သည်။ ပထမ နေ့ လိုဘဲ သေချာစောင့်ကြည့်ရန် မှာလိုက်သည်။ ထိုနေ့ တွင် မြက်ရိတ်သမားသည် ဘာကို စိတ်ပျက်နေသည် မသိ ခေါင်းငုံ ကာ လမ်းလျောက်လေရာ ရွှေ ထုတ် ကို မမြင်ပေ။ အစေခံကမြက်ရိတ်သမား မမြင်သဖြင့် ရွှေ ထုတ် ကိုယူပြီး သူဌေးမကို အကြောင်းစုံကို ပြန်ပြောပြလေသည်။ သူဌေးမကတတိယ အကြိမ်ခိုင်းလေသည်။ ဒီတခါတော့ ထမင်းထုတ်ထဲတွင် အဖိုးတန် ကျောက်မျက်ရတနာထည့်ပြီး အစေခံမကို မြက်ရိတ်သမား လက်ထဲသေချာထည့်ရန်မှာလိုက်သည်။ ထမင်းစားချိန်ရောက်သောအခါ မြက်ရိတ်သမားသည် ထမင်းစားရန်မြစ်ဆိပ်သို့ သွားလေသည်။ မြစ်ဆိပ်တွင် သောက်ရေခပ်နေစဉ် ထမင်းထုတ်သည် မတော်တဆ လက်ထဲမှ လွတ်ကြသွားရာ အလွန်ကြီးသည် ငါးကြီးတစ်ကောင်က ဟပ်သွားလေသည်။ ဖြစ်ချင်တော့ ထိုငါးကြီးကို တံငါသည်တစ်ယောက်က ဖမ်းမိလေရာ ငါးမှာ အလွန်ကြီးသဖြင့် သာမာန်လူများ မ၀ယ်နိုင်သဖြင့် နောက်ဆုံး သူဌေးမအိမ်သို့ ရောက်လာလေသည်။ သူဌေးမ ၏ အစေခံမက ငါးဝမ်းပိုက်ကို ခွဲလိုက်ရာ မြက်ရိတ်သမားကို ပေးလိုက်သည့် အဖိုးတန် ကျောက်မျက်ရတနာထည့်ထားသည့် ထမင်းထုတ်ကိုတွေ့ သဖြင့် သူဌေးမကို အကြောင်းစုံကို ပြန်ပြောပြလေသည်။ထိုအခါ သူဌေးမက နောက်တကြိမ်ထပ်ခိုင်းလေသည်။ ကျောက်မျက်ရတနာထည့်ထားသည့် ထမင်းထုတ်ကို မြက်ရိတ်သမား လက်ထဲသေချာထည့်ရန် ထမင်းစားလျှင် မြစ်ကမ်း ခပ်ဝေးဝေးမှာ စားရန် ရေသွားခပ်လျှင် ထမင်းထုတ်ကိုယူမသွားဖို့  ပြောရန်မှာလိုက်သည်။ ထမင်းစားပြီးသည့်အထိ တိတ်တဆိတ်စောင့်ကြည့်ရန်လဲ မှာလိုက်သည်။ အစေခံကလဲ ထမင်းထုတ်ပေးပြီး တိတ်တဆိတ်စောင့်ကြည့်နေသည်။ ထို့ နောက် မြက်ရိတ်သမားသည် ထမင်းစားရန်မြစ်ဆိပ်သို့ သွားလေသည်။ ထမင်းထုတ်ကို ခပ်လှမ်းလှမ်းတွင် ထားပြီး မြစ်ဆိပ်တွင် သောက်ရေခပ်နေစဉ် ထမင်းထုတ်ကိုခွေးတစ်ကောင်က ဆွဲသွားလေသည်။ ထိုခွေးမှာ သူဌေးမ အိမ်ကခွေးဖြစ်လေရာ သူဌေးမ အိမ်သို့  ထမင်းထုတ်ကိုက်ပြီး ရောက်လာလေသည်။ ထိုအခါ သူဌေးမသည် အလွန် စိတ်ပျက်သွား ပြီး ဒီလောက် အသုံးမကျတဲ့သူ ငါမပြောနဲ့  သကြားမင်းဆင်းပြီးကယ်တာတောင် မကြီးပွားဘူးဟု " ငါထားလို့  သကြားမတောင်မရဘူး " ဟုညည်းညူးလေတော့သည်။ ထိုစကားကို တာဝတိံသာက သကြားမင်း ကြားလေရာ သကြားမင်းက " ဒီမိန်းမ ငါလို သကြားမင်းကို စိန်ခေါ်တယ် " ဆိုပြီး မခံချင်စိတ်ဖြစ်သဖြင့် "စောင့် ကြည့်နေ ငါဆင်းပြီးကယ်မည် " ဟု ကြုံးဝါးကာ သကြားမင်းသည် လူယောင်ဆောင်ပြီး လြူ့ပည်သို့ ဆင်းလာသည်။ ထို့ နောက် မြက်ရိတ်သမား ထံသို့ သွားကာ လေးနှင့် မြားသုံးစင်းပေးလိုက်ပြီး အမောင်လုလင် ငါပေးသည့် မြားသုံးစင်းကို ပစ်လွတ်ပြီး လိုရဆုတောင်းလော့ သင် လိုချင်တာ အကုန်ရလိမ့်မယ်ဟုဆိုပြီး မြက်ရိတ်သမားကို ပေးလိုက်သည်။ မြက်ရိတ်သမားသည် လေးနှင့်မြားကို အပြန်ပြန်အလှန်လှန်ကြည့်ပြီး ပထမ ဆုံးမြား တစင်းကို သွား ဟဲ့  ငါ ( ) ဆိုပြီး ( သူသည် ပေါ့ပေါ့တန်တန် ယုတ်ညံသော စကားပြောလေ့ရှိရာ အကျင့်ပါနေသဖြင့် ) မြားကို ပစ်လွတ်လိုက်သည်။ ထိုအခါ သူ၏ မွေးရာပါ ပစ္စည်း မှာ မရှိတော့ပေ။ ထို အခါ စိတ်ပူသွားပြီး ဒုတိယ မြားကို လာဟဲ့ ( ) ဆိုပြီး ပစ်လိုက်သည်။ ထိုအခါ တစ်ကိုယ်လုံး ထို ပစ္စည်း များဖြင့် ပြည့်သွားသည်။ မြက်ရိတ်သမားသည် ဒီလောက်များလို့  မဖြစ်သေးဘူးဆိုပြီး ငါ့  ( ) တခုကလွဲပြီး ကျန်တာ အကုန်သွား ဟုဆိုပြီး နောက်ဆုံးမြားကို ပစ်လိုက်ရလေတော့သည်။ နောက်ဆုံးတော့ မြား ၃ စင်းသာကုန်ပြီး မြက်ရိတ်သမား ကတော့ တုံရင်းပင်။ ထိုအခြင်းအရာကို သကြားမင်းမြင်လေရာ ကိုယ်နဖူးကိုယ်ရိုက်ပြီး နတ်ပြည်ပြန်သွားလေတော့သည်။
No comments:
Post a Comment