http://phomu.blogspot.com/2011/12/blog-post.html အဆက် ဖြစ်ပါသည်။
ည ၈ နာရီခွဲ ရောက်တော့ ယောဂီဆောင် ကို ပြန်ရသည်။ ပင်ပင်ပန်းပန်း ဘာတခုမှ မလုပ်ရဘဲ အလွန် ညောင်းညာပြီး အိပ်ချင်နေသည်။ ယောဂီဆောင်မှာ အဲဒီအချိန်က လူများသဖြင့် အခန်းကြီးတခန်းမှ လူ ၁၂ ယောက် လောက် တန်းစီ ပြီး အိပ်ရသည်။ အခန်းထဲ ရောက်တော့ အလွန်ပင်ပန်းသည့် စတိုင်ဖြင့် ခြင်ထောင်ချပြီး အိပ်ယာထဲ ခြေပစ်လက်ပစ်ဝင်လိုက်သည်။ အိပ်ယာထဲ မရောက်ဘဲ အရေးထဲ ဂတုံးနှင့် ခြင်ထောင်က ငြိ နေသည်။ ရုတ်တရက်ဆိုတော့ ငယ်တုန်းက သင်ခဲ့ရသည့် သမင်ဦးဂျို နှင့် ချုံပုတ်တွေ ငြိနေသည့် ပုံပြင်သတိရသွားပြီး ငါ့ ခေါင်းဂျို များ ပေါက်နေလို့ လာ ဆိုပြီး စိတ်ပူသွားသည်။ တကယ်တော့ ဆံပင်ငုတ်တို ဂတုံးနှင့် ဇာခြင်ထောင် ကပ်ခွာတွေလို ဖြစ်ပြီး ငြိနေတာ မနည်းရှင်းရသေးသည်။ နောက်တော့မှ သိသွားပါသည် လူအရင်ဝင်ပြီးမှ ခြင်ထောင်ချသည်။ ပြီးတော့ မနက် ၃ နာရီခွဲ ထရမည်ဆိုတော့ အမြန်အိပ်ရသည်။ ထိုအသက်အရွယ်အထိ မနက် ၃ နာရီခွဲ ဆိုတာ တခါမှ မထဖူးပါ။ အအိပ်ကြီးတဲ့ ကျမ သည် ၁၆ နှစ်လုံးလုံး အာရုံတက် ချိန်ကို မမြင်ဖူး မကြုံဖူးပါ။ မနက်စောစော ထရမည့် အရေးတွေး မပူတော့ လောလောဆက်အိပ်ပျော်မှ ဖြစ်ပေမည်။ မနက်တိုင်း ပထမဆုံး အုံးမောင်ခေါက်သည် ကြေးစည်ထုသံကြားရသည်။ ထိုအသံ တွေ နှင့် အတူ ဆက်တိုင်ခွေးအူသံများကြားရသည်။ နောက်တော့ ဘေးက လူများထသံကြားရသည်။ တခြားအခန်းက အသံများကြားရသည်။ ကျမ က ကြေးစည်းတီးသံ ကြား ကတည်းကစပြီး ယောဂီထိန်းလာ နိုးသည့် အချိန်အထိ မရမက အိပ်လိုက်သေးသည်။ နောက် အသားကျလာတော့ ထိုသို့  မဆိုးတော့ပေ။ ယောဂီထိန်းလာနိုးစရာ မလိုတော့ပါ။ ယောဂီထိန်းများက အသက် ၅၀ ကျော် ၆၀ ကျော် ကျောင်းဆရာမ၊ အငြိမ်းစားကျောင်းဆရာမ တွေများပါသည်။ ကျမ တို့ ယောဂီသစ်များနောက်ကို မနက်အိပ်ယာထ ကစ ပြီး ည အိပ်တဲ့ အထိ တောက်လျောက် လိုက်ကြည့်တတ်သည်။ လမ်းလျောက်လျင် ဖြေးဖြေး လျှောက်၊ တောင်ကြည့် မြောက်ကြည့် မကြည့်ရ၊ ရေချိုး အ၀တ်လျော် ၊ အ၀တ်လှန်း သည့် အထိ ဘယ်လိုလုပ်ပါ စသဖြင့် စည်းကမ်းတော်တော်များ၏။ မနက် အဆောင် အထွက် မှ ဓမာ ရုံ သို့ မနက် ၄ နာရီခွဲ တွင် အားလုံး တန်းစီးပြီး သွားရသည်။ နောက်ကျလျှင် အပြောခံရသည်။ ယောဂီထိန်းတွေက ဆိုးဆိုးဝါးဝါး တော့ ဆူတာပြောတာမ၇ှိ ပါ။ သို့ သော် " ဟိုမှာ တွေ့ လား ဆရာလေး တပါး ဆရာလေးတို့ နှင့် အသက်အတူတူဘဲ သူကိုကြည့်လိုက်ရင် အေးချမ်းပြီး တည်တည်ငြိမ်ငြိမ်လေး အဲလို နေမှ မြင်ရတဲ့ သူ ကြည်ညိုစရာဖြစ်တာ " စသဖြင့် သူတို့ ဖြစ်စေချင်သည့် ပုံစံများအား တခြားသူများနှင့် နှိုင်းယှဉ် ဆုံးမလေသည်။ ထိုစတိုင်သည် အဖွား ဆုံးမနေကြ စတိုင်ဖြစ်၏ ။ သို့ သော် ကျမ တတ်နိုင်သမျှလိုက်နာပါသည်။ ကိုယ်တိုင် အသက်ကြီးလာတော့မှ လူကြီး မဖြစ်ဖူးသော လူငယ်များနှင့် လူငယ် ဘ၀ ဖြတ်သန်းဖူးသည် လူကြီးများ၏ ခြားနားချက်ကို နားလည်လာသည်။