Wednesday 11 January 2012

http://phomu.blogspot.com/2011/12/blog-post_26.html  အဆက်


အဖိုး သည် ည ပိုင်း တချိန် မနက်စောစော မှာ တချိန် တရား ထိုင်လေ့ရှိပါသည်။  အဖိုး ပြောပြလေ့ရှိသော တရားထိုင်ခြင်း အတွေ့ အကြုံများကို ကိုယ်တိုင်သိချင်ခဲ့သည်။ ထိုသို့  စူးစမ်းချင်သည့် စိတ်သည် ကျမ ရက် ၆၀ ကြာသွား စေရန် အကြောင်းရင်းများထဲက တခုဖြစ်ခဲ့သည်။ 

အဖိုး သတိပေးဖူးတာက တရားပြ ဆရာတော်များ၏ သင်ကြားတဲ့ အတိုင်း သေချာလိုက်နာရန် စဉ်းစား တွေးတောလွန်းတာက တရားအတွက် အနှောက် အယှက် ဖြစ်စေသည်ဆိုတာပါ။ သူကိုယ်တိုင် တရားစာတွေ ဖတ်တာများပြီး တရားထိုင်လိုက်တိုင်း ဖတ်ထားတဲ့ စာ နှင့် အမြဲ ချိန်ထိုး စဉ်းစားနေသဖြင့် တရား ရသင့်သလောက် မရကြောင်း ပြောပြထားသည်။ အဲဒီအချိန် တုန်းက တရားပြ ဆရာတော်ကြီးများ ၏ ကျေးဇူးကလည်း အလွန်များပါသည်။

အစောပိုင်းမှာ ဆရာတော်များက ၀မ်းဗိုက်ကို အာရုံစိုက်ပြီး " ဖေါင်းတယ်" " ပိန်တယ်"  စင်္ကြံ လျောက် လျင် "ဘယ်လှမ်းတယ် " "ညာ လှမ်းတယ် " ဒီ နှစ်ခုကို မှတ်ခိုင်းသည်။
ဒီနေရာမှာ လွယ်တယ် ခက်တယ် ဆိုတာ လူတစ်ဦးစီ၏ ပါရမီ အနုအရင့် ပေါ်မှာ လဲ မူတည်မှာပါ။ သည်းခံစိတ် နည်းပါးသော အစားမက်သော ကျမ အတွက်ကတော့ အခက်အခဲ အများကြီးတွေ့ ခဲ့ရတယ်။
ကျမ ထက် စိတ်ထားမြင့်မြတ်သော နဂို စိတ်အခံကောင်းသော ၊ သည်းခံ တတ်သော တရားမထိုင်ဖူးသည့် အသိ မိတ်တွေများ ၊ ဘာသာခြား အသိမိတ်ဆွေများ တွေ့ ခဲ့ဖူးသည်။  ထိုသူများသည် ပါရမီအခံ ကောင်းသူများ ဖြစ်ပုံရသည်။ လူ့ ဘ၀ တိုတို ကလေးမှာ ဒီဘ၀ တခုဘဲ ကြည့်မိပြီး ကိုယ့်ကို ကိုယ် အထင်ကြီးခဲ့ဖူးသည်။
အနီး စပ် ဆုံး ပြောပြရမယ်ဆိုလျှင် ကျမ အဖွား သည် ဘုရားရှေ့တွင် တရားထိုင်နေတာ ကျမ တသက် မမြင်ဖူးခဲ့ပါ။ ဘုရား ဆွမ်းတော် သေချာကပ်သည်။ ဘုရား ရှိခိုးသည်။ ဒီလောက်ဘဲ လုပ်နေတာတွေ့ ဖူးသည်။ ကျမ သီလရှင်ထွက်လာတော့ အဖွား ကို ဆရာလုပ်လေသည်။ အဖွားက ငါ ခြေထောက်နာ တယ် မထိုင်နိုင်ဘူး လို့ ဘဲပြောပါသည်။ ဘုရားရှေ့ မှာ တရားထိုင်မှ မဟုတ်ဘဲ တတ်နိုင်သမျှ တရားနုလုံးသွင်း ကြောင်း ပြောပါသည်။ သို့ သော် ကျမ သည် quantity ကို  quality ထက် ဦးစား ပေးတတ်သည့် အကျင့် ရှိလေရာ အဖွားကို အားမရဘဲ စိတ်ပူနေသေးသည်။ အဖွား ၏ မမြင်ရတဲ့  ပါရမီကို ကျမ အထင်သေးခဲ့မိသည်။ လူတစ်ဦး စီ ၏ ပါရမီ အနုအရင့်သည် အရေးကြုံလျှင် သိသာသည်။ တနေ့ တော့ အဖွား သောက်တဲ့  ဆေးတချို့ ၏ side effects ကြောင့် အဖွား တွင် ရေယုံကြီး ဖြစ်လေသည်။ ပေါင်ရင်းမှ ခြေထောက်တလျှောက် တော်တော်များသည်။ သူများတွေ က ရေယုန်ကြီးဆိုတော်တော်နာတတ်ကြောင်းပြောလေရာ အဖွားကို နာလားမေးတော့ အဖွားက နာတယ်လို့ တော့ပြောသည်။  အဖွား ပုံစံက နာတယ်လို့ သာပြောနေတာ အေးအေးဆေးဆေးပင် ကုတင်ပေါ်တွင် ငြိမ်ငြိမ် ကလေး လှဲနေသည်။ ကျမ သည် ဘာမဟုတ်တဲ့ ဟင်းချက်တုန်း ဆီစင်တာကလေးတောင် တောင်ပြေးမြောက်ပြေး ပျာယာခတ်ပြီး နာတတ်သည်။ ကိုယ်ကိုကိုယ် ပြန် သုံးသပ်မိ ပြီး  တွေး မိတာ တခုပါ။