Monday 26 December 2011

၁ အဆက် ၂


http://phomu.blogspot.com/2011/12/blog-post.html  အဆက် ဖြစ်ပါသည်။

ည ၈ နာရီခွဲ ရောက်တော့ ယောဂီဆောင် ကို ပြန်ရသည်။ ပင်ပင်ပန်းပန်း ဘာတခုမှ မလုပ်ရဘဲ အလွန် ညောင်းညာပြီး အိပ်ချင်နေသည်။ ယောဂီဆောင်မှာ အဲဒီအချိန်က လူများသဖြင့် အခန်းကြီးတခန်းမှ လူ ၁၂ ယောက် လောက် တန်းစီ ပြီး အိပ်ရသည်။ အခန်းထဲ ရောက်တော့ အလွန်ပင်ပန်းသည့် စတိုင်ဖြင့် ခြင်ထောင်ချပြီး အိပ်ယာထဲ ခြေပစ်လက်ပစ်ဝင်လိုက်သည်။ အိပ်ယာထဲ မရောက်ဘဲ အရေးထဲ ဂတုံးနှင့် ခြင်ထောင်က ငြိ နေသည်။ ရုတ်တရက်ဆိုတော့ ငယ်တုန်းက သင်ခဲ့ရသည့် သမင်ဦးဂျို နှင့် ချုံပုတ်တွေ ငြိနေသည့် ပုံပြင်သတိရသွားပြီး ငါ့ ခေါင်းဂျို များ ပေါက်နေလို့ လာ ဆိုပြီး စိတ်ပူသွားသည်။ တကယ်တော့ ဆံပင်ငုတ်တို ဂတုံးနှင့် ဇာခြင်ထောင် ကပ်ခွာတွေလို ဖြစ်ပြီး ငြိနေတာ မနည်းရှင်းရသေးသည်။  နောက်တော့မှ သိသွားပါသည် လူအရင်ဝင်ပြီးမှ ခြင်ထောင်ချသည်။ ပြီးတော့ မနက် ၃ နာရီခွဲ ထရမည်ဆိုတော့ အမြန်အိပ်ရသည်။ ထိုအသက်အရွယ်အထိ မနက် ၃ နာရီခွဲ ဆိုတာ တခါမှ မထဖူးပါ။ အအိပ်ကြီးတဲ့ ကျမ သည် ၁၆ နှစ်လုံးလုံး အာရုံတက် ချိန်ကို မမြင်ဖူး မကြုံဖူးပါ။ မနက်စောစော ထရမည့် အရေးတွေး မပူတော့ လောလောဆက်အိပ်ပျော်မှ ဖြစ်ပေမည်။ မနက်တိုင်း ပထမဆုံး အုံးမောင်ခေါက်သည် ကြေးစည်ထုသံကြားရသည်။ ထိုအသံ တွေ နှင့် အတူ ဆက်တိုင်ခွေးအူသံများကြားရသည်။ နောက်တော့ ဘေးက လူများထသံကြားရသည်။ တခြားအခန်းက အသံများကြားရသည်။ ကျမ က ကြေးစည်းတီးသံ ကြား ကတည်းကစပြီး ယောဂီထိန်းလာ နိုးသည့် အချိန်အထိ မရမက အိပ်လိုက်သေးသည်။ နောက် အသားကျလာတော့ ထိုသို့  မဆိုးတော့ပေ။ ယောဂီထိန်းလာနိုးစရာ မလိုတော့ပါ။ ယောဂီထိန်းများက အသက် ၅၀ ကျော် ၆၀ ကျော် ကျောင်းဆရာမ၊ အငြိမ်းစားကျောင်းဆရာမ တွေများပါသည်။ ကျမ တို့ ယောဂီသစ်များနောက်ကို မနက်အိပ်ယာထ ကစ ပြီး ည အိပ်တဲ့ အထိ တောက်လျောက် လိုက်ကြည့်တတ်သည်။ လမ်းလျောက်လျင် ဖြေးဖြေး လျှောက်၊ တောင်ကြည့် မြောက်ကြည့် မကြည့်ရ၊ ရေချိုး အ၀တ်လျော် ၊ အ၀တ်လှန်း သည့် အထိ ဘယ်လိုလုပ်ပါ စသဖြင့် စည်းကမ်းတော်တော်များ၏။ မနက် အဆောင် အထွက် မှ ဓမာ ရုံ သို့ မနက် ၄ နာရီခွဲ တွင် အားလုံး တန်းစီးပြီး သွားရသည်။ နောက်ကျလျှင် အပြောခံရသည်။ ယောဂီထိန်းတွေက ဆိုးဆိုးဝါးဝါး တော့ ဆူတာပြောတာမ၇ှိ ပါ။ သို့ သော် " ဟိုမှာ တွေ့ လား ဆရာလေး တပါး  ဆရာလေးတို့ နှင့် အသက်အတူတူဘဲ သူကိုကြည့်လိုက်ရင် အေးချမ်းပြီး တည်တည်ငြိမ်ငြိမ်လေး အဲလို နေမှ မြင်ရတဲ့ သူ ကြည်ညိုစရာဖြစ်တာ " စသဖြင့် သူတို့ ဖြစ်စေချင်သည့် ပုံစံများအား တခြားသူများနှင့် နှိုင်းယှဉ် ဆုံးမလေသည်။ ထိုစတိုင်သည် အဖွား ဆုံးမနေကြ စတိုင်ဖြစ်၏ ။ သို့ သော် ကျမ တတ်နိုင်သမျှလိုက်နာပါသည်။ ကိုယ်တိုင် အသက်ကြီးလာတော့မှ လူကြီး မဖြစ်ဖူးသော လူငယ်များနှင့် လူငယ် ဘ၀ ဖြတ်သန်းဖူးသည် လူကြီးများ၏ ခြားနားချက်ကို နားလည်လာသည်။

     

Friday 23 December 2011

" ဖွဘွတ်ခ် ဝေဒနာ"


ခုတမျိုး တော်ကြာ တမျိုး 

သတင်းတွေ အစုံ အတင်းတွေ အကုန် 

ဟုတ်တာတွေရော မဟုတ်တာတွေရော   
  
မျက်လုံးတွေပြူး ခေါင်းတွေမူး

မျက်စိတွေလည် နားတွေကျယ်
  
လည်ပင်းတွေညောင်း ခါးတွေစောင်း

မနက်မိုးလင်း ညကြီး မိုးချုပ်  

ရသမျှ လစ်သမျှု အချိန်ကလေးမှာ


မကြည့်ဘဲလဲ မနေနိုင်ပါ

မဖွင့် ဘဲလဲ မနေနိုင်ပါ

အဲတာ ဘာလဲဟဲ့

အဲတာ ဖွဘွတ်ခ်ဘဲကွယ့်



ခက်ဆစ် အဖွင့်  -   ဖွဘွတ်ခ် = Facebook
ခေတ်စာဆို မိမူ

Tuesday 20 December 2011

ထမင်းထုတ်

ကျမ တို့  နှစ် ယောက် အကျင့် စရိုက်ခြင်း တူသည့် နေရာတွင် တထပ်တည်းကျအောင် တူကြသည်။ မတူကြသည့် နေရာတွင် ဆန်ကျင့်ဖက် ကွဲပြား၏။ နှစ် ယောက်စလုံး ကိုယ့်အသက်ကိုယ် မမှတ်မိသည့် နေရာတွင် တူကြလေသည်။ လိုအပ်လို့  form တခုခု ဖြည့်မည်ဆိုလျင် ကိုယ့်အသက်ကို  အပြေးအလွား စဉ်းစားရလေသည်။ နှစ်ယောက် စလုံး အသေးအဖွဲများ ကို ဂရုမစိုက် တတ်ကြဘဲ အကြီးအမားများလဲ လွတ်ကျတတ်သည့် နေရာတွင် တူလေ၏။ ဆန့်ကျင်စွာ ကွဲပြား သည့် နောက်တခုကား ကျမ သည် စကားများ သူဖြစ်ပြီး သူ ကတော့ သံ၇ုံးကို လစဉ်လတိုင်း အခွန်ဆောင်ရလေရာ လေပါ အခွန် ဆောင်ရမှာကို ကြို စိုးရိမ်သဖြင့် စကား တတ်နိုင်သမျှနည်းလေ၏။ သူကား ရသမျှ အချိန် စာဖတ်ပြီး  ကျမ ကတော့ အချိန်မရမက ရှာပြီး စကားများရသည်။ ဘီယာ လေးခွက်လောက်သောက်ပြီ  ဆိုရင်တော့ သူနှင့် စကားအပြန်အလှန် ပြောလို့ ရသည်။ သို့ သော် အချိန်၇ှားသော သည်ကျွန်းစံ ဘ၀ရောက်ကတည်းက  ဘီယာ မပြောနဲ့  ရေတောင် အချိန်လုသောက်နေရရှာ၏။ နောက်တော့ ကျမလဲ တယောက်ထဲ စကားများရတာ ပျင်းလာသောအခါ အချိန်ရလျင် အင်တာနက်ကြည့် တတ်လာသည်။ ထို အခါ ကျမလည်း ပါးစပ်ညောင်း သက်သာ သွားပြီး ကျမ ယောကျာ်းလဲ နားငြီး သက်သာ သွားသည်။ ကံကောင်းသည် အင်တာနက် ဘီယာ ဆိုတာတွေသာ မ၇ှိခဲ့လျှင် ကျမ ဘ၀ အက်ကိုးရှိသော လှိုဏ်ဂူလိုက်ရှာပြီး စကားပြောရပေမည်။   နောက် တခုက တော့ လူဖြစ် လာရသည့် ခေတ် စနစ် အနည်းငယ် ကွာလေရာ တွေးခေါ် ယူဆပုံ ကွာရလေသည်။ သူကား ထူးအိမ်သင်၊ ဇော်ဝင်းထွဋ် လေးဖြူ တို့ ၏ သီချင်းများဖြင့် ဟိုကောင်မလေးကြိုက် လိုက် ဒီ ကောင်မလေး စိတ်ဝင်စားလိုက် လုပ်နေချိန်တွင် ကျမကား ထုတ်ဆီးထိုး ကြိုးခုန် ဇယ်တောက်လို့ ကောင်းတုန်း အချိန်ဖြစ်၏။ ကျမ၏ နမော်နမဲ့ ၊ တလွဲ တချော၊ အိုးနင်းခွက်နင်း အကျင့်များ ကတော့ အရင်ဘ၀ ကတည်းက promotion ကာလနှင့် တိုးပြီး package လိုက်တွဲပါလာပုံရ၏။ ထို့ ကြောင့် ကျမ၏ ရင့်ကျက် တိုးတက် မှု ကို သူ့ ခမျာ ရပ် စောင့်နေရကြောင်း စကားနည်းသော်လည်း မကြာခဏ အပြောခံရသည်။ သို့ သော် ကျမသည် ရှေ့သို့  တစ်လှမ်းခြင်းသွားနေပါသည် နောက်ပြန်လည်း မသွားသလို စုံလည်း မခုန်ပါ။ :-) ( ၀န်ကြီး စကား ယူ သုံးမိပြီ ကော်ပီ ရိုက် ပေးရန် လိုမလို မသိပါ) ထိုသို့   မကြာခဏ အပြောခံရတာ များလာတော့ တနေ့ တော့ ကျမ စိတ်တိုပြီး ပြန်ပြောလိုက်တယ်။
" ဒီမှာ  မိန်းမ ယူတယ်ဆိုတာ ဟိုတယ်မှာ ဘူဖေ စားသလို ကိုယ်ကြိုက်တာဘဲ ပန်းကန်ထဲ ရွေးထည့် လို့ ရတဲ့ အရာမျိုး မဟုတ်ဘူး မှတ်ထား "
သူက လဲ မခံဘူး စွာတယ်
" ဒါဆို ကိုယ့်အဖြစ် က လေဘေး၊ ရေဘေး မှာ ထမင်းထုတ် ဝေလို့ ရလာ တဲ့ ဘ၀ မျိုးပေါ့ " တဲ့  ကျမလည်း ချက်ခြင်း ပြန်ပြော လိုက်ပါတယ် " ထမင်း ထုတ်မရတဲ့ သူထက် ကံကောင်းတယ်မှတ် ဟွန်း ဒီထက်  ကံကောင်း ရင် ထမင်းတွေ ဟင်းတွေ အပြင် ထီလက်မှတ် တို့  ပိုက်ဆံ တို့ တောင် ပါလာတတ်သေးတာ"  အနိုင်ပိုင်းပြီး စကားရပ်ထားပါသည်။

Saturday 3 December 2011

http://phomu.blogspot.com/2011/11/60-2-days.html 
ရက် ( ၆၀ ) တရားထိုင်ပြီး ကျမ အတွက် ဘာတခုမှ မပြောင်းလဲပါ။ အရင် အတိုင်းပါဘဲ။ နောက်ထပ်လဲ
တရားစခန်း တွေ ထပ်ဝင်ခဲ့ပါတယ်။ သို့ သော် ယခု အချိန် အထိ ထစ် ခနဲ့ ဆို ဒေါသ 
ကြီး နေတုန်း၊ သေရမှာ ကြောက်နေမြဲ၊ ဆင်းရဲမှာ ကြောက်မြဲ၊ တကိုယ်ကောင်းဆန် နေတုန်း၊ ကိုယ်ထက်သာသူကို မနာလို စိတ် ဖြစ်ဆဲ ပါ။သို့ သော် ကံကောင်းစွာ
ထူးထူးခြားခြား သိတာ လာတာ ၂ ခု ရှိသည်။ တခုက ကိုယ့် မှာ ပါရမီကောင်းတွေ တော်တော် နည်း ပါလားဆိုတာသိလိုက်ရတယ် ၊
နောက်တခုက ဒေါသ ထွက် တာဘဲ ဖြစ်ဖြစ် မနာလို ဖြစ်တာဘဲ ဖြစ်ဖြစ် အရင်ကထက် အချိန် တိုအတွင်း ကိုယ့်ကိုကိုယ် သတိထားမိလာတယ်။  ဒီ ၂ ခုပါဘဲ။ 


ပထမဆုံး တစ် ညနေ  ( 1996 April)
ရိပ်သာ ၀င်မယ်ဆိုတော့ သီလရှင် ၀တ်ခဲ့သည့် ကျောင်းက ဆရာလေးက သတိပေးပါသည်။ ၁၀ ရက် ဘဲ အရင်ဝင်ကြည့်ရန်၊ မနက် အစော ထရမယ် တရားထိုင်ရမယ် ဆိုတာပါ။ မနက် ၃ နာရီခွဲ ထ ဘုရား ၇ှိခိုးပြီး တနာရီ ထိုင် တနာရီ စင်္ကြံ လျှောက် ည ၈ နာရီ ခွဲ အထိပါ။ ကြားတွင် ဆွမ်းစားချိန်၊ ရေချိုးချိန် စသဖြင့် ရှိပါသည်။ ပထမဆုံး အလုပ်ပေး ( တရားမှတ်နည်းများ၊ တရားမှတ်ရာတွင် သိသင့်တဲ့ အချက်များ) တရားနာရပါသည်။   အလုပ်ပေး တရားနာအပြီး အားကြိုးမာန် တက် တရား စထိုင် လိုက်ပါသည်။ တော်တော်ကြာကြာ ထိုင်လိုက်ပြီး သကာလ နာရီ ကြည့်လိုက်သောအခါ စထိုင်ချိန်မှ စပြီး ၅ မိနစ်သာသာ သာ ရှိသေးသည်။ ကျမ တော်တော် အံသြ သွားသည်။ ငါမှာတော့ တော်တော်ကြာ အောင် တရားတွေ မှတ် လိုက်ရတာ အချိန်က ၅ မိနစ်သာသာဘဲ ကြာတယ် ဆိုတော့ စိတ်ပျက်သွားသည်။ ဘယ်လို များ တနာရီဆိုတဲ့ အချိန်ကို ဖြတ်သန်းရမှာပါလိမ့်  ။
ဒီလိုနဲ့  မျက်စိဖွင့် လိုက်၊ နာရီကြည့်လိုက်၊ ဖေါင်းတယ် ပိုင်တယ် မှတ်လိုက်၊ ခြေထောက် ရွေ့ လိုက် ၊ ဘေးကလူတွေ လိုက်ကြည့်လိုက် နဲ့  တနာရီပြည့်သွား သည်။ နောက် လမ်းထလျှောက် လိုက်၊ ပြန်ထိုင်လိုက် နဲ့  ဘုရား ၀တ်ပြုချိန် ရောက်သွားခဲ့သည်။ ဒီလို နဲ့  တညနေ ပြီးဆုံးသွားလေသတည်း ။ ။

Sunday 20 November 2011

60 +2 days

ရွာ လို့ ပြောမယ် ဆိုရင် ရွာကြီးကြီး မြို့ လို့ ပြောချင်လျင် မြို့ ပိစိကွေး ကလေးမှာ ထူးထူး ဆန်းဆန်း သတင်း ပြန့် သွားသည်။ ထူးဆန်းတယ် ဆိုတာထက် အံအားသင့် စရာလေးပါ။ သူငယ်မ တစ်ယောက် သီလရှင် ၀တ်နေတယ်ဆိုပါ။ သူမကို သူမမွေးကတည်းက တရွာလုံးသိထားကြသည်။ မိန်းမ ဆန်ဆန် ယဉ်ယဉ်ကျေးကျေး မဟုတ်တာတော့သေချာသည်။ သူမ သည် ကျမ ဖြစ်သည် :) ။ ကျမ အဒေါ် သည် သား ၆ ယောက်မွေးထားသည်။ ကျမ နှင့် အသက်သိပ် မကွာကြပါ။ ကျောင်းပိတ်လျင် သူတို့ ညီအစ်ကို တွေ နှင့် ဂျင်ပေါက်တမ်း စစ်တိုက်တမ်း ကစား သည်။ တခါတရံ စယ်တောက်သည်။ သစ်ပင်တက်သည်။ အဖွားက အေးအေးဆေးဆေး မိန်းကလေးပီပီသသ ဆော့စေချင်သည်။ မောင်နှမ ၀မ်းကွဲ အရင်း များတွင် မိန်းကလေးများစွာရှိသည်။ သို့ သော် မိန်းကလေးလို့ ဆော့ရတာ ပျင်းလေသည်။ ထို့ သို့ ပြေးပြေးလွားလွား မျောက်လွဲကျော်လို ကြီးပြင်းလာသောကျမကို အဖွားက အလှုပွဲများတွင် ဒေါင်းမြီးကိုင် ( ကွမ်းတောင်ကိုင် လို့ ခေါ်လားမသိပါ) ဖြစ်စေချင်သည်။ မင်္ဂလာဆောင်များတွင် သတို့ သမီးအရံဖြစ်စေချင်သည်။ ကျောင်းကပွဲများတွင် ပါစေချင်သည်။ အဖွား ဖြစ်စေချင်သလောက် ရွာက ဆွေမျိုး များ ကျောင်းက ဆရာ ဆရာမများ က မည်သူမှ အရှက်ကွဲခံပြီး ကျမ ကို အရာသွင်းရန် မမိုက်မဲကြပါ။ ကျောင်းကပွဲတွင် ၂ ကြိမ်တိတိ ပါဖူးသည်။ ချိုချိုမိုင်မိုင် သီချင်း သရုပ်ဖေါ်အက နှင့် နောက် တခုက လက်ခုပ်ဝိုင်းတီးပေးရတဲ့ အဖွဲ့ ထဲ ပါဖူးသည်။ အဖွား တစ်ယောက် မဖြစ်နိုင်သည့်အရာ ရည်မှန်းချက်ကြီးနေတာ ကျမ တော်တော် စိတ်ပျက်ဖူးသည်။ နောက်ဆုံးတော့ အဖွားသည် သူ့ ထိုက်နဲ့  သူ့ ကံ ဘဲ ဆိုပြီး လက်လျော့ သွားပုံရသည်။ သို့ နှင့် ဆယ်တန်း စာမေးပွဲ ဖြေပြီး စ သီလရှင် ၀တ်မည်ဆိုတော့ အဖွားနှင့် အဖိုး အံသြ ၀မ်းသာသွားသည်။ ဆွေမျိုးများ မျက်လုံးပြူးသွားသည်။ ထိုစဉ်က ကျမ သီလရှင် ၀တ်ရန် စဉ်းစားခြင်းမှာ နိဗ္ဗာန် ရောက်ဖို့  စသဖြင့်သေသေချာချာ  နားမလည်သေးပေ။ ဆယ်တန်းစာမေးပွဲဖြေအပြီး စိတ်ကူးတမျိုးပေါက်ပြီး သီလရှင်ဝတ်ရင် ဘယ်လိုနေလဲ သိချင်နေသည်။
သို့ နှင့် သီလ၇ှင်ဖြစ်သွားသည်။ ကတုံးနှင့် နေရာတာ အေးတော့အေးသား ၊ ၀တ်ရုံကလည်း အရပ်သိပ်မရှည်တဲ့ ကျမ အတွက် တလွားလွား နှင့် သိုင်းဝတ္ထု ထဲက သိုင်းသမားလိုလို၊ လွားလွား လွားလွား နှင့်နေရတာ သဘောကျမိသည်။ သီလရှင်ကျောင်းမှ ဆရာလေး ဆရာကြီးများက သီလရှင်ဆိုတာ ဘယ်လို နေရမည် ဘာတွေလုပ်ရမည်ပြောသောအခါ အဖွား က ၀တ်ချင်သလောက်ဘဲ ၀တ်ပါ အ၇ှက်တော့ မကွဲပါစေနဲ့ ဆို ပြီး  ကျမ ကို စိုးရိမ် တကြီး သတိပေးရှာသည်။ ကျမ ကလဲ အဖွားကို စိတ်ချချနေရန် ပြောလိုက်သည်။
ပထမ ဆုံးနေ့ က ထုံးစံအတိုင်း ညရောက်တော့ ဗိုက်ဆာပါ သည်။ ရေသောက် အအေးသောက် ထန်းညက်ကြော်စားသည်။ နောက်နေ့ များတွင် ညနေ တိုင်း သတိထားမိသည်မှာ သီလရှင်ကျောင်းနှင့် ခပ်လှမ်းလှမ်းက မဟာစည်ရိပ်သာ က ၀တ်ရွတ်သံဖြစ်သည်။ ထို အသံကြားသော အခါ ဘာဖြစ်သည် မသိ ကျမ ထို ရိပ်သာသို့ သွားကြည့်ချင်လေသည်။ နောက် ရက်မှာတော့ အထုတ်အပိုးပြင်ပြီး ရိပ်သာသို့ ပြောင်းသွား ရာ ထို ရိပ်သာတွင် ရက် ၆၀ ကြာသွားလေသည်။


( မှတ်ချက်။ ။ ဘာသာရေးနှင့်ပတ်သက်ပြီး အသုံးအနှုန်း၊ အရေးအသား မှားယွင်းခဲ့လျင် ခွင့်လွတ်ပါ။ ) 

Saturday 12 November 2011

အလွဲ ပါရမီ

တနေ့ တနေ့  ငါ့မှလဲ မ လွဲရ ရင် မနေနိုင်တာက လွဲလို့  :)

မနေ့ တုန်းက သမီးကို ပို့ နေကျ သင်တန်း တခု သွားပို့ သည်။ ဘစ်ကား ဂိတ် ရောက်တော့ အချိန်က အရင်နေ့ ထက်စောနေသည်။
အမယ် ဒီနေ့ တော့ ငါ တယ် ဟုတ်ပါလားဆိုပြီး . သို့ သော် ကိုယ့် အကြောင်းကို သိနေတော့ သေချာတော့စစ်ဆေးအုံးမှ
သမီးရော ငါ့ ရော ဘစ်ကား/ရထား ကဒ်လဲပါတယ် ဒီတခုတော့ ဟုတ်ပြီ
ဖုန်းကို စစ်ကြည့်တော့ ဖုန်းလဲပါတယ်
ထီးလဲပါတယ်
ရေဗူးလဲပါတယ်
သော့လဲပါတယ်
ပိုက်ဆံအိတ်ကတော့ ထွက်ခါနီးမှ သေချာ ထည့်လာတာ
စာအုပ်လဲစုံ 
အင်း  ..
အ၀တ်အစားလဲစစ်အုံးမှာ တခါတလေ ပြောင်းပြန်တွေ တလွဲတွေ ၀တ် တတ်လွန်းလို့ 
ဟိုနေ့ ကလဲ ရထားပေါ်မှာ  စတိုင် ထုတ်အုံးမှ ဆိုပြီ ဘောင်းဘီ အိပ်ထဲ လက် နှိုက် လိုက်တာ အိပ်ကပ် ရှာမတွေ့ ဘူး နေပါအုံး ငါဒီဘောင်းဘီ ၀ယ်တုန်းကလဲ အိပ်ကပ်ပါတယ် အရင်နေ့ တွေ ၀တ်တုန်းက လဲ အိပ်ကပ်ပါတယ်  ဒီနေ့ မှ အိပ်ကပ်က ဘယ်ရောက်သွားပါ လိမ့် ဆိုပြီး သေသေချာချာ လေ့လာကြည့်တော့မှ အရှေ့နှင့် အနောက်မှား ၀တ်လာတာ၊ အရေထူနေတော့ နည်းနည်းဘဲ ရှက်လိုက်ရတယ် ဟိ။ 
အခုလဲ  သေချာ စစ်ကြည့်တော့ အားလုံး အမှန် အိုကေဘဲ။ 
ဘစ်ကားပေါ်ရောက်ပြီး အချိန်ကြည့်လိုက်တော့ ထူးထူးဆန်းဆန်း အချိန်ကလဲ တိကျနေသည်။
ထို့ ကြောင့် သမီးရေ ငါတို့ ဒီနေ့ တော့ အချိန် မိရောက်မှာပါ ဆိုပြီး ဒီနေ့ ငါတယ်ဟုတ်ပါလား တခုမှာ မလွဲဘူး။ ကိုယ်ကိုကိုယ် အထင်ကြီးသွားသည်။
သင်တန်း ရောက်တော့ အချိန်က လဲကွက်တိ ၁၀ မိနစ်တောင်စော နေသေးတယ်။
ယောကျာ်းထံ ဖုန်းဆက်ပြီး ကြွားအုံးမှ တွေးလိုက်သေးသည်။
အပြန်ခရီး အလွဲ မရှိမှ ဘဲပြောတော့မယ် အသွားမှာ ဒီလောက် မှန်နေတာ ပြန်ရင် လွဲစရာမှ မရှိတာလေ။ အခု သွားပြောရင် အပြန်မလွဲစေနဲ့ ဆိုပြီး သက်သက် အပြောခံရအုံးမှာ တွေးလိုက်သည်။
သို့ နှင့် ဟင်းချက်စရာဝယ်ရန် ပိုက်ဆံထုတ်အုံးမှ ဆိုပြီး ATM သို့ သွားလိုက်သည်။ အိတ်ထဲက ပိုက်ဆံအိတ် ထုတ်လိုက်သည်။ ပိုက်ဆံ အိတ်ဖွင့်လိုက်သည်။
ချက်ခြင်းဖွင့်မရတဲ့ ပိုက်ဆံအိတ်ကို စိတ်တိုလိုက်သေးသည်။
၂ ခါ ၃ခါ ဖွင့် မရဖြစ်တော့ မှ ပိုက်ဆံအိတ်ကို ကြည့်ပြီးဖွင့်မှ
ကြည့်လိုက်တော့မှ
အော် ငါ ဆိုတာ ငါပါဘဲ
ထင်တော့ထင်သား မှန်နေတာကို က လွဲနေတယ်ဆိုတာ
အပန်းရောင်ခြင်းတူပြီး အရွယ်အစားတူ ငါ့ပိုက်ဆံအိတ်နှင့် သမီးရဲ့ ဘာဘီခဲတံထည့်အိတ်မှားပြီး ထည့်လာတာကိုး ဒါကြောင့် မျက်လုံးနှင့် မကြည့်ဘဲ ဇွတ်ဖွင့်နေတာ ငါ့ ပိုက်ဆံ အိတ်လို့  သံလိုက်တုံးနှင့် လွယ်လွယ် ခွာရတာ မဟုတ်ဘဲ ဇစ်တတ်ထားတော့ လွယ်လွယ်နှင့် ဖွင့်မရတာ အခုမှ သဘောပေါက်သွားသည်။
အင်း လွဲတယ်ဆိုတာလဲ ပါရမီပါအုံးမှ လွဲချင်တိုင်းလွဲလို့ မှ မရတာလေ။ :-)

note : sorry for using " ငါ " pl ignore it.  

Friday 11 November 2011

၁၁.၁၁.၁၁



၁၁ ရက် ၁၁ လ ၂၀၁၁ 
မီး ၁၁ ပါးမှ ကင်းဝေးပြီး အေးချမ်းပါစေ။


သတ္တ၀ါတို့ကို လောာင်ကျွမ်းပျက်စီး ဆင်းရဲစေတတ်သော တရား (၁၁) ပါး
(၁) ရာဂမီး (လောဘမီး) - တပ်မက်နှစ်သက်ခြင်းကြောင့် ပူလောင်ရခြင်း။
(၂) ဒေါသမီး - အမျက်ဒေါသထွက်ခြင်းကြောင့် ပူလောင်ရခြင်း။
(၃) မောဟမီး - အမှန်ကို မမြင်မသိခြင်းကြောင့် ပူလောင်ရခြင်း။
(၄) ဇာတိမီး - ပဋိသန္ဓေနေရခြင်း၊ ဘ၀အသစ်၌ ဖြစ်ရခြင်းကြောင့် ပူလောင်ရခြင်း။
(၅) ဇရာမီး - အိုမင်းရခြင်းကြောင့် ပူလောင်ရခြင်း။
(၆) မရဏမီး - သေကြေရခြင်းကြောင့်ပူလောင်ရခြင်း။
(၇) သောကမီး - စိုးရိမ်ကြောင့်ကြရခြင်းကြောင့် ပူလောင်ရခြင်း။
(၈) ပရိဒေ၀မီး - ငိုကြွေးရခြင်းကြောင့် ပူလောင်ရခြင်း။
(၉) ဒုက္ခမီး - ဒုက္ခဆင်းရဲကြောင့် ပူလောင်ရခြင်း။
(၁၀) ဒေါမနဿမီး - စိတ်နုလုံး မသာယာရခြင်းကြောင့် ပူလောင်ရခြင်း။
(၁၁) ဥပါယာသမီး - ပြင်းထန်စွာပူပန်သောကရောက်ရခြင်းကြောင့် ပူလောင်ရခြင်း။

မှတ်ချက် ။ အကုန် အလွတ်မရ သောကြောင့် google တွင် ရှာပြီး ကူးထားပါသည်။ :-)

Friday 4 November 2011

စု လို့ ရပြီ

စု  မှ
စု  ဘဲ
ခိုးပြီး စု လာတာ လွန် ခဲ့  အနှစ် ၂၀ လောက်ကတည်းကပေါ့
တိတ်တိတ် ကလေးဘဲ စု ရဲတာ ကြောက်တတ်လို့ ပါ
လူသိရှင်ကြား စု   ကြသူများ အားကျပါသည်
လူမသိ သူမသိ စု နေရတဲ့ ဘ၀ က
ဟို နေရာ စု 
ဒီနေရာ စု

စု လို့ ရပြီတဲ့ 

အခုမှဘဲ စိတ်ကြိုက် စု ချင် သလောက်
စု လို့  ရတော့တယ်။

ပိုက်ဆံတော့ မဟုတ်ပါ :-)

Tuesday 1 November 2011

၁.၁၁.၁၁

(၁)

အင်္ဂါ ဂြိုလ် သည် ရေ ရာသီ ကရကဋ် တွင် နိစ် ခံ နေရာမှ အောက်တိုဘာ လကုန်တွင် လွတ်ပြီး။ ( ရေ ရာသီ  တွင် နိစ် ခံနေသောကြောင့်  ရေဘေးများကြုံတွေရသည်။) စနေ ဂြိုလ် သည် ဥစ်အိမ် တူရာသီ သို့ နိုဝင်ဘာ လလယ်တွင် ရောက်ရှိမည်။ ထို့ ကြောင့် နိုဝင်ဘာလ တွင် ကောင်းသတင်းများကြားရပြီး လူအများစု အဆင်ပြေ စိတ်ချမ်းမြေ့ကြမည်။ (အပါး သင်ပေးသော ဗေဒင် ပညာဖြင့်  တောင်တွက် မြောက်တွက် တွက်ထားပါသည်။ မှားခဲ့လျင် ခွင့် လွတ်ပါ။အဖိုးက ဗေဒင် ယုံလွန်းတာ မကြိုက်ပါ။ ကျမ က  ကိန်းဂဏာန်းဖြင့် တွက်ချက်ရသဖြင့် ပညာတရပ် အနေဖြင့် စိတ်ဝင်စားပါသည်။) လစ်ဗျားတွင် ဗေဒင် ဆရာရှိပုံမရပေ။:)     

(၁.၁)

လူဦးရေ သန်း ၇၀၀၀ ပြည့်ပြီး ဆိုတာ ကြားမိသည်။


(၁.၁.၁)

အိုဘားမား သမီးများ ညအိပ်ယာဝင်ချိန်သည် ည ၈ နာရီ ဆိုတာ သိရတော့ အံသြ မိသည်။ ( ကျမ ယောကျာ်းက ပြောသည်။) သတင်းက ၂၀၀၉ ကတည်းက အခုမှ သိရသည် ကျမ တော်တော် up to date ဖြစ်သည်။  In the Obama White House, bedtime is still at 8 p.m. The girls still set their own alarm clocks and get themselves up for school in the morning. They make their own beds and clean their own rooms. (NY time)


(၁.၁.၁.၁)

သမီးကို ကျောင်းကြိုစဉ် မိုးရွာတော့ ကျမ ကို ပြောသည် ဒီနေ့ မိုးရွာမရွာ ဆိုတာ ပြက္ခဒိန် မှာ ကြည့်လို့ မရဘူးလားတဲ့ (မိုးလေသ၀ သတင်းနဲ့  ရောသွားပုံရလေသည်။)

(၁.၁.၁.၁.၁)

အမေ စု ပြောတဲ့ အဂတိ လေးပါး
`အဂတိ လို က်ခြင်း´ ဆိုတာ ဘက်လိုက်ခြင်း ( အမှန်တရားကို မျက်ကွယ်ပြုခြင်း )
ဘက်လိုက်ခြင်းလေးမျိုး ရှိသည်။
၁။ ဆန္ဒာဂတိ - ချစ်ခင်မှုကြောင့် ဘက်မလိုက်ပါသင့်သောအရာသို့ ဘက်လိုက်ခြင်း၊
၂။ ဒေါသာဂတိ - မုန်းတီးမှုကြောင့် ဘက်မလိုက်ပါသင့်သောအရာသို့ ဘက်လိုက်ခြင်း၊
၃။ မောဟာဂတိ -  တွေဝေမှု၊ မသိ နားမလည်မှုကြောင့် ဘက်မလိုက်ပါသင့်သောအရာသို့ ဘက်လိုက်ခြင်း၊
၎။ ဘယာဂတိ - ကြောက်ရွံ့မှုကြောင့် ဘက်မလိုက်ပါသင့်သောအရာသို့ ဘက်လိုက်ခြင်း၊ တို့ ဖြစ်သည်။ 
Facebook မှာ တွေလိုက်တော့ အနေဖြောင့် အသေဖြောင့် ချင်လျှင် အဂတိ တရား ၄ ပါးကို စောင့်ထိန်းရန် ဆုံးမဖူးသည့်  အဖိုးကို သတိရမိသည်။ ကျမ လို သာမာန် လူ တစ်ယောက် ကတော့ နေ့ စဉ်နဲ့  အမျှ သေးသေးဖွဲ့ ဖွဲ့  တခုမဟုတ် တခုကတော့ ဘက်လိုက်မိ ပါသည်။ နေ့ စဉ် နှင့် အမျှ လျော့နည်း အောင် ကြိုးပမ်းအားထုတ် နေရအုံးမည်။



Saturday 29 October 2011

သီတာ သီတာ

အိမ်အလုပ်လုပ်ပြီး ပင်ပန်း ရတိုင်း အဖွားကို သတိရမိသည်။ ထို့ ပြင် ကျမ တမ်းတ သတိရမိသူ နောက် တစ်ဦးရှိသေးသည်။
သူမ သည် မသီတာဖြစ်လေသည်။  
ကျမသည် တနေ့ နေ့  အထာမကျသည့်  အိမ်မှု ကိစ္စများဖြင့် နပန်းလုံးနေရသည်။ ကလေးအတွက် ပြင်ဆင်ပေးရသည်။ မနက် ပြင်ဆင် စားသောက်ပြီးလို့  ပန်းကန်ဆေး ပြီးတာနဲ့  အ၀တ်လျှော်ဖို့  စီစဉ် ( စက်နဲ့  လျော် လို့ သာ တော်သေးသည်) ရွာမှာလို ရေကလဲ ရေကန် ရေချောင်းသွားပြီး ရေမခပ်ရလို့  တော်သေးသည်။ တသက်လုံး ပေါ်ကြော့ နေလာသမျှ အခုမှ မဖြစ်မနေ အပိုးကျိုးစ ပြုလာရသည်။ တခါတလေ သေသွားသည့် အဖွား ပြောစကားများ တော်တော် မှန်ပါလား အိမ်အလုပ်သည် အိမ်ရှင်မတိုင်းအတွက် အတူတူ ပင်ဖြစ်မည် သို့ သော် လုပ်နေမကျသော ကြောင့် ကျမ အတွက် ပို ပင်ပန်းရ၏ အဖွားပြောစကား အရဆို အလုပ်လုပ်တာ လာဒ်မမြင်ဘူးလို့ ဆိုရမှာဘဲ ။ မြန်မာ စကားမှာ ရှိမရှိတော့ မသိဘူး၊ Professional မကျဘူးလို့ ပြောလို့ လဲရသည်။ အခုမှ နည်းနည်း သဘောပေါက်လာသည်။ မြန်မာ ပြည်မှာ တုန်း က ရုံးသွားလိုက် သင်တန်းတက်လိုက်နဲ့  တနေ့ ကုန်လေသည်။ အိမ်မှု ကိစ္စများကို အိမ်အကူ လို့ ပြောလို့ ရသည့် မသီတာ က အစစအရာရာ တာဝန်ယူပြီး လုပ်ပေးသည်။ ကလေးထိန်းပေးသည်။ သူမ နှင့် ကျမ ကဲ့သို့  အိမ်၇ှင် နှင့် အိမ် အကူ မှာ တော်တော်ရှားမည်။ ဘာကြောင့်လဲ ၇ှင်းပြရလျှင် မသီတာ အမေက ကျမ ငယ်စဉ် က ကျမကို ထိန်း ပေးသည့်  ကလေးထိန်းဖြစ်သည်။ ကျမ တို့ နှင့်အမျိုးတော်စပ်သည်။ သူမက ကျောင်းပညာ ၈ တန်းအောင်ပြီး ဆက်မတက် ပေ ကျောင်းဆက်မတက်နိုင်ခြင်းကြောင့်ဖြစ်သည်။ တောရွာ ထုံးစံအတိုင်း သေစာရှင်စာ တတ်ပြီးလျှင် မိန်းခလေးများကို ပညာရေး အားမပေးပါ။ မိဘများကလဲ မရှိရှိရာ ရှာထားရန် မစဉ်းစားပေ။ များသောအားဖြင့် အ၇ွယ်ရောက်လျှင်ကျောင်းမှထုတ်ပြီး ပိုက်ဆံရှာနိုင်သည့် အလုပ်လုပ်ရလေသည်။ သို့ နှင့် အဖွားနှင့် အမေက အိုးနင်း ခွက်နင်း အပိုးမကျိုးသည့် ကျမ ထံ သို့ ပို့ လိုက်သည်။ ကျမ မိဘ အရင်းများသည် သာမာန် ၀န်ထမ်းများဖြစ်ပြီး ချမ်းသာသူများ မဟုတ်ပါ။ ကျမ ကို မွေးစားထားသည့် အဖိုးနှင့် အဖွားကတော့ သူဌေးကြီးများ မဟုတ်သော်လည်း ငွေကြေး တတ်နိုင်သူများထဲတွင်ပါလေသည်။ အဖိုးနှင့် အဖွားသည် ကျမငယ်စဉ်က တော်တော်အလိုလိုက်ကြသည်။ ကျမ ကလည်း စာတတ်ချင်တဲ့  စိတ်၇ှိတာကလွဲလို့  ကျန်တာ သုံးစားလို့ မရပေ။ ကျမသည် အိမ်အလုပ်ခိုင်းမှာ ကြောက်သဖြင့် အားလျှင် ၇ အိမ်ကြား ၈ အိမ်ကြား စာအော်ကျက်လေ့ရှိသည်။ ကျမ ရည်ရွယ်ချက်မှာ အလုပ်လုပ်ရမှာလဲ သက်သာ၏။ သူများတွေလဲ အထင်ကြီး၏။ ထိုသို့  အကြံဆိုးဖြင့် စာကျက်လေရာ ဆယ်တန်းတွင် ဂုဏ်ထူး တစ်ဘာသာဘဲပါပြီး လိုင်းကောင်းမ၀င်ပါ။ ယောကျာ်းရပြီး ကလေး တစ်ယောက်ရသည့် အထိ အပိုးမကျိုးသည့် ကျမ အတွက် မသီတာသည် ကယ်တင်ရှင်ဖြစ်လေသည်။ သူမသည် ပညာလို ချင်စိတ်ရှိသလို ဘ၀ကို တိုးတက် ချင်စိတ်တော့ရှိသည်။ သန့် သန့် ပြန့် ပြန့် သပ်သပ်ရပ်ရပ် နေတတ်သည်။ မနက် အိမ်ယာထ ရေချိုး သနပ်ခါးလိမ်း ပြီး အိမ်အလုပ်များကို ဆက်တိုက်လုပ်လေသည်။ ကျမသည် ထုံးစံအတိုင်း ဆံပင် စုတ်ဖွားဖြင့် အိပ်ယာထကာ ပျာပျာယာ ယာ ရေချိုး ပြီး သူမ ထည့်ထားသည့် ထမင်းဘူးယူကာ ရုံးသို့ ပြေးလေသည်။ ကျမ သည်ငယ်စဉ်ကတည်းက သနပ်ခါး ပုံမှန်မလိမ်းပါ ။ မြန်မြန်ဆန်ဆန် လိမ်းလို့ ရသည့် lotion တခုခုကို သာ လိမ်းလေ့ရှိသည်။ ကံကောင်းထောက်မပြီး အသားဖြူသော်ကြောင့် ( အမေရော အဖေရော အသားဖြူသဖြင့် မဖြစ်မနေဖြူလိုက်ရ၏ ) လူနှင့် သူနှင့် တူရလေသည် :)။  အသားဖြူတာ ကယ်ပေလို့  ယောကျာ်း ရခြင်းဖြစ်သည်။ အသားဖြူသော်လည်း အလကားလူမှန်း ရပြီးမှ သိရသော ယောကျာ်းကို တော့ အားနာမိ ပါသည် :)။ အလှပြင်ဖို့ ရာ မွေးရာပါ မျက်ရစ် မပါလာသောကြောင့် eyeshadow ခြယ်လို့ မရတော့ပေ။ မျက်တောင်မွေးကလဲ နှစ်ဖက်ပေါင်း ဆယ်ချောင်းတောင်မပြည့်လေရာ mascara လုပ်လို့ မရပါ။ မျက်ရစ်မပါသောကြောင့် မျက်တောင် အတု တတ်လို့ မရပေ။ နှုတ်ခမ်းထော်သောကြောင့် နှုတ်ခမ်းနီ ဆိုးလေ့မ၇ှိပါ။  ပုံဖေါ်ပြီးဆိုးရအောင် စိတ်ကလဲမ၇ှည်ပါ။ အဓိက မှာ အပျင်းကြီးသော်ကြောင့်ဖြစ်လေသည်။ သို့ သော်ကျမ၏
မသီတာသည် ရေမိုးချိုး သနပ်ခါးလိမ်းပြီး အင်္ကျီ နှင့် ထမိန် လိုက်ဖက်သည့် အရောင်ရွေးကာ ၀တ်တတ်သည်။ ကျမလို တွေ့ ကရာ ကောက် မ၀တ်ပေ။ ကျမ ပြည့်ပြည့် နှင့် အပြိုင်ဖွထားသမျှ လိုက်သိမ်းရသည်။ ဟင်းတော်တော်များများကလဲ သူမစီစဉ်ပြီးချက်လေသည်။ ထို့ အပြင် သူမကို လစာ လတိုင်းမပေးနိုင်ပေ။ သူမကလည်း မတောင်းပါ။ နောက်ဆုံးမှ သူမကို ပေးစရာ လခများစုပြီး ပေးခဲ့ပါသည်။  ထိုစဉ်က ကျမ၏ ယောကျာ်းမှာ ကျောင်းတဖက်ဖြင့် ကျောင်းတက်လိုက် အလုပ်လုပ်လိုက် တော်တော် ပင်ပန်းရလေသည်။ကျမ သည် NGO မှလစာ သိပ်မများ သည့် ဒေါ်လာစား ဖြစ်သော်လည်း ပြည့်ပြည့်၏ ကျောင်းလခ ဈေးကြီးသဖြင့် သိပ်ပြီး အဆင်မပြေပါ။ ကျမ ပိုက်ဆံလို လျှင် သူမ  ကုတ်ချစ် စုထားသော ပိုက်ဆံများ ချေးပေးတတ်သည်။ ကျမ က လည်း ရှက်စရာ ဘာဘာညာညာရှည်ရှည် ဝေးဝေး တွေးမနေ ပေ။ ထိုကဲ့သို့  ကျမ အဖြစ်သည် ထူးဆန်း၏။ အိမ်မှု ကိစ္စများကို ကျမ က လည်း မခိုင်းတတ်သဖြင့် သူမ ဘာသာ စီစဉ်ပြီး လုပ်လေ့ရှိသည်။ သူမ ရှင်းလင်းထားလျှင် တခါတရံ ကျမ က ဖွချင်ဖွထားသေးသည်။ ထိုသို့  အစစအရာရာ အားကိုးရသော မသီတာဖြစ်သည်။ (သူမသည် ယခုအချိန်တွင် စက်ချုပ်သင်တန်းတက်ပြီး စက်ချုပ်ဆိုင်ဖွင့်ထားသည်) ။ တခါတလေ တခါက အိမ်ရှင်မများဖြစ်သော အဖွား၊ အမေ နှင့် ယောက္ခမ ကို သတိရမိသည်။ အိမ် အလုပ်လုပ်ရင်း သားသမီးများကို လူလားမြောက်အောင် ပြုစုပေးခဲ့ကြသည့် အိမ်ရှင်မ မိခင်များ တော်တော့် ကို တော်ကြပါလား တွေးမိပါသည်။ 
ယခု အချိန်တွင်ကား လောကဓံ တရား (၈) ပါး ပြေးမလွတ်သော သံသရာ ခရီးသွား ကျမသည်  အလိုလိုက်သည့် အဖွားလည်း လောကကြီးတွင် မရှိတော့ပေ။ မသီတာလည်း မြန်မာပြည်တွင်ကျန်ခဲ့လေပြီ။ အိမ်အလုပ်အပြင် အပြင် အလုပ်ထွက်လုပ်သောအခါ ကျမ ဘ၀ ပိုပြီး ဇာတ်နာ ရအုံးမည် :-) ။  သို့ သော် အသက်ရှင်နေသမျှ ရုန်းကန်နေရပေအုံးမည်
( သံဝေဂရသံ)   ။

Saturday 1 October 2011

သကြားမင်း၏ မြား သုံးစင်း

ငယ်စဉ် က အဖိုး ပြောပြဖူးသည့် ပုံပြင်ကလေးပါ။ သိပြီးသားဖြစ်ချင်ဖြစ်မှာပါ။ တခါက ချမ်းသာတဲ့ မိဘတွေလက်ဆက်ပေးထားတဲ့ လင်မယား ၂ ယောက်ရှိသတဲ့။ သူတို့ လက်ထက်တွင်လည်း တဖြည်းဖြည်း စီးပွားတက်လာပြီး သူဌေးကြီး လင်မယား ဖြစ်လာသည်။ မိန်းမ ဖြစ်သူက အလွန်ကဲပြီး စီးပွားရှာသည့်နေရာတွင်တော်လေသည်။ ယောကျာ်း ကတော့ အပျင်းကြီးပြီး ပေါ့ပေါ့တန်တန်နေတတ်သည်။ ချမ်းသာတာ သူ့ ကြောင့် ငါကြောင့် ဆိုပြီး မကြာခဏ စကားများ ရန်ဖြစ်ကြသတဲ့ နောက်ဆုံးမှာတော့ ဘယ်သူကြောင့် ကြီးပွား သလဲ သိသာစေရန် ပိုင်ဆိုင်မှု တွေကို တ၀က်စီခွဲပြီး သတ်သတ်ခွဲနေကြသည်။ ထိုအခါ မိန်းမ ဖြစ်သူက ကြိုးကြိုးစားစား စည်းကမ်းရှိရှိ စီးပွားရှာလေရာ တနေ့ တခြားခြား ပိုပြီးကြီးပွားလာသည်။ ယောကျာ်း ဖြစ်သူ ကတော့ ရှိသမျှ စည်းစိမ်းကို သောက်သောက်စားစား ပျော်ပျော်ပါးပါး နေသဖြင့် ဆင်းရဲသွားလေသည်။ နောက်ဆုံးမှာ တော့ ယောကျာ်း ဖြစ်သူသည် မြက်ရိတ်ပြီး ရောင်းရသည့် ဘ၀ရောက်သွား လေသည်။ ထိုအခါ မိန်းမ ဟောင်း သူဌေးမက သံယောဇဉ် လက်ကျန်ဖြင့် သနားလေသည်။ ယောကျာ်းဟောင်းကို ကူညီချင်သည်။ တိုက်ရိုက်ကူညီသော် အဆိပ်ပင်ရေလောင်းဖြစ်မည် စိုး သဖြင့် သွယ်ဝိုက်ပြီး အရင်းအနှီး ထုတ်ပေးရန် စဉ်းစားသည်။ ထို့ ကြောင့် သူဌေးမက ယောကျာ်းဟောင်း မြက်ရိတ်သွားရာ လမ်းတွင် ယုံကြည်ရသော အိမ်အစေခံတစ်ယောက်ကို တိတ်တဆိတ် ရွှေ ထုတ်သွားထားခိုင်းလေသည်။ နောက်ပြီး မြက်ရိတ်သမားရမရ ကိုလဲ သေချာစောင့်ကြည့်ခိုင်းလိုက်သည်။ ထိုနေ့ တွင် မြက်ရိတ်သမားသည် ခေါင်းမော့်ကာမော့်ကာ လမ်းလျောက်လေရာ  ရွှေ ထုတ် ကို မမြင်ပေ။ အစေခံကမြက်ရိတ်သမား မမြင်သဖြင့် ရွှေ ထုတ် ကိုယူပြီး သူဌေးမကို အကြောင်းစုံကို ပြန်ပြောပြလေသည်။ သူဌေးမက ဒုတိယ အကြိမ်ခိုင်းလေသည်။ ဒီတခါ သူမြက်ရိတ်သွားရာလမ်း မြင်သာလောက်သည့် သစ်ကိုင်းပေါ်တွင် ချိတ်ထားရန်ခိုင်းလိုက်သည်။ ပထမ နေ့ လိုဘဲ သေချာစောင့်ကြည့်ရန် မှာလိုက်သည်။  ထိုနေ့ တွင် မြက်ရိတ်သမားသည် ဘာကို စိတ်ပျက်နေသည် မသိ ခေါင်းငုံ ကာ လမ်းလျောက်လေရာ  ရွှေ ထုတ် ကို မမြင်ပေ။ အစေခံကမြက်ရိတ်သမား မမြင်သဖြင့် ရွှေ ထုတ် ကိုယူပြီး သူဌေးမကို အကြောင်းစုံကို ပြန်ပြောပြလေသည်။ သူဌေးမကတတိယ အကြိမ်ခိုင်းလေသည်။ ဒီတခါတော့ ထမင်းထုတ်ထဲတွင် အဖိုးတန် ကျောက်မျက်ရတနာထည့်ပြီး အစေခံမကို မြက်ရိတ်သမား လက်ထဲသေချာထည့်ရန်မှာလိုက်သည်။ ထမင်းစားချိန်ရောက်သောအခါ မြက်ရိတ်သမားသည် ထမင်းစားရန်မြစ်ဆိပ်သို့ သွားလေသည်။ မြစ်ဆိပ်တွင် သောက်ရေခပ်နေစဉ် ထမင်းထုတ်သည် မတော်တဆ လက်ထဲမှ လွတ်ကြသွားရာ အလွန်ကြီးသည် ငါးကြီးတစ်ကောင်က ဟပ်သွားလေသည်။ ဖြစ်ချင်တော့ ထိုငါးကြီးကို တံငါသည်တစ်ယောက်က ဖမ်းမိလေရာ ငါးမှာ အလွန်ကြီးသဖြင့် သာမာန်လူများ မ၀ယ်နိုင်သဖြင့် နောက်ဆုံး သူဌေးမအိမ်သို့ ရောက်လာလေသည်။ သူဌေးမ ၏ အစေခံမက ငါးဝမ်းပိုက်ကို ခွဲလိုက်ရာ မြက်ရိတ်သမားကို ပေးလိုက်သည့် အဖိုးတန် ကျောက်မျက်ရတနာထည့်ထားသည့် ထမင်းထုတ်ကိုတွေ့ သဖြင့်  သူဌေးမကို အကြောင်းစုံကို ပြန်ပြောပြလေသည်။ထိုအခါ သူဌေးမက နောက်တကြိမ်ထပ်ခိုင်းလေသည်။ ကျောက်မျက်ရတနာထည့်ထားသည့် ထမင်းထုတ်ကို မြက်ရိတ်သမား လက်ထဲသေချာထည့်ရန် ထမင်းစားလျှင် မြစ်ကမ်း ခပ်ဝေးဝေးမှာ စားရန် ရေသွားခပ်လျှင် ထမင်းထုတ်ကိုယူမသွားဖို့  ပြောရန်မှာလိုက်သည်။  ထမင်းစားပြီးသည့်အထိ တိတ်တဆိတ်စောင့်ကြည့်ရန်လဲ မှာလိုက်သည်။ အစေခံကလဲ ထမင်းထုတ်ပေးပြီး တိတ်တဆိတ်စောင့်ကြည့်နေသည်။ ထို့ နောက် မြက်ရိတ်သမားသည် ထမင်းစားရန်မြစ်ဆိပ်သို့ သွားလေသည်။ ထမင်းထုတ်ကို ခပ်လှမ်းလှမ်းတွင် ထားပြီး  မြစ်ဆိပ်တွင် သောက်ရေခပ်နေစဉ် ထမင်းထုတ်ကိုခွေးတစ်ကောင်က ဆွဲသွားလေသည်။ ထိုခွေးမှာ သူဌေးမ အိမ်ကခွေးဖြစ်လေရာ သူဌေးမ အိမ်သို့  ထမင်းထုတ်ကိုက်ပြီး ရောက်လာလေသည်။ ထိုအခါ သူဌေးမသည် အလွန် စိတ်ပျက်သွား ပြီး ဒီလောက် အသုံးမကျတဲ့သူ ငါမပြောနဲ့  သကြားမင်းဆင်းပြီးကယ်တာတောင် မကြီးပွားဘူးဟု " ငါထားလို့  သကြားမတောင်မရဘူး " ဟုညည်းညူးလေတော့သည်။ ထိုစကားကို တာဝတိံသာက သကြားမင်း ကြားလေရာ သကြားမင်းက " ဒီမိန်းမ ငါလို သကြားမင်းကို စိန်ခေါ်တယ် " ဆိုပြီး မခံချင်စိတ်ဖြစ်သဖြင့် "စောင့် ကြည့်နေ ငါဆင်းပြီးကယ်မည် " ဟု ကြုံးဝါးကာ သကြားမင်းသည် လူယောင်ဆောင်ပြီး လြူ့ပည်သို့ ဆင်းလာသည်။ ထို့ နောက် မြက်ရိတ်သမား ထံသို့ သွားကာ လေးနှင့် မြားသုံးစင်းပေးလိုက်ပြီး အမောင်လုလင် ငါပေးသည့် မြားသုံးစင်းကို ပစ်လွတ်ပြီး လိုရဆုတောင်းလော့ သင် လိုချင်တာ အကုန်ရလိမ့်မယ်ဟုဆိုပြီး မြက်ရိတ်သမားကို ပေးလိုက်သည်။ မြက်ရိတ်သမားသည် လေးနှင့်မြားကို အပြန်ပြန်အလှန်လှန်ကြည့်ပြီး ပထမ ဆုံးမြား တစင်းကို သွား ဟဲ့  ငါ (   )  ဆိုပြီး ( သူသည် ပေါ့ပေါ့တန်တန် ယုတ်ညံသော စကားပြောလေ့ရှိရာ အကျင့်ပါနေသဖြင့် ) မြားကို ပစ်လွတ်လိုက်သည်။ ထိုအခါ သူ၏ မွေးရာပါ ပစ္စည်း မှာ မရှိတော့ပေ။ ထို အခါ စိတ်ပူသွားပြီး ဒုတိယ မြားကို လာဟဲ့ ( ) ဆိုပြီး ပစ်လိုက်သည်။ ထိုအခါ တစ်ကိုယ်လုံး ထို ပစ္စည်း များဖြင့် ပြည့်သွားသည်။ မြက်ရိတ်သမားသည် ဒီလောက်များလို့  မဖြစ်သေးဘူးဆိုပြီး ငါ့  ( ) တခုကလွဲပြီး ကျန်တာ အကုန်သွား ဟုဆိုပြီး နောက်ဆုံးမြားကို ပစ်လိုက်ရလေတော့သည်။ နောက်ဆုံးတော့ မြား ၃ စင်းသာကုန်ပြီး မြက်ရိတ်သမား ကတော့ တုံရင်းပင်။ ထိုအခြင်းအရာကို သကြားမင်းမြင်လေရာ ကိုယ်နဖူးကိုယ်ရိုက်ပြီး နတ်ပြည်ပြန်သွားလေတော့သည်။

Friday 23 September 2011

သန်းကြွယ် သူဌေးဖြစ် ခဲ့လျင်

ဧရာဝတီ ကိုချစ်ပါသည်။ ဘာလုပ်ပေးရမှန်းမသိသေးပါ။ အခုနေများ သန်းကြွယ် သူဌေးဖြစ် ခဲ့လျင် တော့ ဆည်ဆောက်နေသော company ကို ကုန်ကျ စရိတ် ပြန်ပေးပြီး ရပ်ပေးစေချင်ပါသည်။ လူဦးရေ သန်း၆၀ တွင် ၆ ယောက် ၁ ဒေါ်လာ စု လိုက်ရင်တော့ ၁၀ သန်း လောက်ရရင် လောက်မလား မသိပါ။ ( မှတ်ချက်၊ သန်း ၃၀၀၀ တန်ဆည်လို့တော့ ဖတ်ရပါသည်။ )  ကျမတွင် လောလောဆယ် ဒေါ်လာ ၁၀၀ ရှိပါသည်။
Save The Irrawaddy

Tuesday 13 September 2011

ကျမနှင့် မြို့ပြ

ကျမ အသက် ၁၄ နှစ် အရွယ်မှ ရန်ကုန်ကို စပြီးရောက်ဖူးပါသည်။ အဖေဖက်က အဖွား အိမ်တွင် ၉ တန်း ကျောင်းလာတက်တာပါ။ တောသူမ မြို့ ရောက်သဖြင့် မသိတာတွေတော်တော်များသည်။
အဖိုးက ~ ဘယ်သွားသွား သတိရှိရန် မျက်စီဖွင့် နားဖွင့် နေရန် အမျိုးများ အသိမိတ်ဆွေများ အိမ် လိပ်စာ ဖုန်းနံပါတ် အလွတ်ကျက်ထားရန် ဘုရား တရား မမေ့ရန် အူကြောင်ကြောင် မလုပ်ရန်
အဖွား က ~ စိတ်ပုတီးထည့်ပေးလိုက်သည် ညတိုင်း ဂုဏ်တော် ၉ ပါး စိတ်ရန် သမ္ဗုဒေ ကို မနက်မိုးလင်း ကတည်းက ရွတ်ရန် ဘယ်သွားသွား ဘုရားစာရွတ်ရန်
အဒေါ် တစ်ယောက် က ~ သံပုရာသီး ၁၀ လုံးခန့် ထည့်ပေးလိုက်သည် ဘယ်သွားသွား သံပုရာသီး မမေ့ရန် အိတ်ထဲ အမြဲဆောင်ထားရန် ( တို့ ဆေး မိမှာစိုးသောကြောင့်ပါတဲ့)
တောင်ကြီးမှာ နေတဲ့ အဒေါ် တစ်ယောက်က ~ လမ်းဖြတ်ကူးလျှင် မြင်းကျားမှဖြတ်ရန် သူများတွေဖြတ်မှ ဖြတ်ရန် အရှေ့ဆုံးတွင်လဲ မနေပါနဲ့  အနောက်တွင်လဲ မကျန်ခဲ့ပါနဲ့ တဲ့ အလည်မှာနေပြီး သူများပြေးလျှင်လိုက်ပြေးပါတဲ့ ( သူရန်ကုန်သွားတုန်းက မြင်းကျားမှာ မဖြတ်လို့ ဒဏ်ရိုက်ခံရဖူးသည်တဲ့)
ရန်ကုန်မှာ သင်တန်းသွား တက်ဖူးသည့် အဒေါ် ၀မ်းကွဲတစ်ယောက်က ~ ဘတ်စကား စီးလျှင် အကျီ င်္တွင် တွယ်ချိပ်များများ တွယ်ထားပါတဲ့ (ဘာလို့ လဲဆိုတော့ တွယ်သာတွယ်ထားပါတဲ့) စသဖြင့် ဇာတ်လမ်းတွေထဲက လို တစ်ယောက်တစ်မျိုး မှာကြသည်။
သည်လိုနဲ့  အမေနဲ့  အဝေးပြေးကားစီးပြီး ရန်ကုန်ရောက်လာသည်။ ရန်ကုန် ရောက်တော့ (အဖေ၏ညီမ) အဒေါ်က နေရာ အစုံလိုက်ပို့ ပေးသည်။
တနေ့ တော့ ကျမကို အဒေါ်က ရုပ်ရှင်လိုက်ပြပါသည်။ သိမ်ကြီးဈေးနားလေးကပါ မင်္ဂလာ ရုံလားတော့ မမှတ်မိတော့ပါ။ ဇာတ်လမ်းလဲ မမှတ်မိတော့ပေ မို့ မို့ မြင့်အောင်တော့ ပါသည်။ ရုပ်ရှင်ပြီးတော့ လူများသဖြင့် တိုးထွက်နေစဉ် အပေါက်တံခါး မရောက်ခင် အဒေါ်က ပျောက်သွားသည်။  အဒေါ်ကတော့ လူချင်းကွဲသွားလျှင် ဘယ်မှမသွားရန် သယ်သူခေါ်ခေါ် မလိုက်ရန် ရုံအပြင်ဖက်အပေါက်တွင်စောင့်နေရန်မှာထားသော်လည်း တခါမှ မရောက်ဖူးသေးသည့်နေရာ ဆိုတော့ တောင်တွေးမြောက်တွေးနဲ့  တော်တော်ကြောက်သွားသည်။ လူတွေကလဲ တော်တော်များ၏ ရွာကဘုရားပွဲထက်တောင်များသေးသည်။ ထို့ ကြောင့် အိတ်ထဲက သံပုရာသီးကို လက်ထဲတွင် ဆုတ်လိုက်ပြီး မှတ်မိသမျှ ဘုရားစာရွတ်ကာ အပြင်သို့  တောင်ကြည့်မြောက်ကြည့် အဒေါ်ကိုရှာရင်း အပေါက်ဝမှ ထွက်လာသည်။ ဒီလို မျက်စိသူငယ်နားသူငယ်ဖြင့် (မျက်စိက ငယ်တဲ့အပြင် မှုန်တောင်မှုန်နေသေးတော့ ၅ တန်း လောက်ကတည်းက မျက်မှန်ဖြုတ်လိုက် တပ်လိုက် )  တောင်ကြည့်မြောက်ကြည့် ကြည့်နေတုန်း လှေကားထိပ်တွင် တစ်ယောက်ယောက်က ကြည့်နေသည်ကို သတိထားမိသွားသည်။ သူ့ ကိုသေချာကြည့်တော့ သူ့ လဲပြန်ကြည့်နေသည်။ အရှေ့ နည်းနည်းတိုး ကြည့်တော့ မိန်းခလေးတစ်ယောက်ဖြစ်နေသည်။ ထိုကြောင့် ၀မ်းသာသွားပြီး ပြုံးပြလိုက်ရာ သူမကလဲပြန်ပြုံးပြသည်။ ထပ်ပြီး ရှေ့ တိုးကြည့်တော့ သူမကို မြင်ဖူးသလိုလိုပင် အမျိုးတစ်ယောက်ယောက်များလား စဉ်းစားမိသည်။ သူမကလဲ လူတွေ အများကြီးထဲမှ ဆက်မသွားဘဲ ကျမကိုရပ်စောင့်နေပုံ ရသည်။ ရေနစ်နေသူ ကောက်ရိုးတပင်တွေ့ ရသလို့  အလွန်အားတက်သွားသည်။ ထို့ ကြောင့် ၀မ်းသာအားရ သူမဆီပြေးလာခဲ့သည်။ သူမနဲ့  ကျမ မျက်နှာချင်းဆိုင်းတွေ့  တော့ ကျမ အလွန်အံသြသွားရသည်။ ဘယ်လိုဖြစ်လို့  ငါနဲ့ တော်တော်တူနေပါလိမ့်  ဆိုပြီး အဖြေရှာကြည့်တော့ လှေကားအဆင်း နံရံ တလျောက်တွင် တပ်ထားသောမှန်ထဲမှ ကျမ၏ ပုံရိပ်ဖြစ်နေလေသည်။ သေသေချာချာ လေ့လာကြည့်တော့မှ လူတွေက ထင်သလောက်မများပါ မှန်ထဲတွင် ပေါ်နေသောကြောင့် လူတွေ ၂ ဆဖြစ်ကာ အလွန်များနေသယောင်ထင်နေရသည်။ ကိုယ့်အဖြစ်ကို တွေးမိပြီး ရှက်သလိုလို ၀မ်းနည်းသလိုလို ရီချင် သလိုလို ဖြစ်ကာ ငါ့လမ်းငါ့ လျှောက်မှ ဆိုပြီး သံပုရာသီးကို ကျစ်ကျစ်ဆုတ်ကာ အပြင်ဖက်သို့ ထွက်လာ၏၊ အပြင်ရောက်တော့ တောင်ကြည့်မြောက်ကြည့်ဖြင့် စိတ်ပူပြီးကျမကိုရှာနေသော အဒေါ် ကိုတွေ့ လိုက်ရသည်။



Monday 8 August 2011

ကြွေးသစ် နှင့် ကြွေးဟောင်း


ကျမ ကိုယ့်ကိုယ်ကို စိတ်ချမ်းသာစေချင်ပါသည်။ သို့ သော်လည်း သောကဖြစ်စရာတွေ ကား ကြုံရဆုံရ၏။ 
သံရုံးမှာ အခွန်ဆောင်ရခြင်း က ဘယ်သူအတွက်မှ ဒုက္ခ မသေးပါ။ ဘာဘဲပြောပြော မနက် အစောကြီး ၆ နာရီ လောက်ကတည်းက အလုပ်သွားရ အလုပ်ပြန်ချိန်က ညနေ မဟုတ်တော့ ည ၈ နာရီ ၉ နာရီ လောက်မှ အိမ်ပြန် ရောက် ဒီလို ရှာရတဲ့ ပိုက်ဆံဆိုတော့ ဘယ်သူ မဆို နှမျော မိမှာဘဲ။ ပစ်စပို့  သက်တမ်းကလည်း ၃ နှစ် ဆို မြန်သလိုပါဘဲ။ မတိုးလို့ မှ မဖြစ်တော့ မပေးချင်လို့ ဘယ် ရမလဲ။  တွေးကြည့်ရင် စိတ်မသက်သာစရာပါဘဲ မပေးချင်ဘဲ ပေးရ မကုန်ချင်ဘဲကုန်ရတဲ့ ငွေအတွက် လူတိုင်းသောကရောက်မိမှာပါဘဲ။ မဖြစ်မနေလုပ်ရမည့် အလုပ်တခုအတွက် သောက အစား စိတ်ဖြေရာ စဉ်းစားမိပါသည်။  သံသရာမှာ ကျမ တို့  သူတပါး မပေးချင် တဲ့ အရာတွေ ယူခဲ့မိမှာပါဘဲ။ ၀ဋ်ကြွေးလို သဘောထားပြီး အကြွေးတွေ ဆပ်နေရတာလို့ တွေး ကြည့်လိုက်သည်။ အကြွေးဆိုတော့  မြန်မြန်ဆပ် တော့ မြန်မြန်ကျေတာပေါ့ ဆိုတော့ စိတ်သက်သာသွားသလို ပါဘဲ ။ မြတ်ဗုဒ္ဓ ၏ ကျေးဇူးတရားတွေပါ။  အကျိုးတရားတိုင်းအတွက် အကြောင်းတရားတွေ ရှိနေလို့   စိတ်ဖြေရာရှိနေတာပါ။  
လွန်ခဲ့သည့် ၁၅ နှစ်လောက်က အကြောင်းပြန်တွေးမိပါသည်။ ကျမ အမေက အစိုးရ၀န်ထမ်း အဲဒီအချိန်က ရုံးအုပ်လစာက ၁၀၀၀ ကျော်ကျော် လောက်ဘဲရသည်။ အမေတို့ တော်တော့် ကိုအဆင်မပြေပေ။ ၀န်ထမ်းကောင်းဆိုတော့ ပိုပြီး အဆင်မပြေပါ။ ကျမ က အဖိုးအဖွားနဲ့  အတူနေတော့ သိပ်ပြီးမခံစားရပါ။ အဲဒီတုန်းက ၀န်ထမ်း ဘယ်သူမှ မလုပ်ချင်ပါ။ အမေက ဇွဲကောင်းတယ်ခေါ်ရမလား လောကဓံ ကိုခံနိုင်တယ် ခေါ်ရမလား ၀န်ထမ်း အလုပ်ဘဲ စွဲစွဲမြဲမြဲ လုပ်လာခဲ့သည်။ အခုအချိန် ၀န်ထမ်းလစာတွေတိုးတော့ အမေ အရင်ကထက် အဆင်ပြေပါသည်။ သူဌေးတော့ မဖြစ်ပါ။
ကျမ လည်း မျော်လင့်ထားပါသည်။ ကျမ တို့ နိုင်ငံ နောင် လာမဲ့ နှစ်တွေမှာ ဒီထက်ပို အဆင်ပြေပြီး စနစ်တွေပြောင်း သွားပါစေ။ အခွန် ၂ ထပ် ဆောင်ရတာတွေ မရှိတော့ဘဲ ပတ်စပို့  သက်တမ်း ၁၀ နှစ်ဖြစ်သွားပါစေ မျှော်လင့်ရင်း ဆုတောင်းမိပါသည်။ ကျမတို့  ၀ဋ်ကြွေးတွေ ကျေတဲ့ တနေ့  ဖြစ်လာကောင်းပါရဲ့  ကြွေးသစ်တွေ မယူရတဲ့ ဘ၀ဆိုရင်တော့ တနေ့ နေ့ တော့ ရောက်လာအုံးမှာပါ။   

Monday 1 August 2011

ကျမ နှင့် ပိုးဟပ်

စင်္ကာပူတွင် ပိုးဟပ်ပေါသည်။ ရောက်စက မသိသာ ပေ ။ သို့ သော် အိမ်တွင် တဖြည်းဖြည်း များလာ သောကြောင့် ဘယ်လိုလုပ်ရမလဲ စဉ်းစားရသည်။ ဈေးဆိုင်တွေမှာ လျှောက်ကြည့်တော့ cockroaches killer ဆိုတာ ကိုလည်း မသုံးချင်ပါ killer ဆိုတာပါနေသောကြောင့်ပါ။ ဆက်ရှာကြည့်တော့ cockroaches trap ဆိုတာကိုတွေ့ သည် killer ဆိုတာ မပါပေ။ ထို့ ကြောင့် ဘာဘဲဖြစ်ဖြစ် ၀ိနည်းလွတ်တာဘဲ ဆိုပြီး ၀ယ်လာသည်။ အိမ်ရောက်လို့ ဖွင့် ကြည့်တော့ ကတ်ထူ ဗူးသေးသေး ပြားပြားလေး အောက်ခြေမှ ခွာပါ ဆိုတာလေး ခွာလိုက်တော့ ကော်ဖြစ်နေသည်။ ပိုးဟပ်ကို ကော်နဲ့ ကပ်ပြီးဖမ်းတဲ့ သဘောပါ။ သို့ နဲ့  တရားခံ ရှာအုံးမှ ဆိုပြီး ကျမ ယောကျာ်းကို သွားမေးကြည့်သည် ဒီဟာ နဲ့  ပိုးဟပ်ကိုဖမ်းရင် မသေလောက်ဘူးနဲ့ တူတယ် ( မေးကတည်းက သိရက်နဲ့ လိုရာဆွဲ မေးလိုက်သည်) သူ ကလဲ တိတိကျကျ ပြန်ဖြေသည်။ မသေစေချင်လျှင် တော့ ဗူးထဲက ကော်နဲ့ ကပ်မိနေတဲ့  ပိုးဟပ် တွေကို နေ့ တိုင်း အစာနည်းနည်းကျွှေးပေး ရေနည်းနည်းတိုက်ပေးပေါ့တဲ့  အဖြေက (ရွဲ့ ပြီး) တော်တော်ရှင်းသည်။ နေရင်းထိုင်ရင်း ပိုးဟပ် ကို အိမ်မွေးတိရ စ္ဆာန် ထဲ ထည့်ရမလိုဖြစ်နေပြီ ။  ဒါနဲ့  ဒီနည်းလဲ အဆင်မပြေသေးပါဘူး ဆိုပြီး နှမျောစွာ cockroaches trap ကို ပစ်ထုတ်လိုက်ရသည်။ ကျမလည်း အလုပ်မရှိအကိုင်မရှိအားနေသူဆိုတော့ ပိုးဟပ်ကို ဘက်လိုရှင်းရပါ့ (ငါးပါးသီလကလဲ လွတ်ချင်သေးသည်) ဆက်ပြီး စဉ်းစားသည်။ သို့ နှင့် ပရုတ်လုံးတွေကို ကြောင်အိမ်ထဲ ထည့်ထားကြည့်လိုက်သည်။ တပတ်လောက်စောင့်ကြည့်တော့လည်း ပိုးဟပ်တွေက အေးအေးဆေးဆေး အစားမပျက် အသောက် မပျက်ပေ။ ပိုးဟပ်တွေ ကျမ ကြောင်အိမ်ကို ရေကြည်ရာမြက်နုရာ လို့ အထင်ရောက်သွားပုံရသည်။ တဖြည်းဖြည်း နယ်ချဲ့ လာတော့သည်။ ကြာတော့ ကျမ လည်းသူတော်ကောင်း ဟန် ကြာကြာ မဆောင်နိုင်တော့ပေ။   ပိုးဟပ်တွေ ပမာမခန့်  လုပ်နေသည်ကို နည်းနည်းတော့ စိတ်တိုလာသည်။ ဒင်းတို့ ကို မသတ်ရက်သည်မှာ ချစ်လွန်းလို့ တော့ မဟုတ်ပေ။ ကျမ ကိုယ့်ကို ကိုယ် ချစ်သဖြင့် ၀ဋ်လည်မှာ ကြောက်သောကြောင့်သာ သည်းခံနေရသည်။  ( ၀ဋ်လည် မှာ ကြောက်ရခြင်း အကြောင်း နောက်မှ ရေးတော့မည် )။
ဒီနေ့ မှာတော့ ငါ ၀ဋ် လည်တာ ခံမလား ပိုးဟပ်တွေများများလာ တာ ကြည့်နေနိုင် မလားဆိုတာ ပြတ်ပြတ်သားသား ဆုံးဖြတ် ပြီး တခုတခုတော့ လုပ်မှ ဆိုပြီး  fairprice shop မှာ တော်ရှာမြောက်ရှာ ရှာရင်း NaturGard - Automatic Insect Control System ဆိုတာတွေ့ သည်။ ပိုးဟပ်တွေ သေမှာလား ပြေးရမှာလားမသိပေ။ ကျမ တမင်တကာသေချာ မဖတ်တော့ပါ။ killer လို့ မပါတော့ ဘာဘဲပြောပြော တာဝန်ကင်း တယ်ယူဆပြီးစိတ်ချမ်းသာသလိုရှိပါသည်။ ပိုစိတ်ချမ်းသာစေတာက discount ချထားခြင်းဖြစ်သည်။ :-)

Sunday 17 July 2011

မှန်းချက်နှင့် နှမ်းထွက် မကိုက်

ဒီနေ့  တနင်္ဂနွေ နေ့ ဆိုတော့ အေးအေးဆေးဆေး ရှိသည့် သကာလ ပိုက်ဆံ အပို ရလိုရငြား အိမ်မှာ စုဆောင်းထားသော ပုလင်းခွံ များနှင့် သတင်းစာ အဟောင်းသွားရောင်းပါသည်။ ကျမ တယောက်ထဲ မသယ်နိုင်တာ နဲ့  ကျမ ယောကျာ်း အကူအညီတောင်းပြီး သွားကြရာ အင်္ဂါသား ကျမ ယောကျာ်းသည် မကြည်မလင်ဖြင့် အထုတ်ထမ်းလိုက်လာရရှာသည်။ သူကလည်း အင်္ဂါသား ပီပီ ခြင်္သေ့စိတ် အပြည့် ရှိသတဲ့  ယောက္ခမ က ပြောပြဖူးသည် ကေသရာဇာ မှန်လျှင် ငတ်သေပစေ မြက်မစားဘူး ဆိုတာလေ ။ သည်မိန်းမ နှင့် ပေါင်းမှ ဒီဘ၀ ရောက်သွားသဖြင့် နောင်တရနေပုံရ၏ သို့ သော် အချိန်တွေနှောင်းခဲ့လေပြီ ဒါကြောင့် ရှေးလူကြီး တွေပြောတာ အိမ်ထောင်ပြု၊ ဘုရားတည် ၊ ဆေးမှည်ရေးထိုး ဆိုတာ လုပ်ပြီးပြင်ရခက်တယ်ဆိုတာ။  သူ့ ကို အားမနာတောင် သူ့  မာစတာဘွဲ့  လေးတော့ အားနာသင့်မှန်း ကျမလဲ တွေးမိပါသည်။ သို့ သော်ကျမ သည် ငယ်စဉ်ကတည်း ဆုံးဖြတ်ပြီးသား ကိစ္စကို ပြင်ရိုးထုံးစံမရှိပေ။ လုပ်မယ်ဆိုသည် အရာအား မဖြစ်မနေလုပ်တတ်၏ (  ဒီလို စိတ်ဓါတ်မျိုး နှင့် ကျောင်းစာတွေဘာ တွေမှာများ အားသွန် ခွန်စိုက် လုပ်ခဲ့ပါက ကျမ ဒီအချိန် ဒီလို မနေပါ ဘယ်လိုနေမလဲတော့ မသိပါ :) ) ထိုကြောင့် ၂ လမ်းကျော်က တရုတ်အဖိုးကြီး ထီးတချောင်း စားပွဲခုံ တခုံ ပေါင်ချိန်စက် တလုံးဖြင့်ဖွင့်ထားသော ကာလာမူနီ ဆိုင်သို့  မရောက်ရောက်အောင်လာခဲ့သည်။ ဈေးနှုန်းတွေက သတင်းစာက 0.12 per kg ဗူးခွံ ပုလင်းခွံ တွေက 0.05 per kg တဲ့ ဘယ်လိုဘဲဖြစ်ဖြစ် ပိုက်ဆံတော့ရမှာအမှန်ပင်။ အဖိုးကြီးက ပစ္စည်း တွေ ချိန် လိုက်သည်ပြီးတော့ စားပွဲသေးသေးလေပေါ်က စာအုပ်ထဲ ဟုတ်မှတ်ဒီမှတ် မှတ်လိုက်ပြီး အကြွေစေ့တွေ ထည့်ထားသည့် ပုံးထဲက ၁ ကျပ်စေ့ တစေ့ နှင့် ပြား ၂၀ တန် ၂ စေ့ပေးလာသည်။ ကျမလည်း ၂ ကျပ်တန်တွေ များပေးအုံးမလား မျော်လင့်နေသေးသည်။ သို့ နှင့် ကျမ မနေနိုင်ဘဲ That's all? လို့  မေးလိုက်တော့ သူ ကလည်း  yes  တဲ့ ကျမ မျော်လင့်ထားတာ ဒီလောက်တော့ မနည်းပါ သို့ သော်  ဒါလဲပိုက်ဆံပါဘဲလို့ ဖြေသိမ့်တွေးလိုက်သည်။ အပြန်လမ်းတွင် ကျမက အရင်ပြန်နှင့်ပြီး အင်္ဂါသား ကျမ ယောကျာ်းသည်ပင်ပန်းသွားသဖြင့် လက်ဖက်ရည်သောက် ဆေးလိပ်ဖွာပြီး သတင်းစာဝယ်ဖတ်လေသည်။  ပြန်တွက်ကြည့်လိုက်တော့ လက်ဖက်ရည် ပြား ၉၀ ဆေးလိပ် ပြား ၅၀ သတင်းစာက ပြား ၉၀ ဖြစ်လေရာ ရောင်းရငွေက ၁ကျပ် ပြား ၄၀ ကုန်တာက ၂ ကျပ်ပြား ၃၀ ကျသဖြင့်  ကျမ အမြတ်မကျန်ဘဲ အရင်းထဲကပါသွားလေတော့သည်။

Tuesday 12 July 2011

missing

မနေ့ တုန်းက ဇူလိုင် ၁၁ ရက် နေ့  အဖွားဆုံးတာက မေ ၁၁ ရက်နေ့ ဖြစ်သည်။  အဖွားကို သတိရပြီး စိတ်မကောင်းဖြစ်တာနဲ့  သတိတရ Gtalk comment မှာ ဒီနေ့  အဖွားဆုံးတာ ၃ လပြည့်တဲ့ နေ့ လို့  တင်လိုက်သည်။
တနေကုန် တင်ထားတာ ညနေ ရောက်တော့ မှ သေချာပြန်တွက်ကြည့်လိုက်တော့ အဖွားဆုံးတာ ၃ လ ဘယ်ဟုတ်မလဲ ၂ လဘဲရှိသေးသည်။ ကျမ သည် ထိုကဲ့ သို့  ၀မ်းနည်းတာတောင် တလွဲတချော် ၀မ်းနည်းသည်။ အဖိုးကိုလဲ သတိရမိသည်။ မွေးရပ်မြေကိုလဲ သတိရမိပါသည်။ အဖိုး ကျမငယ်ငယ်တုန်းက ခဏခဏ ရွတ်ပြသည့် ကဗျာ တော်တော်များများ ၇ှိဖူးသည်။ အဖိုးကတော့ အလွတ်ဆိုပြနိုင်သည်။ ကျမ ကတော့ တပုဒ်မှ အလွတ်မရပါ။ ထို့ ကြောင့် google မှာရှာရသေးသည်။


လက်ဝဲသုန္ဒရ အမတ်ကြီး ၏  "' မဲဇာတောင်ခြေ '" ရတု ကဗျာ မှ

ရွှစေတီကြီး၊ အသီးသီးတည့် ပိတ်ဆီးခြယ်သန်း၊ လျှပ်
ရောင်တန်းမျှ၊ ရွှေနန်းရွှေဘုံ၊ အလုံးစုံကို၊ အာရုံမျက်မြင်၊ ဖူးမြော်ချင်၍၊
သည်တွင်ရွှေမြို့ ၊ သည်သို့စေတီ၊ သည်ဆီရွှေနန်း၊ ဖြောင့်တန်းတော့
မည်၊ စိတ်ကရည်သည်။ ။ ရွှေပြည်ဌာန ဝေးသောကြောင့်..။ ။






Saturday 9 July 2011

ယောင်နေကျထဲ က တခု

ကျမ ကျွန်းနိုင်ငံကို ရောက်စက ကျမ နှင့် ပြည့်ပြည့် တောင်သွား မြောက်သွား လမ်းသလားကြသည်။ ထိုစဉ်က ရောက်စဆိုတော့ ပိုက်ဆံကုန်တာတွေ ဘာတွေ မစဉ်းစားမိသေးပါ။ နောက်ပြီး ကျမ က တခါတလေ ဈေးသွားဝယ်ရင်  ၃၀ ၄၀ စသဖြင့်ဈေးကပ် ထားလျှင် အူကြောင်ကြောင် ဖြင့် ဈေးပေါတယ်ဆိုပြီး ယောင်ပြီးဝယ်လာတာ ခဏခဏ ပင် အိမ်ရောက် လို့  သေချာ ထွက်ချက် စဉ်းစားကြည့်လိုက်တော့မှ မျက်လုံးပြူးရသည်။ ရုတ်တရက်ဆိုတော့ မြန်မာပြည်မှာ မြင်နေကျ ဈေးနှုန်းတွေက အနည်းဆုံး ၅၀၀ ၁၀၀၀ ဆိုတော့ ယောင်သွားခြင်းဖြစ်သည်။ ဒီလို နှင့် တရက်  ကျမ နှင့် ပြည့်ပြည့် ပန်းခြံ တခု သွားကြသည်။ ရောက်စဆိုတော့ ဘယ်သွားသွား မလည်မ၀ယ်နှင့် အူကြောင်ကြောင်ဖြစ်နေသည်။  လက်မှတ်ဝယ်ပြီး အပေါက်လိုက်ရှာနေစဉ် ၀န်ထမ်း ကောင်မလေးတစ်ယောက်ကို သတိထားမိသွားသည်။ မြန်မာ မလေးနှင့် တူသဖြင့် ၀မ်းသာသွားပြီး သူ့ ကို သွားမေးအုံးမှ ဆိုပြီး ကောင်မလေး အနီးသွားလိုက်ပြီး ညီမလေး က မြန်မာ လား လို့  ၀မ်းသာအားရ မေးလိုက်သည်။ သူမ ကလည်း တခြား ကာစတမ်မာ တွေ နဲ့  အလုပ်ရှုပ်နေသည့်ကြားက မဟုတ်ဘူးတဲ့ ဒါနဲ့  ကျမ လည်း ၀မ်းနည်းသွားသည်။ ကိုယ်ကို ကိုယ်လဲ ဖြေသိမ့်တွေးလိုက် သည် ငါက လည်းတွေ့ တဲ့သူတိုင်း မြန်မာထင်နေတော့တာဘဲ ဒီမှာက ဖိလစ်ပိုင် တို့  မလေးတို့  ကလည်း မြန်မာနှင့် ရုပ်ခြင်းဆင်တာဘဲ ကိုယ်အားကိုယ်ကိုးပြီးရှာမှ ဆိုပြီးပြန်ထွက်လာခဲ့သည်။ ဒါနဲ့  ခြေလှမ်း ဆယ်လမ်း ဆယ့်ငါးလမ်း လောက်ရောက်တော့မှ သေချာပြန်စဉ်းစားမိသည်။ အင်း နေပါအုံး ခုဏက ငါက သူ့ ကို မေးတုန်းက မြန်မာလို ညီမလေး က မြန်မာ လား လို့ မေးတာ သူက လဲ မြန်မာလိုဘဲ မဟုတ်ဘူးလို့  ပြန်ပြောလိုက်တာလေ ဒီလိုဆိုတော့ ဒီကောင်မလေးမြန်မာ ဘဲပေါ့ ဆိုပြီး ၀မ်းသာအားရ  ပြန်လှည့်မည် ပြင်လိုက်သေးသည် ပြီးတော့မှ နောက်တခါပြန်စဉ်းစားမိသွားသည်။ သူမ အလုပ်ရှုပ်နေတော့ ငါ့ကို ဘယ်လို လုပ် ကောင်းကောင်း ကူညီနိုင်ပ မလဲ အရေးတကြီး မှ မဟုတ်တာ လေ ဆိုပြီးကိုယ့်လမ်းကို ဆက်လျှောက်လာခဲ့သည်။ သွားနေရင်း ငါတော်တော် ယောင်တောင်တောင် ကြောင်တောင်တောင် နိုင်ပါလား ဆိုပြီး တွေးမိသေးသည်။ ကိုယ်ပေါင်ကိုယ် သာသာထောင်းပြောရရင်တော့ ကျမက မွေးကတည်း မသိမသာ နည်းနည်းလေ ကြောင်တတ်ယောင်တတ်သည်။

Friday 8 July 2011

ပြည့်ပြည့် ၏ လက်စွမ်း

ကျမ မြန်မာပြည်မှာတုန်းက အလုပ်သွားလိုက် သင်တန်းတက်လိုက်နှင့် တနေ့ တနေ့ ၇ှုပ်ယှက် ခတ်နေရသည်။ အခုတော့ အလုပ်မရှိအကိုင်မရှိ ဘ၀ တော်တော် ပျင်း ရသည်။ သို့ သော် ကျမ၏ တစ်ဦးတည်းသောသမီး ပြည့်ပြည့် က ကျမ မပျင်းရအောင် တနေ့  တစ်မျိုး တစ်အိမ်လုံး ဖွ ပြီး ပါရမီဖြည့်ပေးလို့ တော်သေးသည်။ မှတ်မိပါသေးသည် မြန်မာပြည်မှာတုန်းက တရက်မှာ ကျမ စာမေးပွဲနီးတာနဲ စာထိုင်ကြည့်နေသည်။ အနား ကပ်မှ အသည်းအသန် စာဖတ်တတ်သည့် အကျင့်ရှိ၏။  ပြည့်ပြည့်ကလဲ ထိုစဉ်က ၃နှစ်ကျော်ကျော် ဘဲရှိသေးသည်။ ကျမ စာကြည့်နေသည့် စားပွဲအနီး ကျမရဲ့  ဘောပင်တွေ highlighter တွေ လာဆော့နေသည်။ ပြီးတော့ သင်တန်းချိန် နီးနေတာနဲ့  ကျမ စာအုပ်တွေ သိမ်းပြီး ကျောင်းသို့  ကပျာကယာ ထွက်လာခဲ့သည်။ ကျောင်းရောက်တော့မှ ဆရာစာသင်နေတုန်း အမှတ်တမဲ့ ကျမ ခြေထောက်ကို ကြည့်လိုက်မိသည်။ ကျမ ဘုရား တ ပြီး မျက်လုံးပြူးသွားရသည် ကျမ ရဲ့  ညာဖက် ခြေဖမိုး မှာ အစိမ်းရောင် နာရီပုံက ခြေဖမိုး အပြည့် နေရာယူထားသည်။ ကျွတ်ကျွတ် ပြည့်ပြည့် လက်စွမ်းပြ ထားတာကိုး ဘောပင်လောက်နဲ့  ဆွဲထားတာ ဆိုတော်သေးသည် အခုတော့ အစိမ်းရောင် high lighter နှင့် ထင်ထင်ရှားရှား ကိုးယိုကားယား နာရီပုံ နာရီလက်တံ၊ အစိတ် ကလေးတွေက ပါလိုက်သေးသည် ဘယ်အချိန်က ဆွဲ သွားလဲမသိ ကျမ ကလဲ နဂို ကတည်းက ပါးပါးလျားလျား ရှိသူဆိုတော့ ဘယ်အချိန်က ဆွဲ သွားမှန်း သတိမထားမိလိုက်ပါ။ အဲဒါမှ ဒုက္ခ ကျမ ခြေထောက် ဘယ်သွားထားရမှန်း မသိပေ။ စာသင်နေတုန်းဆိုတော့ ဖျက်ဖို့  ကလဲ မလွယ်ပေ။ သူများတွေမြင်ရင်တော့ စာမေးပွဲ နီးလို့ ဂေါက်သွားတယ်ထင်အုံးမယ်။ အိမ်က ကလေး ဆွဲလိုက်တာလို့ တော့ ထင်ကြမှာ မဟုတ်ပေ။ :) ဘာကြောင့်လဲ ဆိုတော့ ကျမကို မသိတဲ့ သူတွေ ကြည့်လိုက်ရင် ကလေးအမေလို့  မထင်ရပေ။ ( ကျမ ယောကျာ်း မဖတ်မိပါစေနဲ့  ) ဒါကြောင့် အလုပ်ထဲမှာ ရော ကျောင်းမှာ ပါ ကျမ အိမ်ထောင်ရှိတယ် ကလေး တစ်ယောက်လဲရှိတယ် လို့  အမြဲပြောပြောနေရသေးသည်။ တခါတလေ လည်း ပြောရတာ မောလိုက်တာ လူတွေ ထင်ချင်သလို ထင်ကြပါစေလေ ငါဘဲ အနစ်နာ ခံလိုက်တော့မယ်လို့  တွေးရသေးသည်။ မှတ်ချက် ( ကျမ က လှတပတ လေးတော့ မဟုတ်ပေ ရုပ်ဆိုးတယ်လို့ လဲ ကိုယ်ကိုကိုယ် မပြောရက်ပါ။ :) )

Thursday 7 July 2011

သန့် ရှင်းရေး

လူ့  ဘ၀ က တိုတို လေးဆိုတော့ ပျော်ပျော်နေတတ်တာကောင်းပါသည်။ အဖိုး က ပြောဖူးသည် အဌာရသ ၁၈ ရပ်ထဲတွင် ဟာသ ပညာပါသည်တဲ့ ထို့ ကြောင့် ဟာသ ဥာဏ် ရှိသင့် သတဲ့ ။ ကျမ က ဟာသ ဥာဏ် သိပ် မရှိပါ သို့ သော် အရယ်တော့ သန် ပါသည်။ ကျမ အိမ်ထောင်ကျ စက အလုပ် ခဏ နားချိန်တွင် ကျမ တစ်ယောက်ထဲ ယောက္ခမ အိမ်သွားလည်စဉ်ကပါ။
ကျမ နှင့် ယောက္ခမ တောင်သွားမြောက်သွား လျှောက်သွားကြသည်။ တနေ့ တော့ ယောက္ခမ ရဲ့ မိတ်ဆွေ သမီး က ဆေးရုံမှာ ခလေးမွေးတာ သတင်းသွားမေးကြသည်။ အဲဒီ အမရဲ့  အဒေါ်က ဆေးရုံက စစ်စတာ ဖြစ်သည်။ ကျမတို့ သွားတော့ ခွဲခန်းထဲ ထွက်ခါစ ဖြစ်သည်။ ဘေးမှာ အမျိုးတွေ မိတ်ဆွေတွေ ဆရာမ တွေဝိုင်းလိုပါ။ သိပ်မကြာမိ နောက်တယောက် ခွဲခန်းထဲက ထွက်လာသည်။ ပိုက်တန်းလန်း နှင့် အသက် ၂၀ ခန့်  ကောင်မလေး တစ်ယောက်ဖြစ်သည်။ သူဘေးမှာ အဖွားကြီး တစ်ယောက် အထုတ် ကလေး ပိုက်ပြီး ရပ်နေတာ ကလွဲလို့  တစ်ယောက်မှာ မရှိပေ။ ဆရာမ တွေက ဘေးက အဖွားကို ဟိုလို လုပ် ဒီလို လုပ် ပြောတော့ အဖွားကြီး ကလည်း ယောင်တောင်တောင် ဖြစ်သွားပုံရသည်။ ဘာမှ မလုပ်ဘဲ ငုတ်တုတ်မေ့နေသလို ရပ်နေသည်။ ကျမ နှင့် ယောက္ခမ နှစ်ယောက်သား ကြည့်ရတာ အမြင်မတော်တာ နဲ့  ကူညီ အုံးမှ ဆိုပြီး ယောက္ခမ က အဖွားကြီးရဲ့  အထုတ်ကိုယူပြီး နီး ရာ ကုတင်တွင် ကိုသွား ပြီး အထုတ်ထဲက စောင်တွေ ထမိန် တွေ ကို ခင်းလိုက်သည်။ ကျမ နှင့် အလုပ်သမား တစ်ယောက်က ကောင်မလေးကို အတူမပြီး ကုတင်ပြောင်းပေးလိုက်သည်( ခွဲ ခန်း တွန်းလှည်း ကုတင်မှ)။ ထို အချိန် အထိ ဘေးနား က အဖွား က ဘာလုပ်လို ဘာကိုင်ရမှန်း မသိဖြစ်နေတုန်းပင် ။ ကျမ တို့  ကလဲ လာရင်း ရည်ရွယ်ချက်ကို မေ့သွားကြပြီး အနီး အနားက ဆရာမကို စပ်စုလိုက်ကြသည်။ ကလေးမက တော်တော်တောကျ တဲ့ ဒေသ ကလာတဲ့ အကြောင်း ဗိုက်အောင့်လို  ဆေးရုံလာပြရင်း မမျော်လင့် ဘဲ သားအိမ်ခြစ်လိုက်ရကြောင်း သူ ယောကျာ်းက ပိုက်ဆံပြန်သွားယူနေပြီး ဘေးနား က အဖွားက သူ အမေဖြစ်ကြောင်း တောကလာသဖြင့် ဘာတခု မှ မသိကြောင်းပြောပြသည်။  နောက် ဆရာမက ဆက်ပြောပြသည် အဖွားကြီးက တကယ့်ကို အူတူတူ နဲ့  မနက် တုန်း က ဆရာမ တစ်ယောက်က သန့် ရှင်းရေး လုပ်မယ် ဘယ်အခန်းကို သွားလိုက်ပါဆို ပြီး ( ခွဲခန်းထဲဝင်မည်သူများသည် အမွေးအမျှင်များ ရိတ်ရန် အခန်း) ကို သွားခိုင်းလိုက်တာ လူနာက မသွားဘဲ အဖွားကြီး က တံမြက်စည်းကိုင်ပြီး သွားလိုက် သတဲ့  အခန်းထဲ ရောက်တော့ သန့် ရှင်းရေး လုပ်သူတွေကလဲ အခန်းထဲ ၀င်လာတော့ လူနာထင်ပြီး အဖွားကြီးကို ရိတ်ပေးလိုက်သတဲ့ နောက်တော့ ကောင်မလေးကို ခွဲခန်းထဲ ခေါ်ပြီး ဆရာဝန်တွေ ခွဲစိပ် မယ် ပြင်ဆင်ကြတော့မှ အမေနှင့် သမီး မှား ရိတ်မိမှန်း သိ လိုက်ရတာလေ  ဆိုပြီး ဆရာမ ကပြောပြတော့ ကျမတို့  နှစ်ယောက် ရီလိုက်ကြတာ နောက်မှ လာရင်း ကိစ္စကို သတိရသွားပြီး ခုဏ အမ ကို ကြည့်လိုက်တော့ မရှိတော့ပေ။ သီးသန့်  အခန်းထဲ ရောက်သွားပြီ။ လမ်းမှာ ပြောလိုက် ရီလိုက်နဲ့  အခန်းလိုက်ရှာရသေးသည်။ အခန်းထဲ ရောက်တော့ ထိုဇာတ်လမ်းကို ခလေးမွေးတဲ့  အမက လဲ သိနှင့်ပြီးသား သို့ သော် ဗိုက်ခွဲ ထား သောကြောင့် ရီချင်တိုင်း ရီလို မရပေ။ သူ ကလည်း သူများရီ လျင် လိုက်ရီချင်သတဲ့  ဒါနဲ့ ကျမ နှင့် ယောက္ခမ ရီချင်စိတ်ကို မနည်း အောင့်ထားရသေးသည်။ အဖွား ကြီး ကလဲ တော ကဆိုတော့ သန့် ရှင်းရေးလုပ်မယ်ဆိုတာ ပုံမှန် အိမ်သန့် ရှင်းရေး အခန်း သန့် ရှင်း ရေးလုပ်တာ ထင်ပုံရသည်။ သူ့ ခမျာ နေရင်းထိုင်ရင်း ပြောင်သွားရရှာသည်။ 

Saturday 2 July 2011

ဈေးဝယ်ခြင်း

Fair price ( shopping center) တွင် fri, sat, sun day ရက် များတွင် ဈေးလျော့ သဖြင့် ဈေးသွားဝယ်သည်။ ၀ယ်ပြီး ပြန် တွက်ကြည့်တော့ 15. 85 ကျပ် ဖိုး ၀ယ်တာ 3.75 ကျပ်သက်သာလေရာ
ဘောင်ချာပြန်ကြည့်ပြီး တော်တော်
ပျော်သွားသည်။ ဆိုင်ထဲ စ၀င်က တည်းက အ၀ါရောင် ကပ် ( ဈေးလျော့) ထားတာဘဲ ကြည့် ၀ယ်လာခြင်းဖြစ်သည်။ အရင်တုန်းက တော့ကျမ အခုလို မဟုတ်ပါ။ အခုတော့ တနေ့ တနေ့  သက်သာရာသက်သာကြောင်းကိုသာ အမြဲတွေးလေသည်။ စင်္ကာပူ ရောက်လာပြီး အိမ်ငှားခကို မြန်မာငွေနှင့် ပြန်တွက်မိလိုက် ကတည်းက ထိုကဲ့သို့ ဖြစ်သွားသည်။ အခုလို အသိတရားရနေတာ အဖွား သေရာက ပြန်များ ထကြည့်နိုင်လျှင် ၀မ်းသာ ပီတိ ဖြစ်လို့  ဆုံးမှာ မဟုတ်ပေ။ အဖိုး နှင့် အဖွားက အရာရာတိုင်း နီးပါး စေ့စပ်သေချာသည်။ အဖွားဆိုလျှင် စံချိန်မီ ရုံတင်မက စံလွန် ကပ်စေးနည်း သည့်အထဲပါလေသည်။ သူတို့ နှစ် ယောက်ပြုစုပျိုးထောင်ပေးလိုက်သော ကျမ သည် ပိုက်ဆံကို မချစ်တတ်သလို ပစ္စည်း ဥစ္စ္စာ ကိုလည်း နှမျော ရကောင်းမှန်း မသိပေ။ တွေ့ ကရာ မစဉ်းမစား ၀ယ်တတ်ပြီး များလာလျှင်သူများကိုပေးလိုက်သည်။ ပျောက်ရင်တောင်ပျောက်သွားမှန်း မသိသည့် အထိ ထိန်းသိမ်းစောင့်ရှောက်ရာမှာ တော်သည်။ မှတ်မှတ်ရရ မှတ်မိတာတခုတော့ရှိသည်။ ခရီးသွားရင် ငါးမူးသား ဟန်းချိန်း တခုပျောက်ဖူးသည်။ မိနစ်ပိုင်းလောက်တော့ စိတ်ဆင်းရဲရသည်။ ပြီးတော့ ပစ္စည်း သင်္ခါရ လူ သင်္ခါရ ဘဲလို့ တွေးလိုက်သည်။ ဒီ အကြောင်း အဖွားသေသည့် အထိ မသိသွားပေ။ သိလျှင်တော့ တက်ချက် သွားနိုင်သဖြင့် ကျမ မပြောခဲ့ပါ။ကျမယောကျာ်းတော့ သိသည် သို့ သော် သူကလဲ သူ့ ထက်ကဲ ဆိုတော့ စိတ်တောင်မ၀င်စားပေ။ သူ ကလဲ အရင် နယ်တွေမှာ ခရီး ထွက်ပြီး အလုပ်လုပ်ရတုန်းကဆို တချို့  ခလေးမွေးပြီး အနှီးထုတ်ဖို့  မရှိလျှင် သူ့ ပုဆိုးတွေ အကုန်ပေးခဲ့တတ်သည်။ ကျမထက်တောင် ရက်ရော စွန့် ကြဲနိုင်သူဖြစ်သည်။ သွေးလဲ မကြာခဏလှူ တတ်သည် ။ သူတပါးကို အလွန်ကူညီတတ်လေရာ  ကျမ က ဘာလို့  ဒီလောက် စိတ်ကောင်းရှိ နေတာလဲ  မေးကြည့်တော့ သူက ရည်မှန်းချက် ကြီးလေသည်။ နောင်ဘ၀တွင် သကြားမင်း ဖြစ်ချင်သတဲ့ ။ ထို့ ကြောင့် ကြိုးစား ပမ်းစား ပါရမီဖြည့်နေလေသည်။ ကျမလည်း တွေးမိပါသည် ဒီလို ခေတ် ကာလ ကြီးမှာ လူလာ ဖြစ်ရတဲ့ သူဆိုတော့  ထီတွေ ဘာတွေ ပေါက်တာတောင်မှ တဖက် လေးငါးရာတွေ ဘာတွေ မ ပြော နဲ့  လေးငါး ယောက်တောင် တပတ် လောက်ရနိုင်ရင် ကံကောင်းဆိုတော့ သူ့ ခမျာပေ နောက် ဘ၀ အထိ စောင့် နေရရှာ တာပေါ့လေ။ သနားမိပါသည်။  

Friday 1 July 2011

" ဦးနှောက်ခြောက် လိုက်တာ "

တခါတလေ ပြည့်ပြည့် တယောက် တောင်မေး မြောက် မေး မေးတာ ဖြေရတာလဲ ဦးနှောက်ခြောက် လိုက်တာ အလုပ်လုပ်စဉ် တုန်းက စာကျက်ရတုန်းက ထက်တောင် ဦးနှောက်ခြောက် သေးသည် ဟု တွေးမိသည်။ ထို့ ကြောင့် ဒီ " ဦးနှောက်ခြောက် တယ်" ဆိုတဲ့ စကားလုံးကို စတင်ကြားဖူးခဲ့တာလေးကို အမှတ်ရမိသည်။
ကျမ ဒုတိယ တန်း စတက်တဲ့ နေ့ တနေ့ ပါ။ ဆရာမ က အသစ်ဖြစ်သည်။ ရန်ကုန်က ပြောင်းလာသည့် ဆရာမဖြစ်ပြီး အသားဖြူဖြူ နှင့် ချစ်စရာကောင်းသည်။ ပထမဆုံး နေ့  ဖြစ်၍ ဆရာမ အလုပ်ရှုပ်နေသည်။ ကျောင်းသားတွေကို နာမည်ခေါ်လိုက် ဖတ်စာအုပ်တွေ ပေးလိုက် စာရင်းမှတ်လိုက် လုပ်နေသည်။ ကျမ က ရှေ့ဆုံးတန်းမှာ ထိုင်နေသည့်အတွက် ဆရာမ ခုံနှင့် ကပ်နေသည်။ ကျမ လဲ ဆရာမလုပ်တာ ကိုင်တာတွေ ကို ရုပ်ရှင်မင်းသမီး ကိုကြည့်သလို ထိုင်ကြည့်နေသည်။ ဒီလိုနဲ့  ကျမ ကြည့်နေစဉ် ဆရာမက ဘောပင်ကို ဆံပင်ကြားထဲထိုးပြီး ခေါင်းကုတ် သလို လုပ်ရင် ဦးနှောက်ခြောက် လိုက်တာ ဆိုပြီး သူဘာသာသူ ပြောလိုက်သည်။ ထိုအခါ ကျမ ဆရာမပြောသည့် " ဦးနှောက်ခြောက် လိုက်တာ " ဆိုသည့် စကားကို အလွန်စိတ်ဝင်စားသွားသည်။ ဒီ စကားလုံး ကို အခု မှ စကြားဖူးခြင်းဖြစ်သည်။ အိမ်မှာ အဖိုးတို့ အဖွား တို့ ပြောတာ တခြားသူ တွေပြောတာ တခါမှ မကြားဖူးပေ။ ထို စကားလုံး၏ အဓိပ္ပါယ် ကို လဲသေချာမသိပေ။ သို့ သော် ဆရာမ အသစ် ပြောလိုက်သည့် ထူးထူးဆန်းဆန်း စကားလုံးကို သဘောကျသွားသည်။ ဒီလို နဲ့  ဆရာမ စတိုင်အတိုင်း  ခဲတံ ခေါင်းထဲ ထိုးလိုက်  " ဦးနှောက်ခြောက် လိုက်တာ " လို့  တိုးတိုးလေး ပြောလိုက်နဲ့  ကိုယ်ဟာကိုယ် သဘောတွေကျနေလေသည်။ နောက် စနေ တနင်္ဂနွေ ကျောင်းပိတ်ရက်များတွင် အိမ်တွင် ၀မ်းကွဲ မောင်နှမများ နှင့် ဆော့ ကစားရင်း သတိရတဲ့ အခါ တွေ့ ကရာ တုတ်ချောင်း ကောက်ပြီး ခေါင်းကို ထိုးလိုက် " ဦးနှောက်ခြောက် လိုက်တာ "ပြောလိုက် လုပ်လေသည်။ ကျမ စိတ်ထဲမှာ ထူးထူးဆန်းဆန်း စကားလုံးကို ပြောပြီး ကျန်တဲ့ မောင်နှမတွေ ရှေ့မှာ ကြွားချင်တာလဲပါလေသည်။ ၀မ်းကွဲ တွေ ထဲ မှာ ကျမ က အကြီးဆုံးဖြစ်လေသည်။ တခါ နှစ်ခါ မဟုတ် ပြော နေသောကြောင့် ညီမ တယောက်က ကျမကို  " ဦးနှောက်ခြောက် လိုက်တာ " ဆိုတာ ဘာလဲလို့ မေးလိုက်သည်။ ထိုအခါမှ ဒုက္ခ ဘဲ ပြောသာပြောနေတာ ထို စကားရဲ့ အဓိပ္ပါယ် ကို မသိပေ။ သို့ သော် မသိဘူးလို့ လဲ မပြောချင်ပေ။ ထို့ ကြောင့် စဉ်းစားလိုက်သည် ဆရာမ ဒီ စကားပြောတုန်းက ခေါင်းကို ဘောပင်နဲ့ ထိုးပြီး ပြောတာကို သတိရသွားသဖြင့် " ဦးနှောက်ခြောက် လိုက်တာ " ဆိုတာ ခေါင်းယားလိုက်တာ လို့ ပြောတာ မှတ်ထားကျ ဆိုပြီး ခပ်ခပ်တည်တည်နဲ့ ရွှီးလိုက်သည်။ သူကလဲ ဆက်မမေးတော့ပေ။
ထိုကြောင့် စာအုပ်တွေထဲ က ကလေးများသည် အတုခိုးတာမြန်လေသည် ဆိုတာ သတိရမိသည်။ ( အမြဲ တလွဲ တချော် လုပ်နေကြဆိုတော့) ပြည့်ပြည့် ရှေ့  ပေါက်တတ်ကရ မလုပ်မိ မပြောမိအောင် သတိထားအုံးမှ လို့ တွေးမိသည်။

Wednesday 29 June 2011

စာဥ နှင့် ကတုံး

စာဥ နှင့် ကတုံး ဆိုတာ ကျမ ရနှစ် ၈နှစ် အရွယ်လောက်က အိမ်မှာ မွေးထားတဲ့ နွား ၂ ကောင်ပါ။ စာဥက အဖြူရောင်များပြီး ကတုံးက မီးခိုးရောင်များသည်။ နွား ၂ ကောင် အရောင် မတူ သလို စိတ်ထားလဲ ကွာလေသတဲ့ စာဥက စိတ်ရှည် သဘောကောင်းပြီး ကတုံးက စိတ်ကောက်တတ်သတဲ့ အဖွားက ပြောပြသည်။ ထမင်းစား လျှင် ဖိတ်ဖိတ် စင်စင်စားတတ်တဲ့ ကျမကို အဖွားက စာဥလောက် တောင်မစားတတ်သေးဘူးတဲ့ နင်က ကတုံးလိုဘဲလို့  မကြာခဏ ပြောတတ်သည်။ တနေ့ တော့ အဖွားက ကျမကို စာဥနှင့် ကတုံး အစာစားနေတုန်း  နွား ၂ ကောင် ဘာကွာ သလဲ ကြည့်ခိုင်းသည်။ ထို့ ကြောင့်ကျမ လည်း နွား ၂ ကောင်ရှေ့မှာထိုင်လိုက်သည်။ သစ်သား စည်ပိုင်းတို တခု စီ နှင့် အစာကျွေးထားသည်။ ကောက်ရိုး၊ ပြောင်းဖူး နှင့် ပဲဖတ် (မြေပဲဆံ ဆီကြိုတ်တဲ့ အခါ ထွက်လာသည့်) စသဖြင့် တလှည့် စီကျွေလေ့ရှိသည်။ စာဥ က အစာကို ငြိမ်ငြိမ်လေး စားခွက်ထဲ ခေါင်းစိုက်ပြီး စားနေစဉ် ကတုံး ကတော့ တောင်ကြည့်မြောက်ကြည့် ယောက်ယက်ခတ် စားသဖြင့် အစာ တ၀က်လောက်က အောက်ဖိတ်ကျကုန်သည်။ စားရင် သူခွက်ထဲ ကုန်သွားလျှင် စာဥထဲ သွားစားလေသည်။ စာဥက ကတုံး သူ့ ခွက်ထဲလာစားတာကို ကြည်ကြည်ဖြူဖြူပင်။ ထို အခါ အဖွားက တွေ့ လား စာဥက နွားဖြစ်ပေမဲ့ အကျင့် စရိုက် ကောင်းတယ်တဲ့။ အဖိုးနှင့်  အဖွား ကနွားတွေကို တော်တော် ဂရုစိုက်သည်။ အဖိုးက  နွားဆိုတာ သက်သတ်လွတ်ဘဲ စား ပြီး လူတွေကို အကူအညီပေးကြောင်း၊ ကောင်းကောင်းမွန်မွန် ကျွေးမွေး သင့်ကြောင်း  ပြောပြသည်။ နောက်ပြီး အဖိုး က နွားတွေကို ကြမ်းကြမ်း တမ်းတမ်းရိုက်တာ မကြိုက်ပေ။ တခါတရံ ကျမတို့ နွားလှည်းစီးပြီး အိမ် နှင့် ၄ မိုင်အကွာ မှာရှိသည့် စိုက်ပျိုးရေး ခြံသို့ သွားကြသည်။ ထိုအခါ လမ်းခုလတ်တွင် ကတုံးက စိတ်ကောက်ပြီး ဆက်မသွားဘဲ ရပ်နေတတ်သည်။ ထိုအခါ လှည်းမောင်းသည့် ဦးလေးကြီးက သူလွယ်နေကြ လွယ်အိတ် အနီကျားကျား ကို ယူပြီး ကတုံးရှေ့ မှာ ဟိုဖက် ဒီဖက်လွဲလိုက် ထိုင်လိုက် ထလိုက် လုပ်ပြရသည်။ ထို အခါမှ ကတုံး စိတ်ပြောင်းသွားပြီး ဆက်သွားလေသည်။ထို့ ကဲ့သို့  ကတုံးက စိတ်ခဏခဏ ကောက်တတ်သည်။ အဖိုးက အလို လိုက်သဖြင့် နွားတွေက နည်းနည်းဆိုးကြောင်း နွားမောင်းသည့် ဦးလေးကြီးက ပြောဖူးသည်။
တနေ့  ညနေ မှာ အဖွား က ခြံထဲ မှာ နွား သွားဖမ်းလိုက်အုံး မယ်ဆိုပြီး ထွက်သွားသည်။ ( နွားတွေကို နေ့ ခင်းဖက်ဆိုလျှင် မြက်တောထဲ လွတ်ထားပြီး ညနေ မှ နွားတဲ ထဲ ပြန်သွင်းသည်။) ပုံမှန်ဆို အဖွား ဖမ်းနေကြ မဟုတ်ပေ ထို့ နေ့ က တခြားသူ တွေ အလုပ်နည်းနည်း ရှုပ်နေကြ နောက်ကျနေသဖြင့် အဖွားက နွားတွေ ကို စိတ်ပူပြီး ကိုယ်တိုင် ဖမ်းရန်သွားလေသည်။ သိပ်မကြာခင် အဖွားပြန်လာသည် နွားတွေတော့ ပါမလာပေ။ အဖွားက နွားတွေ ငါကိုလဲ မြင်ရော ရပ်ကြည့် နေပြီး ထွက်ပြေးကုန်တယ်တဲ့။ ထိုအခါ ကျမ ဦးလေးက အဖွားကို နွားတွေ ထွက်ပြေးမှာပေါ့ ကိုယ်ကိုကိုယ်လဲ ပြန်ကြည့်ပါအုံးလို ပြောတော့မှ ကျမ တို့ လဲ အဖွားကိုကြည့်မိကြသည်။ အဖွား ကအရပ်ပု ပြီး အဲဒီအချိန်တုန်းက နည်းနည်းဝသည်။ လည်ရှည် ဘွတ်ဖိနပ် အနက်ရောင် စီးထားပြီး သိုးမွေးဆွယ်တာ အစိမ်းရောင်ကို ၀တ်ထားသည်။ နောက်ပြီး အနက်ရောင် ကျွှဲကော်ကိုင်း မျက်မှန်  တတ်ထားသည်။ ခေါင်းမှာလဲ ခမောက်ဆောင်းထားသေးသည်။ ခမောက်ကလဲ ပုံမှန်ထက် ၂ ဆကြီးသော ဆိုဒ်ဖြစ်သည့် အပြင် အဖွား က ခမောက်ကို မိုးလုံစေရန် ဖဲထီးစ အနက်ရောင်နဲ့ အပေါ် မှာ အုပ်ပြီး ပြန်ချုပ်ထားသည်။ ထိုအခါ ကျမတို့ အားလုံး အဖွားကို ကြည့်ပြီး ရယ် ကြသည်။ အဖွားကတော့ ခပ်တည်တည်ပင်။  နွားတွေက အဖွားကို လူလို ထင်ပုံမရပေ။ ထို နေ့  က နွားတွေ အဖွားကို တော်တော်ကြောက်သွားပုံရသည် ဘယ်အထိပြေးသွားကြလဲ မသိပေ မိုးတော်တော်ချုပ်မှ ပြန်ရှာတွေ့ သည်။

Monday 27 June 2011

အဖွား နှင့် သန့် ရှင်းရေး

ဒီ နေ့ တော့ အိမ် သန့် ရှင်းရေးလုပ်အုံးမှ လို့  စဉ်းစားမိသည် ( ကြမ်းပြင်ကဖုံမှုန့် ပေါ်မှာ  ယောကျာ်းက ဖုန်းနံပါတ်မှတ်ထားတာ တံမြက်စည်း လှဲရင်းပါသွားလို့  အဆူခံထိပြီး ကတည်းက မလှဲဖြစ်တာ တလလောက်ရှိပြီ ) :) အိမ် သန့် ရှင်းရေး လုပ်ရင်း အဖွားကို သတိရမိသည်။ သန့် သန့် ပြန့် ပြန့် အလွန်ကြိုက်သော အဖွားက ကျမ ကို အိမ်သန့် ရှင်ရေး လုပ်ပုံလုပ်နည်းကို အမြဲသင်ပေးပါသည်။ တြံမက်စည်းလှဲ လျှင် မနက်စောစော လေမတိုက်မိလှဲရန်၊ တံမြက်စည်းကို ကြမ်းပြင်နဲ့ ကပ်ပြီး အစဉ်လိုက် လဲရန်၊ တံမြက်စည်း လှဲပြီးမှ အ၀တ်နဲ့ ကြမ်း ပြန်တိုက်ရန်၊ ပြီးလျှင် တံမြက်စည်း အ၀တ် တွေကို အမှိုက်ပုံမှာ အမှုန့် ခါ ပြီးလျှင် နေပူထဲမှာ ခဏ လှန်းထား ရန် စသဖြင့် သင်ပေးထားပါသည်။ ငယ်စဉ်က တော့ အဖွားကို ကြောက်ပြီး ပြောတဲ့ အတိုင်း လုပ်ခဲ့ပါသည်။ နောက်ပိုင်းမှာတော့ ( အဖွားနဲ့  အတူ မနေ ကတည်းက) တခါမှ အဖွားသင်ထားသကဲ့သို့  မလုပ်ဖြစ်ပေ။ကျမလဲ အဖွားကဲ့သို့  သန့် သန့် ရှင်းရှင်း ကြိုက်ပြီး ရှုတ်ပွ နေလျှင် ကြည့်လို့ မရပါ။ ထို့ ကြောင့် တအိမ်လုံး ကြည့်စရာ နေရာမကျန်တော့တဲ့ အခါ ကျမစပြီး သန့် ရှင်းရေးလုပ်ပါသည်။  သိုသော် နေ့ စဉ် အိမ်သန့် ရှင်းရေး အမြဲလုပ်သော အဖွားနဲ့ ကျမ နည်းနည်းတော့ကွာပါသည်။ ( အထုံ ပါရမီ )
အဖိုး နှင့် အဖွား အသန့် ကြိုက်တာ သူများတွေထက်နည်းနည်းပို ပုံရသည်။  အိပ်ယာခင်း ခေါင်းအုံးစွပ် ဂွမ်းဖုံအစွပ် ( ရှမ်းပြည်မှာ အလွန်အေးသောကြောင့် စောင်ခြုံလို့ မရပေ) အားလုံးကို အဖြူရောင် အစဖြင့် ချုပ်ထားပြီး ၂ရက် တခါလဲ ပါသည်။  အဖြူရောင် ဆိုတာ ညစ်ပေ လျှင်၊ ပိုးမွား အမှိုက် ကပ် လျှင် သိသာသတဲ့  အဖွားက ပြောဖူးသည်။ ကျမ ကတော့ ညစ်ပေလွယ် သော အဖြူရောင်ကို အ၀တ်အစားပင် သိပ် မ၀တ်ဖြစ်ပေ။ အပေခံ သော အရောင်ရင့်ရင့် များကို သာ ၀ယ်ယူတတ်သည်။
အဖိုး နှင့် အဖွား ကတော့ ညစ်ပေတာတွေကို ပိုပြီး ထင်ထင် ရှားရှားသိ မြင် လို သူတွေ ပေါ့  ကျမ ကတော့ ဖုံးကွယ်ချင်သူပေါ့ ။

Friday 27 May 2011

ကျမရဲ့  ဆရာမ

မူလတန်းတုန်းက ကျောင်းသားတွေ အားလုံးချစ်ကြောက် ရိုသေတဲ့ ဆရာမကို သတိရမိတယ်။ အဲဒီ ဆရာမပြောပြလို့  ဗိုလ်ချုပ်အောင်ဆန်း အကြောင်းစသိခဲ့ရတယ်။ နောက်ပြီး ဆရာမက စာသင်တာလည်းတော်သလို ကျောင်းသူကျောင်းသား အားလုံးကို မျက်နှာမလိုက် ဘဲ တန်းတူဆက်ဆံတတ်သည်။ တနေ့  မုန့်စားဆင်းပြီး ကျောင်းပြန်တက်တဲ့ အချိန်မှာ ကျမရဲ့ ရေဗူးထဲ မှာ ရေတွေတော်တော် လျော့နေတယ် ဘေးက သူငယ်ချင်းတွေက ပြောတယ် နင့်ရေတွေကို (---) သောက်သွားတယ်တဲ့ သိလိုက်ခြင်းဘဲ ကျမ ဒေါသတော်တော်ထွက်သွားတယ် အဲဒီ တစ်ယောက်ကို ကျမသိတယ် စုတ်တီးစုတ်ပြတ် နဲ့  အဖေ မရှိတာလား အမေ မရှိတာလား အဖေရော အမေ ရော မရှိတာလား သေချာ မသိဘူး ဘုန်းကြီးကျောင်းမှာ နေတဲ့ တစ်ယောက်  (သူ့ ကို တစ်တန်းလုံး ကနှိမ်ပြီးခေါ်တဲ့ နံမည် သတ်သတ်ရှိတယ် ) ချက်ခြင်း ဆရာမကို သွားတိုင်လိုက်တယ် စိတ်ထဲမှာ တော့ ဒင်းကို ဆရာမ အားပါးတရ ရိုက်ပါစေဆိုပြီးတော့ ။ တကယ် သွားတိုင်လိုက်တော့ ကျမတော်တော်အံသြသွားတယ်။ ဆရာမက ကျမကို သူရေအရမ်းဆာလို့  ယူသောက်တာနေမှာပါ ရေ အကျိုး ၁၀ ပါးဆိုတာ မတောင်းဘဲပြည့်တယ် ၀န်တိုစိတ်မထားရဘူးလို့ ပြောတော့ ကျမစိတ်ထဲ တော်တော်မကျေမနပ် ဖြစ်သွားတယ်။ နောက်ပြီး အဲဒီတယောက်ကို ဆရာမက ခေါ်ပြီး သူတပါး ပစ္စည်း ကို ပိုင်ရှင်မသိဘဲ မယူရဘူးလို့တော့ ဆုံးမလိုက်တယ် ရိုက်တော့မရိုက်ဘူး။ ဒီ ကိစ္စ ကို ကျမတော်တော်ကြာတဲ့ အထိ အခဲမကျေဖြစ်ခဲ့မိသည်။ အခုအချိန်မှာတော့ ဆရာမရဲ့ စိတ်ဓါတ် စေတနာ ကို နားလည် လေးစားမိပါသည်။

Monday 23 May 2011

ဒီနေ့ အတွေး - မြေကြီးပမာ

နေ့ စဉ် ရင်ဆိုင်ကြုံတွေ့ နေရတဲ့ ဘ၀တွေမှာ အဆိုးဘဲဖြစ်ဖြစ် အကောင်းဘဲဖြစ်ဖြစ် ကိုယ်ရဲ့ စိတ်ကို မြေကြီးလို ကျင့်ကြံနိုင်ရင် စိတ်ပင်ပန်းမှု သက်သာနိုင်သည်တဲ့။  မြေကြီးဆိုတာက သတ္တ၀ါတွေ နေ့ စဉ် မကောင်းတဲ့ အညစ်ကြေးတွေ ကိုမြေကြီးပေါ် စွန့် ပစ် ကြပေမဲ့ ကမ္ဘာမြေကြီးက လက်မခံ ဘူးဆိုတာ မရှိပါ။ ဒီလိုဘဲ မွေးကြိုင် သင်းပျံတဲ့ လှလှပပ ပန်းလေးတွေ မြေကြီးပေါ် ကြွေကျလာတဲ့အခါတွင်လည်း လိုချင်စိတ်နှင့် မသိမ်းပိုက်ပါ။ 
အကောင်းအဆိုး နှစ်မျိုးစလုံးကို အညီအမျှ လက်ခံသည်။

မှတ်ချက်။   ။သီတဂူ ဆရာတော်ဘုရား ဟောတဲ့ တရားတစ် ပုဒ် မှ

Saturday 21 May 2011

Husband & wife

တခါက မင်္ဂလာ ဆောင်ရန်စီစဉ် နေသော စုံတွဲ တစ်တွဲ ရှိလေသည် ။ နှစ်ဦးသား ရှေ့ရေးကို စီစဉ် တိုင်ပင်ကြသတဲ့ ၊ first impression သည် အရေးကြီး ကြောင်းတွေးမိ ကြလေ၏။ ထို့ ကြောင့် ပထမဆုံး ယောက်ျားလေးဖက် က မိဘဆွေမျိုးများနှင့် သွားရောက်တွေ့ ဆုံချိန်တွင် ကောင်လေးက ကောင်မလေးကို ဟန်ဆောင် ဆရာလုပ် အနိုင်ကျင့်ပြမည်ဟု တိုင်ပင်ထားသတဲ့ ထိုအခါ ကောင်မလေးက ကောင်လေးကို အလွန်ကြောက်ချစ်ရှိသေသောပုံစံဖြင့် ပြောသမျှ နာခံသည့် စတိုင်ဖြင့် နေကြမည် တဲ့။ ထိုကဲ့ သို့ ပင် မိန်းခလေး  ဖက်က မိဘဆွေမျိုးများနှင့် သွားရောက်တွေ့ ဆုံချိန်တွင်လည်း ကောင်မလေးက ကောင်လေးကို ဆရာလုပ် ဗိုလ်ကျ ပြမည်တဲ့ ထိုအခါ ကောင်လေးက ကောင်မလေးကို အလွန်အလိုလိုက် အကြိုက်ဆောင်သော ပုံစံဖြင့် ပြောသမျှခေါင်းညိမ့် နေကြမည်ဟု တိုင်ပင်ကြသတဲ့။ သူတို့ နှစ်ယောက် မင်္ဂလာဦးမှ သည့် ထိုကဲ့သို ကျင့်ကြံနေထိုင်ကြရာ အိမ်ထောင်သက် ၉ နှစ် ၁၀ နှစ် ရောက်သည့်အထိ ကောင်လေး၏ ယောက္ခမများက ကောင်လေးကို အလွန်သနားကြသတဲ့ ဒီလောက်ရှာဖွေကျွေးမွေးနေသည့် ယောကျာ်းကို များ ငါတို့  သမီးတော်တော် အနိုင်ကျင့်သတဲ့ ။ ထိုကဲ့သို့ ပင် ကောင်မလေး၏ ယောက္ခမများက ကောင်မလေးကို အလွန်သနားကြသတဲ့ ဒီလောက်ပြောတိုင်းဆိုတိုင်းနာခံပြီး ယောကျာ်းကြောက်တတ်တဲ့ မိန်းခလေးမျိုး ဒီခေတ်ကြီးမှာ တော်တော်ရှားသတဲ့ ။

မှတ်ချက်။ ။ me & my husband may be :-) :-)

Thursday 19 May 2011

ဒီနေ့ အတွေး - အဖွားနှင့် ဟင်းချက်ခြင်း

အဖွား က ခေါင်းကို သေချာဖြီးပြီး မျက်နှာသစ် သွားတိုက် ပြီးတော့ ဘုရားရှိခိုးလေသည်။ ပြီးမှ အောက်ဆင်း မီးဖိုချောင်ဝင်လေသည်။ မိုးတွင်းလို အချိန်များတွင် ( ခါတိုင်း ထမင်းချက်နေကြ ဦးလေးတို့ လင်မယား သူတို့ ၏ စိုက်ပျိုးရေးခြံသို့ သွားသောအခါ) ကျမ အဖွားနှင့် အတူထမင်းချက်ရပါသည်။ အဖွား လက်ရာသည် စားလို့ အလွန်ကောင်းပါသည်။ သို့ သော် အဖွား ဟင်းချက်လျင်တော်တော်ကြာ၏။ စိတ်ရှည်ပြီး စေ့စပ်သေချာ တာလွန်သွားတော့ ဇီဇာကြောင် သကဲ့သို့ ဖြစ်လေသည်။ ဥပမာ တခု ပြောရလျင် ခရမ်းချဉ်သီးကို ဟင်းအနှစ်ချက်လျင် အရင်ဦးဆုံး ပြုတ်သည်။ ထို့ နောက် အခွံခွာ အစေ့ထွင် ပြီး အရည်ကို ညစ်သည် (အခွံ နှင့် အစေ့ကို တော့ပစ်လိုက်သည်) အသားကိုနှုပ်နှုပ်စင်းပြီးမှ ညစ်ထားသော အရည်နှင့်ရောပြီး ဟင်းအိုးထဲထည့်၏ ။ အဖွားက စိတ်ရှည်သလောက် စိတ်မရှည်တတ်သော ကျမအတွက် အဆင်မပြေပေ။ ထို့ ကြောင့်ကျမ အကြံထုတ်လေသည်။ အဖွားနှင့် အတူတူ ဟင်းချက်ပါက အဖွားပြောသည့်အတိုင်း လိုက်မလုပ်ပါက အဆူခံရမည် ပြောသည့်အတိုင်းသာ လုပ်ရသော် ကျမသည် ထိုမျှလောက် စိတ်ရှည် သည်းခံတတ်ခြင်း မလုပ်ချင်သည့် အလုပ်ကို သည်းခံပြီးလုပ်တတ်ခြင်း ဂုဏ်ရည်များမပြည့်စုံပေ။ ထိုအချိန်မှစပြီး လုပ်ချင်သလို လုပ်လို့ ရမည့် နည်းလမ်းရှာလေသည်။ မနက်ဆိုလျင် ချက်ပြုတ်ဖို့  အချိန်အကြာကြီးမရပေ။ ဘုန်းကြီးကျောင်း ဆွမ်းဂျိုင့် မိရန် ကျောင်းသွားမိရန် လိုသေး၏။ အဖွားကတော့ ညကတည်းက တော်တော်များများကြိုတင်လုပ်ထားပါသည်။ အသီးအရွက်တွေ သင် အခွံနွာ စသဖြင့်ပေါ့။
ကျမ အဖွားကို သတိထားမိတာက မနက် အိမ်ယာထပြီး အိမ်သာဝင် ခေါင်းဖြီး ရေချိုးခန်းဝင် ဘုရားရှိခိုး လုပ်နေတာ ၁ နာရီကျော် ၁နာရီခွဲ လောက်ကြာတတ်၏။ ထိုအခါ ကျမ သည် အဘွား အိမ်သာ ၀င်ပြီဆိုတာနဲ့  ရေချိုးခန်းထဲဝင် မျက်နှာအမြန်သစ် အ၀တ်အစား အမြန်လဲ ခေါင်းကို လက်နဲ့ သပ်ချပြီး မီးဖိုချောင်သို့ ပြေးဆင်းလေသည်။ (အိမ်က ၂ ထပ်ရှိသည်) ထိုနောက် မီးဖိုးတွင် မီးကို အမြန်မွေးသည်။ ( တောဖြစ်သဖြင့် လျှပ်စစ်မီး မရှိပါ ထင်းမီးကိုသာ အသုံးပြုရသည်။) မီးဖိုသည် အင်္ဂတ ဖြင့် လုပ်ထားပြီး အစဉ်လိုက် အပေါက် သုံးပေါက်  ရှိသည်။ အဖွားသည် ဟင်းချက်လျင် မီးအေးအေးနှင့်ချက်လေ့ရှိသည်။ သို့ သော် ကျမသည် မီးဖိုကို အပေါက် ၃ ပေါက်စလုံး မီးအလျှံ ရောက်စေရန် ထင်းများများ ထင်းရှူးဆီ လွှစာမှုံ စသဖြင့် တွေ့ ရာမြင်ရာ အကုန်ထည့်ပြီး မီးမြန်မြန်တောက် အောင်လုပ်လေသည်။ ထို့ နောက် မီးဖို ၃ ပေါက် စလုံး မီးအရှိန်ရသည့် နှင့် တပြိုင်နက် ရေနွေးအိုး ဟင်းရည်အိုး ဟင်းအိုး စသဖြင့် ချက်မည့်အိုးများကို မီးဖိုပေါ်တင်လိုက်၏။ ထို့ နောက် ထည့်စရာရှိသည့် များကို အလျင်အမြန် ထည့်လိုက်သည်။ ခရမ်းချဉ်သီး စသည်များကို ရေဆေးပြီးတောက်တောက်စင်းပြီး ဟင်းအိုးထဲပစ်ထည့် လိုက်သည်။ ထို့ နောက်အေးအေးဆေးဆေး ရှိသည့် သကာလ အိမ်သာသွားချင်သွားသည် ။ ထိုစဉ် အဖွားအိမ်ပေါ်ထပ်မှ ဖြေးဖြေးသာသာဆင်းလာသည်။ ( အဖွားသည် လမ်းလျှောက်လျင် ဘယ်လောက်ဘဲ အရေးကြီးကြီး ဖြေးဖြေးသာသာလျှောက်လေ့ရှိသည်။ ကျမ သည် အရေးကြီးကြီးမကြီးကြီး ဖနောက်ပေါက်ပြီး ရေးကြီး သုတ်ပြာ လျှောက်လေ့ ရှိသည်။) အဖွားမီးဖိုခန်းသို့ ရောက်ချိန်တွင် ဟင်းတွေက မီးဖိုပေါ်ရောက် ကျက်လုနီးပါး ဖြစ်ချင်ဖြစ်နေတတ်သည်။ ထို အခါအဖွားသည် ဟင်းတအိုးဖွင့်ကြည့်လိုက် ရင်ဘတ်ဖိလိုက် ပါးစပ်ကလဲ ဘုရားဘုရား အဲလို မဟုတ်ဘူး ငါပြောတာ အဲလိုမဟုတ်ဘူးလို့  ဆိုလေတော့သည်။ တကယ်တော့ ကျမက လည်းအခြေအနေ အချိန်အခါပေါ်မူတည်ပြီး  မြန်ရာမြန်ကြောင်းဦးစားပေး အနေဖြင့် အဖွားက ကြော်ဖို့ ပြောတဲ့ဟင်းကို ချက်ချင် ချက်လိုက်၏ အသုတ်လုပ်ဖို့ ပြောထားတာကိုလဲ ကြော်ချင်ကြော်ပစ်လိုက်သည်။ အမြန်ကျက်ဖို့ အရေး မီးပြင်းတိုက်ပြီးချက်ထားလေသောအခါ အဖွားသည် သူ့ စိတ်ကူးနဲ့  တလွဲဖြစ်နေသော ကျမလက်ရာကိုကြည့်ပြီး ပွစီပွစီပြောလေသည်။ ကျမ က လည်း စဉ်းစားမိသမျှ အချက်အလက်များဖြင့် ဆင်ခြေတက် အတွန့် တက်လေတော့သည်။ နောက်တော့ အဖွားသည် ကျမကို အရှုံးပေးကာ နင်နဲ့ ငါနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းဟုပြောကာ အဆုံးသတ်လေသည်။ ကျမသည် အဖွား၏ စေ့စပ်သေချာမှု ကို လေးစားသဘောကျပါသည် သို့ သော် သံသရာ အဆက်ဆက်ကပါလာသော ပြီးစလွယ်လုပ်တတ်သော အထုံပါရမီ ကား ပြင်ရန်ခက်ခဲလေစွ။

Wednesday 18 May 2011

ဒီနေ့ အတွေး - အဖွားနှင့် ခေါင်းဖြီးခြင်း

တနေ့ နေ့  တွေးမိတာတော်တော်များ၏ အဖွား ဆုံးပြီးခါစဆိုတော့ အဖွားအကြောင်း တော်တော်များများ တွေးမိသည်။ အဖွား က ကျမ ကိုတော်တော်ချစ်ရှာသည်။ အမျိုးတွေကလည်း ကျမကို အဖွား အချစ်ဆုံးလို့  ပြောကြပါသည် ။ သို့ သော် အဖွား သေသာ သွားတယ် ချစ်တယ်လို့ တော့ တခါမှ မပြောဖူးဘူး ။ အချစ်ဆုံးသာဆိုတယ် အဖွား နှင့် ကျမ တခုမှ မတူပါ  နည်းနည်းလေးမှ မတူ ပေ ။ အဖွားသည် စိတ်ရှည်သည်။ သည်းခံတတ်သည်။ ရိုးသားသည်။ အသန့် အပြန့် ကြိုက်သည်။ မိန်းမပီသသည်။ ကျမကတော့ ထိုအရာများနှင့် ဆန့် ကျင်ဖက်ဖြစ်လေသည်။
အဖွား တစ်ယောက် မနက်ဆို အစောကြီးထသည်  မနက် ၅ နာရီ လောက်ပေါ့  နောက်ပြီးခေါင်းဖြီးသညှ်အဖွားခေါင်းဖြီးပုံမှာ နည်းနည်း ထူးဆန်းသည်။  တခြားသူတွေတော့ မသိပါ တမျိုးလုံးမှာတော့ သူတစ်ယောက်ဘဲ အဲသလိုဖြီး၏။ ခေါင်းမဖြီးခင် တဘက် တထည် ခြုံ လိုက်သည်။ နောက် ကိုယ်လုံးပေါ် မှန်ရှေ့တွင် ဆံပင်ဖြန့် ပြီး ခေါင်းဖြီးပါသည်။  အကြာကြီးဖြီးနေသည်။ ခေါင်းဖြီးတွင် ဆံပင်တမွေးမှ ကပ်မပါလာသည့် အထိဖြီးလေသည်။ ခေါင်းတစ်ခါ ဖြီးပြီးတိုင်း ခေါင်းဖြီးတွင် ကပ်ပါလာသည့် ဆံပင်ချည်တွေကို သေချာ သပ်ယူပြီး နို့ မှုန့် ဗူးအဟောင်းထဲထည့်သည်။ ထိုသို့  အကြိမ်ကြိမ် အခါခါဖြီးပြီး သကာလ ခေါင်းဖြီးတွင် ဆံပင်တမွေးမှ ကပ်မပါလားသည့် အခါ ဆံပင်ကို သေချာစွာထုံးလိုက်သည်။ နောက်တော့ သူခြုံထားသော တဘက်ကို သေချာဖြန့် ပြီး ဆံပင်ချည်တွေ လိုက်ကောက်သည်။ နောက် မှန်ရှေ့က ကြမ်းပြင်တွင်ကျနေသော ဆံပင်ချည်ကို ကောက်သည်။ ထို့ နောက်အဖွား၏ ခေါင်းဖြီးခြင်း အနုပညာပြီးလေသည်။ ထိုကဲ့ သို့ ဆန့် ကျင်စွာ ကျမ သည် အိပ်ယာထပြီး သကာလ လက်ငါးချောင်းကို ဆံပင်ထဲထည့်ပြီး ၅ ချက်လောက်ဆွဲချလိုက်သည် (ဆံပင်ကတော့ အဖွားလို မရှည်ပါ အရင်းမှ အဖြား ၇ လက်မလောက်ရှိမည်ထင်သည်။) အဖွားခေါင်းဖြီးတာ နာရီဝက်လောက်ကြာမည်ထင်ပါသည် သို့ သော် ကျမ အတွက်တော့ အချိန် ၅ စက္ကန့်  နှင့် လက်ငါးချောင်းသာလို၏။ သို့ သော် အဖွားဆုံးပြီးနောက် အဖွားကို အမှတ်ရသည့် အနေဖြင့် အဖွားလို သေချာ ခေါင်းဖြီးမည်ဟုစဉ်းစားထားပါသည်။