Sunday 17 July 2011

မှန်းချက်နှင့် နှမ်းထွက် မကိုက်

ဒီနေ့  တနင်္ဂနွေ နေ့ ဆိုတော့ အေးအေးဆေးဆေး ရှိသည့် သကာလ ပိုက်ဆံ အပို ရလိုရငြား အိမ်မှာ စုဆောင်းထားသော ပုလင်းခွံ များနှင့် သတင်းစာ အဟောင်းသွားရောင်းပါသည်။ ကျမ တယောက်ထဲ မသယ်နိုင်တာ နဲ့  ကျမ ယောကျာ်း အကူအညီတောင်းပြီး သွားကြရာ အင်္ဂါသား ကျမ ယောကျာ်းသည် မကြည်မလင်ဖြင့် အထုတ်ထမ်းလိုက်လာရရှာသည်။ သူကလည်း အင်္ဂါသား ပီပီ ခြင်္သေ့စိတ် အပြည့် ရှိသတဲ့  ယောက္ခမ က ပြောပြဖူးသည် ကေသရာဇာ မှန်လျှင် ငတ်သေပစေ မြက်မစားဘူး ဆိုတာလေ ။ သည်မိန်းမ နှင့် ပေါင်းမှ ဒီဘ၀ ရောက်သွားသဖြင့် နောင်တရနေပုံရ၏ သို့ သော် အချိန်တွေနှောင်းခဲ့လေပြီ ဒါကြောင့် ရှေးလူကြီး တွေပြောတာ အိမ်ထောင်ပြု၊ ဘုရားတည် ၊ ဆေးမှည်ရေးထိုး ဆိုတာ လုပ်ပြီးပြင်ရခက်တယ်ဆိုတာ။  သူ့ ကို အားမနာတောင် သူ့  မာစတာဘွဲ့  လေးတော့ အားနာသင့်မှန်း ကျမလဲ တွေးမိပါသည်။ သို့ သော်ကျမ သည် ငယ်စဉ်ကတည်း ဆုံးဖြတ်ပြီးသား ကိစ္စကို ပြင်ရိုးထုံးစံမရှိပေ။ လုပ်မယ်ဆိုသည် အရာအား မဖြစ်မနေလုပ်တတ်၏ (  ဒီလို စိတ်ဓါတ်မျိုး နှင့် ကျောင်းစာတွေဘာ တွေမှာများ အားသွန် ခွန်စိုက် လုပ်ခဲ့ပါက ကျမ ဒီအချိန် ဒီလို မနေပါ ဘယ်လိုနေမလဲတော့ မသိပါ :) ) ထိုကြောင့် ၂ လမ်းကျော်က တရုတ်အဖိုးကြီး ထီးတချောင်း စားပွဲခုံ တခုံ ပေါင်ချိန်စက် တလုံးဖြင့်ဖွင့်ထားသော ကာလာမူနီ ဆိုင်သို့  မရောက်ရောက်အောင်လာခဲ့သည်။ ဈေးနှုန်းတွေက သတင်းစာက 0.12 per kg ဗူးခွံ ပုလင်းခွံ တွေက 0.05 per kg တဲ့ ဘယ်လိုဘဲဖြစ်ဖြစ် ပိုက်ဆံတော့ရမှာအမှန်ပင်။ အဖိုးကြီးက ပစ္စည်း တွေ ချိန် လိုက်သည်ပြီးတော့ စားပွဲသေးသေးလေပေါ်က စာအုပ်ထဲ ဟုတ်မှတ်ဒီမှတ် မှတ်လိုက်ပြီး အကြွေစေ့တွေ ထည့်ထားသည့် ပုံးထဲက ၁ ကျပ်စေ့ တစေ့ နှင့် ပြား ၂၀ တန် ၂ စေ့ပေးလာသည်။ ကျမလည်း ၂ ကျပ်တန်တွေ များပေးအုံးမလား မျော်လင့်နေသေးသည်။ သို့ နှင့် ကျမ မနေနိုင်ဘဲ That's all? လို့  မေးလိုက်တော့ သူ ကလည်း  yes  တဲ့ ကျမ မျော်လင့်ထားတာ ဒီလောက်တော့ မနည်းပါ သို့ သော်  ဒါလဲပိုက်ဆံပါဘဲလို့ ဖြေသိမ့်တွေးလိုက်သည်။ အပြန်လမ်းတွင် ကျမက အရင်ပြန်နှင့်ပြီး အင်္ဂါသား ကျမ ယောကျာ်းသည်ပင်ပန်းသွားသဖြင့် လက်ဖက်ရည်သောက် ဆေးလိပ်ဖွာပြီး သတင်းစာဝယ်ဖတ်လေသည်။  ပြန်တွက်ကြည့်လိုက်တော့ လက်ဖက်ရည် ပြား ၉၀ ဆေးလိပ် ပြား ၅၀ သတင်းစာက ပြား ၉၀ ဖြစ်လေရာ ရောင်းရငွေက ၁ကျပ် ပြား ၄၀ ကုန်တာက ၂ ကျပ်ပြား ၃၀ ကျသဖြင့်  ကျမ အမြတ်မကျန်ဘဲ အရင်းထဲကပါသွားလေတော့သည်။

6 comments:

  1. ရောင်းလိုက်ရတာ အမြတ်ပဲလေ.. ဟုတ်ဖူးလား
း)

    ReplyDelete
  2. :) ဟုတ်ပါတယ် အတွေ့ အကြုံ လဲရသွားပါတယ်

    ReplyDelete
  3. ဒီမှာလာဖတ်ရင် ဘာဖတ်ဖတ် ရယ်နေရတာပဲ။ တော်တော်ရေးတတ်တယ်။ စလုံးမှာတုံးက အိမ်မှာလဲ ရောင်းဖူးတယ်။ ရသမျှ ကြီးတော်နဲ့တူမ (သမီး)ခွဲဝေယူကြတာပဲ။ ဘယ်လိုတွေ ခွဲကြလဲတော့ မသိဘူး။

    ReplyDelete
  4. ရောင်းမလို့စဉ်းစားနေတာ.. တော်သေးတာပေါ့

    ReplyDelete