Monday, 8 August 2011

ကြွေးသစ် နှင့် ကြွေးဟောင်း


ကျမ ကိုယ့်ကိုယ်ကို စိတ်ချမ်းသာစေချင်ပါသည်။ သို့ သော်လည်း သောကဖြစ်စရာတွေ ကား ကြုံရဆုံရ၏။ 
သံရုံးမှာ အခွန်ဆောင်ရခြင်း က ဘယ်သူအတွက်မှ ဒုက္ခ မသေးပါ။ ဘာဘဲပြောပြော မနက် အစောကြီး ၆ နာရီ လောက်ကတည်းက အလုပ်သွားရ အလုပ်ပြန်ချိန်က ညနေ မဟုတ်တော့ ည ၈ နာရီ ၉ နာရီ လောက်မှ အိမ်ပြန် ရောက် ဒီလို ရှာရတဲ့ ပိုက်ဆံဆိုတော့ ဘယ်သူ မဆို နှမျော မိမှာဘဲ။ ပစ်စပို့  သက်တမ်းကလည်း ၃ နှစ် ဆို မြန်သလိုပါဘဲ။ မတိုးလို့ မှ မဖြစ်တော့ မပေးချင်လို့ ဘယ် ရမလဲ။  တွေးကြည့်ရင် စိတ်မသက်သာစရာပါဘဲ မပေးချင်ဘဲ ပေးရ မကုန်ချင်ဘဲကုန်ရတဲ့ ငွေအတွက် လူတိုင်းသောကရောက်မိမှာပါဘဲ။ မဖြစ်မနေလုပ်ရမည့် အလုပ်တခုအတွက် သောက အစား စိတ်ဖြေရာ စဉ်းစားမိပါသည်။  သံသရာမှာ ကျမ တို့  သူတပါး မပေးချင် တဲ့ အရာတွေ ယူခဲ့မိမှာပါဘဲ။ ၀ဋ်ကြွေးလို သဘောထားပြီး အကြွေးတွေ ဆပ်နေရတာလို့ တွေး ကြည့်လိုက်သည်။ အကြွေးဆိုတော့  မြန်မြန်ဆပ် တော့ မြန်မြန်ကျေတာပေါ့ ဆိုတော့ စိတ်သက်သာသွားသလို ပါဘဲ ။ မြတ်ဗုဒ္ဓ ၏ ကျေးဇူးတရားတွေပါ။  အကျိုးတရားတိုင်းအတွက် အကြောင်းတရားတွေ ရှိနေလို့   စိတ်ဖြေရာရှိနေတာပါ။  
လွန်ခဲ့သည့် ၁၅ နှစ်လောက်က အကြောင်းပြန်တွေးမိပါသည်။ ကျမ အမေက အစိုးရ၀န်ထမ်း အဲဒီအချိန်က ရုံးအုပ်လစာက ၁၀၀၀ ကျော်ကျော် လောက်ဘဲရသည်။ အမေတို့ တော်တော့် ကိုအဆင်မပြေပေ။ ၀န်ထမ်းကောင်းဆိုတော့ ပိုပြီး အဆင်မပြေပါ။ ကျမ က အဖိုးအဖွားနဲ့  အတူနေတော့ သိပ်ပြီးမခံစားရပါ။ အဲဒီတုန်းက ၀န်ထမ်း ဘယ်သူမှ မလုပ်ချင်ပါ။ အမေက ဇွဲကောင်းတယ်ခေါ်ရမလား လောကဓံ ကိုခံနိုင်တယ် ခေါ်ရမလား ၀န်ထမ်း အလုပ်ဘဲ စွဲစွဲမြဲမြဲ လုပ်လာခဲ့သည်။ အခုအချိန် ၀န်ထမ်းလစာတွေတိုးတော့ အမေ အရင်ကထက် အဆင်ပြေပါသည်။ သူဌေးတော့ မဖြစ်ပါ။
ကျမ လည်း မျော်လင့်ထားပါသည်။ ကျမ တို့ နိုင်ငံ နောင် လာမဲ့ နှစ်တွေမှာ ဒီထက်ပို အဆင်ပြေပြီး စနစ်တွေပြောင်း သွားပါစေ။ အခွန် ၂ ထပ် ဆောင်ရတာတွေ မရှိတော့ဘဲ ပတ်စပို့  သက်တမ်း ၁၀ နှစ်ဖြစ်သွားပါစေ မျှော်လင့်ရင်း ဆုတောင်းမိပါသည်။ ကျမတို့  ၀ဋ်ကြွေးတွေ ကျေတဲ့ တနေ့  ဖြစ်လာကောင်းပါရဲ့  ကြွေးသစ်တွေ မယူရတဲ့ ဘ၀ဆိုရင်တော့ တနေ့ နေ့ တော့ ရောက်လာအုံးမှာပါ။   

Monday, 1 August 2011

ကျမ နှင့် ပိုးဟပ်

စင်္ကာပူတွင် ပိုးဟပ်ပေါသည်။ ရောက်စက မသိသာ ပေ ။ သို့ သော် အိမ်တွင် တဖြည်းဖြည်း များလာ သောကြောင့် ဘယ်လိုလုပ်ရမလဲ စဉ်းစားရသည်။ ဈေးဆိုင်တွေမှာ လျှောက်ကြည့်တော့ cockroaches killer ဆိုတာ ကိုလည်း မသုံးချင်ပါ killer ဆိုတာပါနေသောကြောင့်ပါ။ ဆက်ရှာကြည့်တော့ cockroaches trap ဆိုတာကိုတွေ့ သည် killer ဆိုတာ မပါပေ။ ထို့ ကြောင့် ဘာဘဲဖြစ်ဖြစ် ၀ိနည်းလွတ်တာဘဲ ဆိုပြီး ၀ယ်လာသည်။ အိမ်ရောက်လို့ ဖွင့် ကြည့်တော့ ကတ်ထူ ဗူးသေးသေး ပြားပြားလေး အောက်ခြေမှ ခွာပါ ဆိုတာလေး ခွာလိုက်တော့ ကော်ဖြစ်နေသည်။ ပိုးဟပ်ကို ကော်နဲ့ ကပ်ပြီးဖမ်းတဲ့ သဘောပါ။ သို့ နဲ့  တရားခံ ရှာအုံးမှ ဆိုပြီး ကျမ ယောကျာ်းကို သွားမေးကြည့်သည် ဒီဟာ နဲ့  ပိုးဟပ်ကိုဖမ်းရင် မသေလောက်ဘူးနဲ့ တူတယ် ( မေးကတည်းက သိရက်နဲ့ လိုရာဆွဲ မေးလိုက်သည်) သူ ကလဲ တိတိကျကျ ပြန်ဖြေသည်။ မသေစေချင်လျှင် တော့ ဗူးထဲက ကော်နဲ့ ကပ်မိနေတဲ့  ပိုးဟပ် တွေကို နေ့ တိုင်း အစာနည်းနည်းကျွှေးပေး ရေနည်းနည်းတိုက်ပေးပေါ့တဲ့  အဖြေက (ရွဲ့ ပြီး) တော်တော်ရှင်းသည်။ နေရင်းထိုင်ရင်း ပိုးဟပ် ကို အိမ်မွေးတိရ စ္ဆာန် ထဲ ထည့်ရမလိုဖြစ်နေပြီ ။  ဒါနဲ့  ဒီနည်းလဲ အဆင်မပြေသေးပါဘူး ဆိုပြီး နှမျောစွာ cockroaches trap ကို ပစ်ထုတ်လိုက်ရသည်။ ကျမလည်း အလုပ်မရှိအကိုင်မရှိအားနေသူဆိုတော့ ပိုးဟပ်ကို ဘက်လိုရှင်းရပါ့ (ငါးပါးသီလကလဲ လွတ်ချင်သေးသည်) ဆက်ပြီး စဉ်းစားသည်။ သို့ နှင့် ပရုတ်လုံးတွေကို ကြောင်အိမ်ထဲ ထည့်ထားကြည့်လိုက်သည်။ တပတ်လောက်စောင့်ကြည့်တော့လည်း ပိုးဟပ်တွေက အေးအေးဆေးဆေး အစားမပျက် အသောက် မပျက်ပေ။ ပိုးဟပ်တွေ ကျမ ကြောင်အိမ်ကို ရေကြည်ရာမြက်နုရာ လို့ အထင်ရောက်သွားပုံရသည်။ တဖြည်းဖြည်း နယ်ချဲ့ လာတော့သည်။ ကြာတော့ ကျမ လည်းသူတော်ကောင်း ဟန် ကြာကြာ မဆောင်နိုင်တော့ပေ။   ပိုးဟပ်တွေ ပမာမခန့်  လုပ်နေသည်ကို နည်းနည်းတော့ စိတ်တိုလာသည်။ ဒင်းတို့ ကို မသတ်ရက်သည်မှာ ချစ်လွန်းလို့ တော့ မဟုတ်ပေ။ ကျမ ကိုယ့်ကို ကိုယ် ချစ်သဖြင့် ၀ဋ်လည်မှာ ကြောက်သောကြောင့်သာ သည်းခံနေရသည်။  ( ၀ဋ်လည် မှာ ကြောက်ရခြင်း အကြောင်း နောက်မှ ရေးတော့မည် )။
ဒီနေ့ မှာတော့ ငါ ၀ဋ် လည်တာ ခံမလား ပိုးဟပ်တွေများများလာ တာ ကြည့်နေနိုင် မလားဆိုတာ ပြတ်ပြတ်သားသား ဆုံးဖြတ် ပြီး တခုတခုတော့ လုပ်မှ ဆိုပြီး  fairprice shop မှာ တော်ရှာမြောက်ရှာ ရှာရင်း NaturGard - Automatic Insect Control System ဆိုတာတွေ့ သည်။ ပိုးဟပ်တွေ သေမှာလား ပြေးရမှာလားမသိပေ။ ကျမ တမင်တကာသေချာ မဖတ်တော့ပါ။ killer လို့ မပါတော့ ဘာဘဲပြောပြော တာဝန်ကင်း တယ်ယူဆပြီးစိတ်ချမ်းသာသလိုရှိပါသည်။ ပိုစိတ်ချမ်းသာစေတာက discount ချထားခြင်းဖြစ်သည်။ :-)

Sunday, 17 July 2011

မှန်းချက်နှင့် နှမ်းထွက် မကိုက်

ဒီနေ့  တနင်္ဂနွေ နေ့ ဆိုတော့ အေးအေးဆေးဆေး ရှိသည့် သကာလ ပိုက်ဆံ အပို ရလိုရငြား အိမ်မှာ စုဆောင်းထားသော ပုလင်းခွံ များနှင့် သတင်းစာ အဟောင်းသွားရောင်းပါသည်။ ကျမ တယောက်ထဲ မသယ်နိုင်တာ နဲ့  ကျမ ယောကျာ်း အကူအညီတောင်းပြီး သွားကြရာ အင်္ဂါသား ကျမ ယောကျာ်းသည် မကြည်မလင်ဖြင့် အထုတ်ထမ်းလိုက်လာရရှာသည်။ သူကလည်း အင်္ဂါသား ပီပီ ခြင်္သေ့စိတ် အပြည့် ရှိသတဲ့  ယောက္ခမ က ပြောပြဖူးသည် ကေသရာဇာ မှန်လျှင် ငတ်သေပစေ မြက်မစားဘူး ဆိုတာလေ ။ သည်မိန်းမ နှင့် ပေါင်းမှ ဒီဘ၀ ရောက်သွားသဖြင့် နောင်တရနေပုံရ၏ သို့ သော် အချိန်တွေနှောင်းခဲ့လေပြီ ဒါကြောင့် ရှေးလူကြီး တွေပြောတာ အိမ်ထောင်ပြု၊ ဘုရားတည် ၊ ဆေးမှည်ရေးထိုး ဆိုတာ လုပ်ပြီးပြင်ရခက်တယ်ဆိုတာ။  သူ့ ကို အားမနာတောင် သူ့  မာစတာဘွဲ့  လေးတော့ အားနာသင့်မှန်း ကျမလဲ တွေးမိပါသည်။ သို့ သော်ကျမ သည် ငယ်စဉ်ကတည်း ဆုံးဖြတ်ပြီးသား ကိစ္စကို ပြင်ရိုးထုံးစံမရှိပေ။ လုပ်မယ်ဆိုသည် အရာအား မဖြစ်မနေလုပ်တတ်၏ (  ဒီလို စိတ်ဓါတ်မျိုး နှင့် ကျောင်းစာတွေဘာ တွေမှာများ အားသွန် ခွန်စိုက် လုပ်ခဲ့ပါက ကျမ ဒီအချိန် ဒီလို မနေပါ ဘယ်လိုနေမလဲတော့ မသိပါ :) ) ထိုကြောင့် ၂ လမ်းကျော်က တရုတ်အဖိုးကြီး ထီးတချောင်း စားပွဲခုံ တခုံ ပေါင်ချိန်စက် တလုံးဖြင့်ဖွင့်ထားသော ကာလာမူနီ ဆိုင်သို့  မရောက်ရောက်အောင်လာခဲ့သည်။ ဈေးနှုန်းတွေက သတင်းစာက 0.12 per kg ဗူးခွံ ပုလင်းခွံ တွေက 0.05 per kg တဲ့ ဘယ်လိုဘဲဖြစ်ဖြစ် ပိုက်ဆံတော့ရမှာအမှန်ပင်။ အဖိုးကြီးက ပစ္စည်း တွေ ချိန် လိုက်သည်ပြီးတော့ စားပွဲသေးသေးလေပေါ်က စာအုပ်ထဲ ဟုတ်မှတ်ဒီမှတ် မှတ်လိုက်ပြီး အကြွေစေ့တွေ ထည့်ထားသည့် ပုံးထဲက ၁ ကျပ်စေ့ တစေ့ နှင့် ပြား ၂၀ တန် ၂ စေ့ပေးလာသည်။ ကျမလည်း ၂ ကျပ်တန်တွေ များပေးအုံးမလား မျော်လင့်နေသေးသည်။ သို့ နှင့် ကျမ မနေနိုင်ဘဲ That's all? လို့  မေးလိုက်တော့ သူ ကလည်း  yes  တဲ့ ကျမ မျော်လင့်ထားတာ ဒီလောက်တော့ မနည်းပါ သို့ သော်  ဒါလဲပိုက်ဆံပါဘဲလို့ ဖြေသိမ့်တွေးလိုက်သည်။ အပြန်လမ်းတွင် ကျမက အရင်ပြန်နှင့်ပြီး အင်္ဂါသား ကျမ ယောကျာ်းသည်ပင်ပန်းသွားသဖြင့် လက်ဖက်ရည်သောက် ဆေးလိပ်ဖွာပြီး သတင်းစာဝယ်ဖတ်လေသည်။  ပြန်တွက်ကြည့်လိုက်တော့ လက်ဖက်ရည် ပြား ၉၀ ဆေးလိပ် ပြား ၅၀ သတင်းစာက ပြား ၉၀ ဖြစ်လေရာ ရောင်းရငွေက ၁ကျပ် ပြား ၄၀ ကုန်တာက ၂ ကျပ်ပြား ၃၀ ကျသဖြင့်  ကျမ အမြတ်မကျန်ဘဲ အရင်းထဲကပါသွားလေတော့သည်။

Tuesday, 12 July 2011

missing

မနေ့ တုန်းက ဇူလိုင် ၁၁ ရက် နေ့  အဖွားဆုံးတာက မေ ၁၁ ရက်နေ့ ဖြစ်သည်။  အဖွားကို သတိရပြီး စိတ်မကောင်းဖြစ်တာနဲ့  သတိတရ Gtalk comment မှာ ဒီနေ့  အဖွားဆုံးတာ ၃ လပြည့်တဲ့ နေ့ လို့  တင်လိုက်သည်။
တနေကုန် တင်ထားတာ ညနေ ရောက်တော့ မှ သေချာပြန်တွက်ကြည့်လိုက်တော့ အဖွားဆုံးတာ ၃ လ ဘယ်ဟုတ်မလဲ ၂ လဘဲရှိသေးသည်။ ကျမ သည် ထိုကဲ့ သို့  ၀မ်းနည်းတာတောင် တလွဲတချော် ၀မ်းနည်းသည်။ အဖိုးကိုလဲ သတိရမိသည်။ မွေးရပ်မြေကိုလဲ သတိရမိပါသည်။ အဖိုး ကျမငယ်ငယ်တုန်းက ခဏခဏ ရွတ်ပြသည့် ကဗျာ တော်တော်များများ ၇ှိဖူးသည်။ အဖိုးကတော့ အလွတ်ဆိုပြနိုင်သည်။ ကျမ ကတော့ တပုဒ်မှ အလွတ်မရပါ။ ထို့ ကြောင့် google မှာရှာရသေးသည်။


လက်ဝဲသုန္ဒရ အမတ်ကြီး ၏  "' မဲဇာတောင်ခြေ '" ရတု ကဗျာ မှ

ရွှေစေတီကြီး၊ အသီးသီးတည့် ပိတ်ဆီးခြယ်သန်း၊ လျှပ်
ရောင်တန်းမျှ၊ ရွှေနန်းရွှေဘုံ၊ အလုံးစုံကို၊ အာရုံမျက်မြင်၊ ဖူးမြော်ချင်၍၊
သည်တွင်ရွှေမြို့ ၊ သည်သို့စေတီ၊ သည်ဆီရွှေနန်း၊ ဖြောင့်တန်းတော့
မည်၊ စိတ်ကရည်သည်။ ။ ရွှေပြည်ဌာန ဝေးသောကြောင့်..။ ။






Saturday, 9 July 2011

ယောင်နေကျထဲ က တခု

ကျမ ကျွန်းနိုင်ငံကို ရောက်စက ကျမ နှင့် ပြည့်ပြည့် တောင်သွား မြောက်သွား လမ်းသလားကြသည်။ ထိုစဉ်က ရောက်စဆိုတော့ ပိုက်ဆံကုန်တာတွေ ဘာတွေ မစဉ်းစားမိသေးပါ။ နောက်ပြီး ကျမ က တခါတလေ ဈေးသွားဝယ်ရင်  ၃၀ ၄၀ စသဖြင့်ဈေးကပ် ထားလျှင် အူကြောင်ကြောင် ဖြင့် ဈေးပေါတယ်ဆိုပြီး ယောင်ပြီးဝယ်လာတာ ခဏခဏ ပင် အိမ်ရောက် လို့  သေချာ ထွက်ချက် စဉ်းစားကြည့်လိုက်တော့မှ မျက်လုံးပြူးရသည်။ ရုတ်တရက်ဆိုတော့ မြန်မာပြည်မှာ မြင်နေကျ ဈေးနှုန်းတွေက အနည်းဆုံး ၅၀၀ ၁၀၀၀ ဆိုတော့ ယောင်သွားခြင်းဖြစ်သည်။ ဒီလို နှင့် တရက်  ကျမ နှင့် ပြည့်ပြည့် ပန်းခြံ တခု သွားကြသည်။ ရောက်စဆိုတော့ ဘယ်သွားသွား မလည်မ၀ယ်နှင့် အူကြောင်ကြောင်ဖြစ်နေသည်။  လက်မှတ်ဝယ်ပြီး အပေါက်လိုက်ရှာနေစဉ် ၀န်ထမ်း ကောင်မလေးတစ်ယောက်ကို သတိထားမိသွားသည်။ မြန်မာ မလေးနှင့် တူသဖြင့် ၀မ်းသာသွားပြီး သူ့ ကို သွားမေးအုံးမှ ဆိုပြီး ကောင်မလေး အနီးသွားလိုက်ပြီး ညီမလေး က မြန်မာ လား လို့  ၀မ်းသာအားရ မေးလိုက်သည်။ သူမ ကလည်း တခြား ကာစတမ်မာ တွေ နဲ့  အလုပ်ရှုပ်နေသည့်ကြားက မဟုတ်ဘူးတဲ့ ဒါနဲ့  ကျမ လည်း ၀မ်းနည်းသွားသည်။ ကိုယ်ကို ကိုယ်လဲ ဖြေသိမ့်တွေးလိုက် သည် ငါက လည်းတွေ့ တဲ့သူတိုင်း မြန်မာထင်နေတော့တာဘဲ ဒီမှာက ဖိလစ်ပိုင် တို့  မလေးတို့  ကလည်း မြန်မာနှင့် ရုပ်ခြင်းဆင်တာဘဲ ကိုယ်အားကိုယ်ကိုးပြီးရှာမှ ဆိုပြီးပြန်ထွက်လာခဲ့သည်။ ဒါနဲ့  ခြေလှမ်း ဆယ်လမ်း ဆယ့်ငါးလမ်း လောက်ရောက်တော့မှ သေချာပြန်စဉ်းစားမိသည်။ အင်း နေပါအုံး ခုဏက ငါက သူ့ ကို မေးတုန်းက မြန်မာလို ညီမလေး က မြန်မာ လား လို့ မေးတာ သူက လဲ မြန်မာလိုဘဲ မဟုတ်ဘူးလို့  ပြန်ပြောလိုက်တာလေ ဒီလိုဆိုတော့ ဒီကောင်မလေးမြန်မာ ဘဲပေါ့ ဆိုပြီး ၀မ်းသာအားရ  ပြန်လှည့်မည် ပြင်လိုက်သေးသည် ပြီးတော့မှ နောက်တခါပြန်စဉ်းစားမိသွားသည်။ သူမ အလုပ်ရှုပ်နေတော့ ငါ့ကို ဘယ်လို လုပ် ကောင်းကောင်း ကူညီနိုင်ပ မလဲ အရေးတကြီး မှ မဟုတ်တာ လေ ဆိုပြီးကိုယ့်လမ်းကို ဆက်လျှောက်လာခဲ့သည်။ သွားနေရင်း ငါတော်တော် ယောင်တောင်တောင် ကြောင်တောင်တောင် နိုင်ပါလား ဆိုပြီး တွေးမိသေးသည်။ ကိုယ်ပေါင်ကိုယ် သာသာထောင်းပြောရရင်တော့ ကျမက မွေးကတည်း မသိမသာ နည်းနည်းလေ ကြောင်တတ်ယောင်တတ်သည်။

Friday, 8 July 2011

ပြည့်ပြည့် ၏ လက်စွမ်း

ကျမ မြန်မာပြည်မှာတုန်းက အလုပ်သွားလိုက် သင်တန်းတက်လိုက်နှင့် တနေ့ တနေ့ ၇ှုပ်ယှက် ခတ်နေရသည်။ အခုတော့ အလုပ်မရှိအကိုင်မရှိ ဘ၀ တော်တော် ပျင်း ရသည်။ သို့ သော် ကျမ၏ တစ်ဦးတည်းသောသမီး ပြည့်ပြည့် က ကျမ မပျင်းရအောင် တနေ့  တစ်မျိုး တစ်အိမ်လုံး ဖွ ပြီး ပါရမီဖြည့်ပေးလို့ တော်သေးသည်။ မှတ်မိပါသေးသည် မြန်မာပြည်မှာတုန်းက တရက်မှာ ကျမ စာမေးပွဲနီးတာနဲ စာထိုင်ကြည့်နေသည်။ အနား ကပ်မှ အသည်းအသန် စာဖတ်တတ်သည့် အကျင့်ရှိ၏။  ပြည့်ပြည့်ကလဲ ထိုစဉ်က ၃နှစ်ကျော်ကျော် ဘဲရှိသေးသည်။ ကျမ စာကြည့်နေသည့် စားပွဲအနီး ကျမရဲ့  ဘောပင်တွေ highlighter တွေ လာဆော့နေသည်။ ပြီးတော့ သင်တန်းချိန် နီးနေတာနဲ့  ကျမ စာအုပ်တွေ သိမ်းပြီး ကျောင်းသို့  ကပျာကယာ ထွက်လာခဲ့သည်။ ကျောင်းရောက်တော့မှ ဆရာစာသင်နေတုန်း အမှတ်တမဲ့ ကျမ ခြေထောက်ကို ကြည့်လိုက်မိသည်။ ကျမ ဘုရား တ ပြီး မျက်လုံးပြူးသွားရသည် ကျမ ရဲ့  ညာဖက် ခြေဖမိုး မှာ အစိမ်းရောင် နာရီပုံက ခြေဖမိုး အပြည့် နေရာယူထားသည်။ ကျွတ်ကျွတ် ပြည့်ပြည့် လက်စွမ်းပြ ထားတာကိုး ဘောပင်လောက်နဲ့  ဆွဲထားတာ ဆိုတော်သေးသည် အခုတော့ အစိမ်းရောင် high lighter နှင့် ထင်ထင်ရှားရှား ကိုးယိုကားယား နာရီပုံ နာရီလက်တံ၊ အစိတ် ကလေးတွေက ပါလိုက်သေးသည် ဘယ်အချိန်က ဆွဲ သွားလဲမသိ ကျမ ကလဲ နဂို ကတည်းက ပါးပါးလျားလျား ရှိသူဆိုတော့ ဘယ်အချိန်က ဆွဲ သွားမှန်း သတိမထားမိလိုက်ပါ။ အဲဒါမှ ဒုက္ခ ကျမ ခြေထောက် ဘယ်သွားထားရမှန်း မသိပေ။ စာသင်နေတုန်းဆိုတော့ ဖျက်ဖို့  ကလဲ မလွယ်ပေ။ သူများတွေမြင်ရင်တော့ စာမေးပွဲ နီးလို့ ဂေါက်သွားတယ်ထင်အုံးမယ်။ အိမ်က ကလေး ဆွဲလိုက်တာလို့ တော့ ထင်ကြမှာ မဟုတ်ပေ။ :) ဘာကြောင့်လဲ ဆိုတော့ ကျမကို မသိတဲ့ သူတွေ ကြည့်လိုက်ရင် ကလေးအမေလို့  မထင်ရပေ။ ( ကျမ ယောကျာ်း မဖတ်မိပါစေနဲ့  ) ဒါကြောင့် အလုပ်ထဲမှာ ရော ကျောင်းမှာ ပါ ကျမ အိမ်ထောင်ရှိတယ် ကလေး တစ်ယောက်လဲရှိတယ် လို့  အမြဲပြောပြောနေရသေးသည်။ တခါတလေ လည်း ပြောရတာ မောလိုက်တာ လူတွေ ထင်ချင်သလို ထင်ကြပါစေလေ ငါဘဲ အနစ်နာ ခံလိုက်တော့မယ်လို့  တွေးရသေးသည်။ မှတ်ချက် ( ကျမ က လှတပတ လေးတော့ မဟုတ်ပေ ရုပ်ဆိုးတယ်လို့ လဲ ကိုယ်ကိုကိုယ် မပြောရက်ပါ။ :) )

Thursday, 7 July 2011

သန့် ရှင်းရေး

လူ့  ဘ၀ က တိုတို လေးဆိုတော့ ပျော်ပျော်နေတတ်တာကောင်းပါသည်။ အဖိုး က ပြောဖူးသည် အဌာရသ ၁၈ ရပ်ထဲတွင် ဟာသ ပညာပါသည်တဲ့ ထို့ ကြောင့် ဟာသ ဥာဏ် ရှိသင့် သတဲ့ ။ ကျမ က ဟာသ ဥာဏ် သိပ် မရှိပါ သို့ သော် အရယ်တော့ သန် ပါသည်။ ကျမ အိမ်ထောင်ကျ စက အလုပ် ခဏ နားချိန်တွင် ကျမ တစ်ယောက်ထဲ ယောက္ခမ အိမ်သွားလည်စဉ်ကပါ။
ကျမ နှင့် ယောက္ခမ တောင်သွားမြောက်သွား လျှောက်သွားကြသည်။ တနေ့ တော့ ယောက္ခမ ရဲ့ မိတ်ဆွေ သမီး က ဆေးရုံမှာ ခလေးမွေးတာ သတင်းသွားမေးကြသည်။ အဲဒီ အမရဲ့  အဒေါ်က ဆေးရုံက စစ်စတာ ဖြစ်သည်။ ကျမတို့ သွားတော့ ခွဲခန်းထဲ ထွက်ခါစ ဖြစ်သည်။ ဘေးမှာ အမျိုးတွေ မိတ်ဆွေတွေ ဆရာမ တွေဝိုင်းလိုပါ။ သိပ်မကြာမိ နောက်တယောက် ခွဲခန်းထဲက ထွက်လာသည်။ ပိုက်တန်းလန်း နှင့် အသက် ၂၀ ခန့်  ကောင်မလေး တစ်ယောက်ဖြစ်သည်။ သူဘေးမှာ အဖွားကြီး တစ်ယောက် အထုတ် ကလေး ပိုက်ပြီး ရပ်နေတာ ကလွဲလို့  တစ်ယောက်မှာ မရှိပေ။ ဆရာမ တွေက ဘေးက အဖွားကို ဟိုလို လုပ် ဒီလို လုပ် ပြောတော့ အဖွားကြီး ကလည်း ယောင်တောင်တောင် ဖြစ်သွားပုံရသည်။ ဘာမှ မလုပ်ဘဲ ငုတ်တုတ်မေ့နေသလို ရပ်နေသည်။ ကျမ နှင့် ယောက္ခမ နှစ်ယောက်သား ကြည့်ရတာ အမြင်မတော်တာ နဲ့  ကူညီ အုံးမှ ဆိုပြီး ယောက္ခမ က အဖွားကြီးရဲ့  အထုတ်ကိုယူပြီး နီး ရာ ကုတင်တွင် ကိုသွား ပြီး အထုတ်ထဲက စောင်တွေ ထမိန် တွေ ကို ခင်းလိုက်သည်။ ကျမ နှင့် အလုပ်သမား တစ်ယောက်က ကောင်မလေးကို အတူမပြီး ကုတင်ပြောင်းပေးလိုက်သည်( ခွဲ ခန်း တွန်းလှည်း ကုတင်မှ)။ ထို အချိန် အထိ ဘေးနား က အဖွား က ဘာလုပ်လို ဘာကိုင်ရမှန်း မသိဖြစ်နေတုန်းပင် ။ ကျမ တို့  ကလဲ လာရင်း ရည်ရွယ်ချက်ကို မေ့သွားကြပြီး အနီး အနားက ဆရာမကို စပ်စုလိုက်ကြသည်။ ကလေးမက တော်တော်တောကျ တဲ့ ဒေသ ကလာတဲ့ အကြောင်း ဗိုက်အောင့်လို  ဆေးရုံလာပြရင်း မမျော်လင့် ဘဲ သားအိမ်ခြစ်လိုက်ရကြောင်း သူ ယောကျာ်းက ပိုက်ဆံပြန်သွားယူနေပြီး ဘေးနား က အဖွားက သူ အမေဖြစ်ကြောင်း တောကလာသဖြင့် ဘာတခု မှ မသိကြောင်းပြောပြသည်။  နောက် ဆရာမက ဆက်ပြောပြသည် အဖွားကြီးက တကယ့်ကို အူတူတူ နဲ့  မနက် တုန်း က ဆရာမ တစ်ယောက်က သန့် ရှင်းရေး လုပ်မယ် ဘယ်အခန်းကို သွားလိုက်ပါဆို ပြီး ( ခွဲခန်းထဲဝင်မည်သူများသည် အမွေးအမျှင်များ ရိတ်ရန် အခန်း) ကို သွားခိုင်းလိုက်တာ လူနာက မသွားဘဲ အဖွားကြီး က တံမြက်စည်းကိုင်ပြီး သွားလိုက် သတဲ့  အခန်းထဲ ရောက်တော့ သန့် ရှင်းရေး လုပ်သူတွေကလဲ အခန်းထဲ ၀င်လာတော့ လူနာထင်ပြီး အဖွားကြီးကို ရိတ်ပေးလိုက်သတဲ့ နောက်တော့ ကောင်မလေးကို ခွဲခန်းထဲ ခေါ်ပြီး ဆရာဝန်တွေ ခွဲစိပ် မယ် ပြင်ဆင်ကြတော့မှ အမေနှင့် သမီး မှား ရိတ်မိမှန်း သိ လိုက်ရတာလေ  ဆိုပြီး ဆရာမ ကပြောပြတော့ ကျမတို့  နှစ်ယောက် ရီလိုက်ကြတာ နောက်မှ လာရင်း ကိစ္စကို သတိရသွားပြီး ခုဏ အမ ကို ကြည့်လိုက်တော့ မရှိတော့ပေ။ သီးသန့်  အခန်းထဲ ရောက်သွားပြီ။ လမ်းမှာ ပြောလိုက် ရီလိုက်နဲ့  အခန်းလိုက်ရှာရသေးသည်။ အခန်းထဲ ရောက်တော့ ထိုဇာတ်လမ်းကို ခလေးမွေးတဲ့  အမက လဲ သိနှင့်ပြီးသား သို့ သော် ဗိုက်ခွဲ ထား သောကြောင့် ရီချင်တိုင်း ရီလို မရပေ။ သူ ကလည်း သူများရီ လျင် လိုက်ရီချင်သတဲ့  ဒါနဲ့ ကျမ နှင့် ယောက္ခမ ရီချင်စိတ်ကို မနည်း အောင့်ထားရသေးသည်။ အဖွား ကြီး ကလဲ တော ကဆိုတော့ သန့် ရှင်းရေးလုပ်မယ်ဆိုတာ ပုံမှန် အိမ်သန့် ရှင်းရေး အခန်း သန့် ရှင်း ရေးလုပ်တာ ထင်ပုံရသည်။ သူ့ ခမျာ နေရင်းထိုင်ရင်း ပြောင်သွားရရှာသည်။