Monday, 26 December 2011

၁ အဆက် ၂


http://phomu.blogspot.com/2011/12/blog-post.html  အဆက် ဖြစ်ပါသည်။

ည ၈ နာရီခွဲ ရောက်တော့ ယောဂီဆောင် ကို ပြန်ရသည်။ ပင်ပင်ပန်းပန်း ဘာတခုမှ မလုပ်ရဘဲ အလွန် ညောင်းညာပြီး အိပ်ချင်နေသည်။ ယောဂီဆောင်မှာ အဲဒီအချိန်က လူများသဖြင့် အခန်းကြီးတခန်းမှ လူ ၁၂ ယောက် လောက် တန်းစီ ပြီး အိပ်ရသည်။ အခန်းထဲ ရောက်တော့ အလွန်ပင်ပန်းသည့် စတိုင်ဖြင့် ခြင်ထောင်ချပြီး အိပ်ယာထဲ ခြေပစ်လက်ပစ်ဝင်လိုက်သည်။ အိပ်ယာထဲ မရောက်ဘဲ အရေးထဲ ဂတုံးနှင့် ခြင်ထောင်က ငြိ နေသည်။ ရုတ်တရက်ဆိုတော့ ငယ်တုန်းက သင်ခဲ့ရသည့် သမင်ဦးဂျို နှင့် ချုံပုတ်တွေ ငြိနေသည့် ပုံပြင်သတိရသွားပြီး ငါ့ ခေါင်းဂျို များ ပေါက်နေလို့ လာ ဆိုပြီး စိတ်ပူသွားသည်။ တကယ်တော့ ဆံပင်ငုတ်တို ဂတုံးနှင့် ဇာခြင်ထောင် ကပ်ခွာတွေလို ဖြစ်ပြီး ငြိနေတာ မနည်းရှင်းရသေးသည်။  နောက်တော့မှ သိသွားပါသည် လူအရင်ဝင်ပြီးမှ ခြင်ထောင်ချသည်။ ပြီးတော့ မနက် ၃ နာရီခွဲ ထရမည်ဆိုတော့ အမြန်အိပ်ရသည်။ ထိုအသက်အရွယ်အထိ မနက် ၃ နာရီခွဲ ဆိုတာ တခါမှ မထဖူးပါ။ အအိပ်ကြီးတဲ့ ကျမ သည် ၁၆ နှစ်လုံးလုံး အာရုံတက် ချိန်ကို မမြင်ဖူး မကြုံဖူးပါ။ မနက်စောစော ထရမည့် အရေးတွေး မပူတော့ လောလောဆက်အိပ်ပျော်မှ ဖြစ်ပေမည်။ မနက်တိုင်း ပထမဆုံး အုံးမောင်ခေါက်သည် ကြေးစည်ထုသံကြားရသည်။ ထိုအသံ တွေ နှင့် အတူ ဆက်တိုင်ခွေးအူသံများကြားရသည်။ နောက်တော့ ဘေးက လူများထသံကြားရသည်။ တခြားအခန်းက အသံများကြားရသည်။ ကျမ က ကြေးစည်းတီးသံ ကြား ကတည်းကစပြီး ယောဂီထိန်းလာ နိုးသည့် အချိန်အထိ မရမက အိပ်လိုက်သေးသည်။ နောက် အသားကျလာတော့ ထိုသို့  မဆိုးတော့ပေ။ ယောဂီထိန်းလာနိုးစရာ မလိုတော့ပါ။ ယောဂီထိန်းများက အသက် ၅၀ ကျော် ၆၀ ကျော် ကျောင်းဆရာမ၊ အငြိမ်းစားကျောင်းဆရာမ တွေများပါသည်။ ကျမ တို့ ယောဂီသစ်များနောက်ကို မနက်အိပ်ယာထ ကစ ပြီး ည အိပ်တဲ့ အထိ တောက်လျောက် လိုက်ကြည့်တတ်သည်။ လမ်းလျောက်လျင် ဖြေးဖြေး လျှောက်၊ တောင်ကြည့် မြောက်ကြည့် မကြည့်ရ၊ ရေချိုး အ၀တ်လျော် ၊ အ၀တ်လှန်း သည့် အထိ ဘယ်လိုလုပ်ပါ စသဖြင့် စည်းကမ်းတော်တော်များ၏။ မနက် အဆောင် အထွက် မှ ဓမာ ရုံ သို့ မနက် ၄ နာရီခွဲ တွင် အားလုံး တန်းစီးပြီး သွားရသည်။ နောက်ကျလျှင် အပြောခံရသည်။ ယောဂီထိန်းတွေက ဆိုးဆိုးဝါးဝါး တော့ ဆူတာပြောတာမ၇ှိ ပါ။ သို့ သော် " ဟိုမှာ တွေ့ လား ဆရာလေး တပါး  ဆရာလေးတို့ နှင့် အသက်အတူတူဘဲ သူကိုကြည့်လိုက်ရင် အေးချမ်းပြီး တည်တည်ငြိမ်ငြိမ်လေး အဲလို နေမှ မြင်ရတဲ့ သူ ကြည်ညိုစရာဖြစ်တာ " စသဖြင့် သူတို့ ဖြစ်စေချင်သည့် ပုံစံများအား တခြားသူများနှင့် နှိုင်းယှဉ် ဆုံးမလေသည်။ ထိုစတိုင်သည် အဖွား ဆုံးမနေကြ စတိုင်ဖြစ်၏ ။ သို့ သော် ကျမ တတ်နိုင်သမျှလိုက်နာပါသည်။ ကိုယ်တိုင် အသက်ကြီးလာတော့မှ လူကြီး မဖြစ်ဖူးသော လူငယ်များနှင့် လူငယ် ဘ၀ ဖြတ်သန်းဖူးသည် လူကြီးများ၏ ခြားနားချက်ကို နားလည်လာသည်။

     

Friday, 23 December 2011

" ဖွဘွတ်ခ် ဝေဒနာ"


ခုတမျိုး တော်ကြာ တမျိုး 

သတင်းတွေ အစုံ အတင်းတွေ အကုန် 

ဟုတ်တာတွေရော မဟုတ်တာတွေရော   
  
မျက်လုံးတွေပြူး ခေါင်းတွေမူး

မျက်စိတွေလည် နားတွေကျယ်
  
လည်ပင်းတွေညောင်း ခါးတွေစောင်း

မနက်မိုးလင်း ညကြီး မိုးချုပ်  

ရသမျှ လစ်သမျှု အချိန်ကလေးမှာ


မကြည့်ဘဲလဲ မနေနိုင်ပါ

မဖွင့် ဘဲလဲ မနေနိုင်ပါ

အဲတာ ဘာလဲဟဲ့

အဲတာ ဖွဘွတ်ခ်ဘဲကွယ့်



ခက်ဆစ် အဖွင့်  -   ဖွဘွတ်ခ် = Facebook
ခေတ်စာဆို မိမူ

Tuesday, 20 December 2011

ထမင်းထုတ်

ကျမ တို့  နှစ် ယောက် အကျင့် စရိုက်ခြင်း တူသည့် နေရာတွင် တထပ်တည်းကျအောင် တူကြသည်။ မတူကြသည့် နေရာတွင် ဆန်ကျင့်ဖက် ကွဲပြား၏။ နှစ် ယောက်စလုံး ကိုယ့်အသက်ကိုယ် မမှတ်မိသည့် နေရာတွင် တူကြလေသည်။ လိုအပ်လို့  form တခုခု ဖြည့်မည်ဆိုလျင် ကိုယ့်အသက်ကို  အပြေးအလွား စဉ်းစားရလေသည်။ နှစ်ယောက် စလုံး အသေးအဖွဲများ ကို ဂရုမစိုက် တတ်ကြဘဲ အကြီးအမားများလဲ လွတ်ကျတတ်သည့် နေရာတွင် တူလေ၏။ ဆန့်ကျင်စွာ ကွဲပြား သည့် နောက်တခုကား ကျမ သည် စကားများ သူဖြစ်ပြီး သူ ကတော့ သံ၇ုံးကို လစဉ်လတိုင်း အခွန်ဆောင်ရလေရာ လေပါ အခွန် ဆောင်ရမှာကို ကြို စိုးရိမ်သဖြင့် စကား တတ်နိုင်သမျှနည်းလေ၏။ သူကား ရသမျှ အချိန် စာဖတ်ပြီး  ကျမ ကတော့ အချိန်မရမက ရှာပြီး စကားများရသည်။ ဘီယာ လေးခွက်လောက်သောက်ပြီ  ဆိုရင်တော့ သူနှင့် စကားအပြန်အလှန် ပြောလို့ ရသည်။ သို့ သော် အချိန်၇ှားသော သည်ကျွန်းစံ ဘ၀ရောက်ကတည်းက  ဘီယာ မပြောနဲ့  ရေတောင် အချိန်လုသောက်နေရရှာ၏။ နောက်တော့ ကျမလဲ တယောက်ထဲ စကားများရတာ ပျင်းလာသောအခါ အချိန်ရလျင် အင်တာနက်ကြည့် တတ်လာသည်။ ထို အခါ ကျမလည်း ပါးစပ်ညောင်း သက်သာ သွားပြီး ကျမ ယောကျာ်းလဲ နားငြီး သက်သာ သွားသည်။ ကံကောင်းသည် အင်တာနက် ဘီယာ ဆိုတာတွေသာ မ၇ှိခဲ့လျှင် ကျမ ဘ၀ အက်ကိုးရှိသော လှိုဏ်ဂူလိုက်ရှာပြီး စကားပြောရပေမည်။   နောက် တခုက တော့ လူဖြစ် လာရသည့် ခေတ် စနစ် အနည်းငယ် ကွာလေရာ တွေးခေါ် ယူဆပုံ ကွာရလေသည်။ သူကား ထူးအိမ်သင်၊ ဇော်ဝင်းထွဋ် လေးဖြူ တို့ ၏ သီချင်းများဖြင့် ဟိုကောင်မလေးကြိုက် လိုက် ဒီ ကောင်မလေး စိတ်ဝင်စားလိုက် လုပ်နေချိန်တွင် ကျမကား ထုတ်ဆီးထိုး ကြိုးခုန် ဇယ်တောက်လို့ ကောင်းတုန်း အချိန်ဖြစ်၏။ ကျမ၏ နမော်နမဲ့ ၊ တလွဲ တချော၊ အိုးနင်းခွက်နင်း အကျင့်များ ကတော့ အရင်ဘ၀ ကတည်းက promotion ကာလနှင့် တိုးပြီး package လိုက်တွဲပါလာပုံရ၏။ ထို့ ကြောင့် ကျမ၏ ရင့်ကျက် တိုးတက် မှု ကို သူ့ ခမျာ ရပ် စောင့်နေရကြောင်း စကားနည်းသော်လည်း မကြာခဏ အပြောခံရသည်။ သို့ သော် ကျမသည် ရှေ့သို့  တစ်လှမ်းခြင်းသွားနေပါသည် နောက်ပြန်လည်း မသွားသလို စုံလည်း မခုန်ပါ။ :-) ( ၀န်ကြီး စကား ယူ သုံးမိပြီ ကော်ပီ ရိုက် ပေးရန် လိုမလို မသိပါ) ထိုသို့   မကြာခဏ အပြောခံရတာ များလာတော့ တနေ့ တော့ ကျမ စိတ်တိုပြီး ပြန်ပြောလိုက်တယ်။
" ဒီမှာ  မိန်းမ ယူတယ်ဆိုတာ ဟိုတယ်မှာ ဘူဖေ စားသလို ကိုယ်ကြိုက်တာဘဲ ပန်းကန်ထဲ ရွေးထည့် လို့ ရတဲ့ အရာမျိုး မဟုတ်ဘူး မှတ်ထား "
သူက လဲ မခံဘူး စွာတယ်
" ဒါဆို ကိုယ့်အဖြစ် က လေဘေး၊ ရေဘေး မှာ ထမင်းထုတ် ဝေလို့ ရလာ တဲ့ ဘ၀ မျိုးပေါ့ " တဲ့  ကျမလည်း ချက်ခြင်း ပြန်ပြော လိုက်ပါတယ် " ထမင်း ထုတ်မရတဲ့ သူထက် ကံကောင်းတယ်မှတ် ဟွန်း ဒီထက်  ကံကောင်း ရင် ထမင်းတွေ ဟင်းတွေ အပြင် ထီလက်မှတ် တို့  ပိုက်ဆံ တို့ တောင် ပါလာတတ်သေးတာ"  အနိုင်ပိုင်းပြီး စကားရပ်ထားပါသည်။

Saturday, 3 December 2011

၁

http://phomu.blogspot.com/2011/11/60-2-days.html 
ရက် ( ၆၀ ) တရားထိုင်ပြီး ကျမ အတွက် ဘာတခုမှ မပြောင်းလဲပါ။ အရင် အတိုင်းပါဘဲ။ နောက်ထပ်လဲ
တရားစခန်း တွေ ထပ်ဝင်ခဲ့ပါတယ်။ သို့ သော် ယခု အချိန် အထိ ထစ် ခနဲ့ ဆို ဒေါသ 
ကြီး နေတုန်း၊ သေရမှာ ကြောက်နေမြဲ၊ ဆင်းရဲမှာ ကြောက်မြဲ၊ တကိုယ်ကောင်းဆန် နေတုန်း၊ ကိုယ်ထက်သာသူကို မနာလို စိတ် ဖြစ်ဆဲ ပါ။သို့ သော် ကံကောင်းစွာ
ထူးထူးခြားခြား သိတာ လာတာ ၂ ခု ရှိသည်။ တခုက ကိုယ့် မှာ ပါရမီကောင်းတွေ တော်တော် နည်း ပါလားဆိုတာသိလိုက်ရတယ် ၊
နောက်တခုက ဒေါသ ထွက် တာဘဲ ဖြစ်ဖြစ် မနာလို ဖြစ်တာဘဲ ဖြစ်ဖြစ် အရင်ကထက် အချိန် တိုအတွင်း ကိုယ့်ကိုကိုယ် သတိထားမိလာတယ်။  ဒီ ၂ ခုပါဘဲ။ 


ပထမဆုံး တစ် ညနေ  ( 1996 April)
ရိပ်သာ ၀င်မယ်ဆိုတော့ သီလရှင် ၀တ်ခဲ့သည့် ကျောင်းက ဆရာလေးက သတိပေးပါသည်။ ၁၀ ရက် ဘဲ အရင်ဝင်ကြည့်ရန်၊ မနက် အစော ထရမယ် တရားထိုင်ရမယ် ဆိုတာပါ။ မနက် ၃ နာရီခွဲ ထ ဘုရား ၇ှိခိုးပြီး တနာရီ ထိုင် တနာရီ စင်္ကြံ လျှောက် ည ၈ နာရီ ခွဲ အထိပါ။ ကြားတွင် ဆွမ်းစားချိန်၊ ရေချိုးချိန် စသဖြင့် ရှိပါသည်။ ပထမဆုံး အလုပ်ပေး ( တရားမှတ်နည်းများ၊ တရားမှတ်ရာတွင် သိသင့်တဲ့ အချက်များ) တရားနာရပါသည်။   အလုပ်ပေး တရားနာအပြီး အားကြိုးမာန် တက် တရား စထိုင် လိုက်ပါသည်။ တော်တော်ကြာကြာ ထိုင်လိုက်ပြီး သကာလ နာရီ ကြည့်လိုက်သောအခါ စထိုင်ချိန်မှ စပြီး ၅ မိနစ်သာသာ သာ ရှိသေးသည်။ ကျမ တော်တော် အံသြ သွားသည်။ ငါမှာတော့ တော်တော်ကြာ အောင် တရားတွေ မှတ် လိုက်ရတာ အချိန်က ၅ မိနစ်သာသာဘဲ ကြာတယ် ဆိုတော့ စိတ်ပျက်သွားသည်။ ဘယ်လို များ တနာရီဆိုတဲ့ အချိန်ကို ဖြတ်သန်းရမှာပါလိမ့်  ။
ဒီလိုနဲ့  မျက်စိဖွင့် လိုက်၊ နာရီကြည့်လိုက်၊ ဖေါင်းတယ် ပိုင်တယ် မှတ်လိုက်၊ ခြေထောက် ရွေ့ လိုက် ၊ ဘေးကလူတွေ လိုက်ကြည့်လိုက် နဲ့  တနာရီပြည့်သွား သည်။ နောက် လမ်းထလျှောက် လိုက်၊ ပြန်ထိုင်လိုက် နဲ့  ဘုရား ၀တ်ပြုချိန် ရောက်သွားခဲ့သည်။ ဒီလို နဲ့  တညနေ ပြီးဆုံးသွားလေသတည်း ။ ။

Sunday, 20 November 2011

60 +2 days

ရွာ လို့ ပြောမယ် ဆိုရင် ရွာကြီးကြီး မြို့ လို့ ပြောချင်လျင် မြို့ ပိစိကွေး ကလေးမှာ ထူးထူး ဆန်းဆန်း သတင်း ပြန့် သွားသည်။ ထူးဆန်းတယ် ဆိုတာထက် အံအားသင့် စရာလေးပါ။ သူငယ်မ တစ်ယောက် သီလရှင် ၀တ်နေတယ်ဆိုပါ။ သူမကို သူမမွေးကတည်းက တရွာလုံးသိထားကြသည်။ မိန်းမ ဆန်ဆန် ယဉ်ယဉ်ကျေးကျေး မဟုတ်တာတော့သေချာသည်။ သူမ သည် ကျမ ဖြစ်သည် :) ။ ကျမ အဒေါ် သည် သား ၆ ယောက်မွေးထားသည်။ ကျမ နှင့် အသက်သိပ် မကွာကြပါ။ ကျောင်းပိတ်လျင် သူတို့ ညီအစ်ကို တွေ နှင့် ဂျင်ပေါက်တမ်း စစ်တိုက်တမ်း ကစား သည်။ တခါတရံ စယ်တောက်သည်။ သစ်ပင်တက်သည်။ အဖွားက အေးအေးဆေးဆေး မိန်းကလေးပီပီသသ ဆော့စေချင်သည်။ မောင်နှမ ၀မ်းကွဲ အရင်း များတွင် မိန်းကလေးများစွာရှိသည်။ သို့ သော် မိန်းကလေးလို့ ဆော့ရတာ ပျင်းလေသည်။ ထို့ သို့ ပြေးပြေးလွားလွား မျောက်လွဲကျော်လို ကြီးပြင်းလာသောကျမကို အဖွားက အလှုပွဲများတွင် ဒေါင်းမြီးကိုင် ( ကွမ်းတောင်ကိုင် လို့ ခေါ်လားမသိပါ) ဖြစ်စေချင်သည်။ မင်္ဂလာဆောင်များတွင် သတို့ သမီးအရံဖြစ်စေချင်သည်။ ကျောင်းကပွဲများတွင် ပါစေချင်သည်။ အဖွား ဖြစ်စေချင်သလောက် ရွာက ဆွေမျိုး များ ကျောင်းက ဆရာ ဆရာမများ က မည်သူမှ အရှက်ကွဲခံပြီး ကျမ ကို အရာသွင်းရန် မမိုက်မဲကြပါ။ ကျောင်းကပွဲတွင် ၂ ကြိမ်တိတိ ပါဖူးသည်။ ချိုချိုမိုင်မိုင် သီချင်း သရုပ်ဖေါ်အက နှင့် နောက် တခုက လက်ခုပ်ဝိုင်းတီးပေးရတဲ့ အဖွဲ့ ထဲ ပါဖူးသည်။ အဖွား တစ်ယောက် မဖြစ်နိုင်သည့်အရာ ရည်မှန်းချက်ကြီးနေတာ ကျမ တော်တော် စိတ်ပျက်ဖူးသည်။ နောက်ဆုံးတော့ အဖွားသည် သူ့ ထိုက်နဲ့  သူ့ ကံ ဘဲ ဆိုပြီး လက်လျော့ သွားပုံရသည်။ သို့ နှင့် ဆယ်တန်း စာမေးပွဲ ဖြေပြီး စ သီလရှင် ၀တ်မည်ဆိုတော့ အဖွားနှင့် အဖိုး အံသြ ၀မ်းသာသွားသည်။ ဆွေမျိုးများ မျက်လုံးပြူးသွားသည်။ ထိုစဉ်က ကျမ သီလရှင် ၀တ်ရန် စဉ်းစားခြင်းမှာ နိဗ္ဗာန် ရောက်ဖို့  စသဖြင့်သေသေချာချာ  နားမလည်သေးပေ။ ဆယ်တန်းစာမေးပွဲဖြေအပြီး စိတ်ကူးတမျိုးပေါက်ပြီး သီလရှင်ဝတ်ရင် ဘယ်လိုနေလဲ သိချင်နေသည်။
သို့ နှင့် သီလ၇ှင်ဖြစ်သွားသည်။ ကတုံးနှင့် နေရာတာ အေးတော့အေးသား ၊ ၀တ်ရုံကလည်း အရပ်သိပ်မရှည်တဲ့ ကျမ အတွက် တလွားလွား နှင့် သိုင်းဝတ္ထု ထဲက သိုင်းသမားလိုလို၊ လွားလွား လွားလွား နှင့်နေရတာ သဘောကျမိသည်။ သီလရှင်ကျောင်းမှ ဆရာလေး ဆရာကြီးများက သီလရှင်ဆိုတာ ဘယ်လို နေရမည် ဘာတွေလုပ်ရမည်ပြောသောအခါ အဖွား က ၀တ်ချင်သလောက်ဘဲ ၀တ်ပါ အ၇ှက်တော့ မကွဲပါစေနဲ့ ဆို ပြီး  ကျမ ကို စိုးရိမ် တကြီး သတိပေးရှာသည်။ ကျမ ကလဲ အဖွားကို စိတ်ချချနေရန် ပြောလိုက်သည်။
ပထမ ဆုံးနေ့ က ထုံးစံအတိုင်း ညရောက်တော့ ဗိုက်ဆာပါ သည်။ ရေသောက် အအေးသောက် ထန်းညက်ကြော်စားသည်။ နောက်နေ့ များတွင် ညနေ တိုင်း သတိထားမိသည်မှာ သီလရှင်ကျောင်းနှင့် ခပ်လှမ်းလှမ်းက မဟာစည်ရိပ်သာ က ၀တ်ရွတ်သံဖြစ်သည်။ ထို အသံကြားသော အခါ ဘာဖြစ်သည် မသိ ကျမ ထို ရိပ်သာသို့ သွားကြည့်ချင်လေသည်။ နောက် ရက်မှာတော့ အထုတ်အပိုးပြင်ပြီး ရိပ်သာသို့ ပြောင်းသွား ရာ ထို ရိပ်သာတွင် ရက် ၆၀ ကြာသွားလေသည်။


( မှတ်ချက်။ ။ ဘာသာရေးနှင့်ပတ်သက်ပြီး အသုံးအနှုန်း၊ အရေးအသား မှားယွင်းခဲ့လျင် ခွင့်လွတ်ပါ။ ) 

Saturday, 12 November 2011

အလွဲ ပါရမီ

တနေ့ တနေ့  ငါ့မှလဲ မ လွဲရ ရင် မနေနိုင်တာက လွဲလို့  :)

မနေ့ တုန်းက သမီးကို ပို့ နေကျ သင်တန်း တခု သွားပို့ သည်။ ဘစ်ကား ဂိတ် ရောက်တော့ အချိန်က အရင်နေ့ ထက်စောနေသည်။
အမယ် ဒီနေ့ တော့ ငါ တယ် ဟုတ်ပါလားဆိုပြီး . သို့ သော် ကိုယ့် အကြောင်းကို သိနေတော့ သေချာတော့စစ်ဆေးအုံးမှ
သမီးရော ငါ့ ရော ဘစ်ကား/ရထား ကဒ်လဲပါတယ် ဒီတခုတော့ ဟုတ်ပြီ
ဖုန်းကို စစ်ကြည့်တော့ ဖုန်းလဲပါတယ်
ထီးလဲပါတယ်
ရေဗူးလဲပါတယ်
သော့လဲပါတယ်
ပိုက်ဆံအိတ်ကတော့ ထွက်ခါနီးမှ သေချာ ထည့်လာတာ
စာအုပ်လဲစုံ 
အင်း  ..
အ၀တ်အစားလဲစစ်အုံးမှာ တခါတလေ ပြောင်းပြန်တွေ တလွဲတွေ ၀တ် တတ်လွန်းလို့ 
ဟိုနေ့ ကလဲ ရထားပေါ်မှာ  စတိုင် ထုတ်အုံးမှ ဆိုပြီ ဘောင်းဘီ အိပ်ထဲ လက် နှိုက် လိုက်တာ အိပ်ကပ် ရှာမတွေ့ ဘူး နေပါအုံး ငါဒီဘောင်းဘီ ၀ယ်တုန်းကလဲ အိပ်ကပ်ပါတယ် အရင်နေ့ တွေ ၀တ်တုန်းက လဲ အိပ်ကပ်ပါတယ်  ဒီနေ့ မှ အိပ်ကပ်က ဘယ်ရောက်သွားပါ လိမ့် ဆိုပြီး သေသေချာချာ လေ့လာကြည့်တော့မှ အရှေ့နှင့် အနောက်မှား ၀တ်လာတာ၊ အရေထူနေတော့ နည်းနည်းဘဲ ရှက်လိုက်ရတယ် ဟိ။ 
အခုလဲ  သေချာ စစ်ကြည့်တော့ အားလုံး အမှန် အိုကေဘဲ။ 
ဘစ်ကားပေါ်ရောက်ပြီး အချိန်ကြည့်လိုက်တော့ ထူးထူးဆန်းဆန်း အချိန်ကလဲ တိကျနေသည်။
ထို့ ကြောင့် သမီးရေ ငါတို့ ဒီနေ့ တော့ အချိန် မိရောက်မှာပါ ဆိုပြီး ဒီနေ့ ငါတယ်ဟုတ်ပါလား တခုမှာ မလွဲဘူး။ ကိုယ်ကိုကိုယ် အထင်ကြီးသွားသည်။
သင်တန်း ရောက်တော့ အချိန်က လဲကွက်တိ ၁၀ မိနစ်တောင်စော နေသေးတယ်။
ယောကျာ်းထံ ဖုန်းဆက်ပြီး ကြွားအုံးမှ တွေးလိုက်သေးသည်။
အပြန်ခရီး အလွဲ မရှိမှ ဘဲပြောတော့မယ် အသွားမှာ ဒီလောက် မှန်နေတာ ပြန်ရင် လွဲစရာမှ မရှိတာလေ။ အခု သွားပြောရင် အပြန်မလွဲစေနဲ့ ဆိုပြီး သက်သက် အပြောခံရအုံးမှာ တွေးလိုက်သည်။
သို့ နှင့် ဟင်းချက်စရာဝယ်ရန် ပိုက်ဆံထုတ်အုံးမှ ဆိုပြီး ATM သို့ သွားလိုက်သည်။ အိတ်ထဲက ပိုက်ဆံအိတ် ထုတ်လိုက်သည်။ ပိုက်ဆံ အိတ်ဖွင့်လိုက်သည်။
ချက်ခြင်းဖွင့်မရတဲ့ ပိုက်ဆံအိတ်ကို စိတ်တိုလိုက်သေးသည်။
၂ ခါ ၃ခါ ဖွင့် မရဖြစ်တော့ မှ ပိုက်ဆံအိတ်ကို ကြည့်ပြီးဖွင့်မှ
ကြည့်လိုက်တော့မှ
အော် ငါ ဆိုတာ ငါပါဘဲ
ထင်တော့ထင်သား မှန်နေတာကို က လွဲနေတယ်ဆိုတာ
အပန်းရောင်ခြင်းတူပြီး အရွယ်အစားတူ ငါ့ပိုက်ဆံအိတ်နှင့် သမီးရဲ့ ဘာဘီခဲတံထည့်အိတ်မှားပြီး ထည့်လာတာကိုး ဒါကြောင့် မျက်လုံးနှင့် မကြည့်ဘဲ ဇွတ်ဖွင့်နေတာ ငါ့ ပိုက်ဆံ အိတ်လို့  သံလိုက်တုံးနှင့် လွယ်လွယ် ခွာရတာ မဟုတ်ဘဲ ဇစ်တတ်ထားတော့ လွယ်လွယ်နှင့် ဖွင့်မရတာ အခုမှ သဘောပေါက်သွားသည်။
အင်း လွဲတယ်ဆိုတာလဲ ပါရမီပါအုံးမှ လွဲချင်တိုင်းလွဲလို့ မှ မရတာလေ။ :-)

note : sorry for using " ငါ " pl ignore it.  

Friday, 11 November 2011

၁၁.၁၁.၁၁



၁၁ ရက် ၁၁ လ ၂၀၁၁ 
မီး ၁၁ ပါးမှ ကင်းဝေးပြီး အေးချမ်းပါစေ။


သတ္တ၀ါတို့ကို လောာင်ကျွမ်းပျက်စီး ဆင်းရဲစေတတ်သော တရား (၁၁) ပါး
(၁) ရာဂမီး (လောဘမီး) - တပ်မက်နှစ်သက်ခြင်းကြောင့် ပူလောင်ရခြင်း။
(၂) ဒေါသမီး - အမျက်ဒေါသထွက်ခြင်းကြောင့် ပူလောင်ရခြင်း။
(၃) မောဟမီး - အမှန်ကို မမြင်မသိခြင်းကြောင့် ပူလောင်ရခြင်း။
(၄) ဇာတိမီး - ပဋိသန္ဓေနေရခြင်း၊ ဘ၀အသစ်၌ ဖြစ်ရခြင်းကြောင့် ပူလောင်ရခြင်း။
(၅) ဇရာမီး - အိုမင်းရခြင်းကြောင့် ပူလောင်ရခြင်း။
(၆) မရဏမီး - သေကြေရခြင်းကြောင့်ပူလောင်ရခြင်း။
(၇) သောကမီး - စိုးရိမ်ကြောင့်ကြရခြင်းကြောင့် ပူလောင်ရခြင်း။
(၈) ပရိဒေ၀မီး - ငိုကြွေးရခြင်းကြောင့် ပူလောင်ရခြင်း။
(၉) ဒုက္ခမီး - ဒုက္ခဆင်းရဲကြောင့် ပူလောင်ရခြင်း။
(၁၀) ဒေါမနဿမီး - စိတ်နုလုံး မသာယာရခြင်းကြောင့် ပူလောင်ရခြင်း။
(၁၁) ဥပါယာသမီး - ပြင်းထန်စွာပူပန်သောကရောက်ရခြင်းကြောင့် ပူလောင်ရခြင်း။

မှတ်ချက် ။ အကုန် အလွတ်မရ သောကြောင့် google တွင် ရှာပြီး ကူးထားပါသည်။ :-)