Friday, 17 February 2012

ဒ

တနေ့ တွင် ကျမ မျက်မှန် သွားစမ်းပါသည်။ သမီးကိုလည်း ခေါ်သွားသည်။ မျက်စိ စမ်းတဲ့ နေရာတွင် ABCD စာလုံး ဖတ်ခိုင်းလေရာ မျက်စိ မှုန်သော ကျမသည် စာလုံး သေးသွားလေ တလွဲ ဖတ်လေ ဖြစ်လေသည်။
ထို အဖြစ်ကို ကြည့်ပြီး
ကျမ သမီးသည် " ဟားဟား ABCD အမှားတွေ ဖတ်နေတယ်"  ဆိုပြီး ကျမ မှားဖတ်သမျှ တဟားဟား လိုက်ပြီး ရီလေသည်။
 ကျမ လည်း သူရီတာ ကြားပြီး မျက်စိ မမြင်ရတော့ မှားဖတ်တာပေါ့ ဆိုပြီး လိုက်ရီ မိသည်။

အင်း ငါတော့ ၀ဋ်လည်တာဘဲ ဆိုပြီး လွန်ခဲ့သည့် အနှစ် ၂၀ ကျော်ခန့် က အဖြစ်ကို သတိရမိသည်။ တရက်တွင် အဖွားနှင့် အတူ မျက်မှန် လုပ်ရန် မျက်စိ စမ်းတဲ့ နေရာကို လိုက်သွားခဲ့သည်။
အဖွားက မျက်စိ သိပ် အမှုန်ကြီးမဟုတ်ပါ။ အနီးတော့ နည်းနည်း မှုန် သည်။
ကျမထက်တော့ မျက်စိ ပို ကောင်းပါသည်။ သို့ သော် ထိုစဉ်က မျက်စိ ကိုက် သဖြင့် မျက်မှန် သွားလုပ်ခြင်းဖြစ်သည်။ အဖွားက အင်္ဂလိပ်စာ မတတ်ပါ။ 1,2,3,4... ကို နာရီ ကြည့်တတ်ယုံဘဲ သိလေသည်။

ဆိုင်ရောက်တော့ မျက်စိ ဆရာဝန်က  ထုံးစံအတိုင်း အင်္ဂလိပ်စာ မတတ်သဖြင့် ( က ခ ဂ စသဖြင့် ) ဖတ်ခိုင်းပါသည်။
ဖတ်ပြရသော စာလုံးများ အကြီးဆုံး မှ တဖြည်းဖြည်း သေးသေးသွား လေရာ အဖွားသည် အရှေ့က စာလုံး အကြီးများ အားလုံး ဖတ်တာ မှန်နေသည်။
သို့  နှင့် နည်းနည်း သေးသည့် "  ဒ " နှင့်စသည့် အတန်း  အရောက်တွင် အဖွားသည် ဖတ်တာ ရပ်သွားလေသည်။ မျက်စိ ဆရာဝန်က အဖွား မြင်တာသာ ပြော ဟုဆိုလေသည်။
အဖွား မျက်စိ ဒီလောက် မမှုန် မှန်း ကျမ သိထားလေရာ  အဖွားကို တော်တော် အံသြ မိသည်။

စာလုံး တော်တော်ကြီး နေသေးတာ ကို အဖွား မမြင်ရဘူးလား ? ထိုသို့  စဉ်းစားနေစဉ် အဖွား သည် " ဒ"  ကို  " အင်္ဂလိပ် သုံး " ဟု ဖတ်ပြလေရာ ကျမ မှာ အလွန် ရီချင်သွားသည်။
အဖွား နှယ် ဒါကြောင့် ဒီ လောက်တောင် စဉ်းစားနေတာကိုး " ဒ"ကို  မေ့ ပြီး ကြံကြံ ဖန်ဖန်  " 3 (three) "  ကိုမှ သွား သတိရရတယ်လို့ ဆိုပြီး ရီမိသည်။

အဖွား ခမျာ အသက်ကြီးတော့ က ကြီး ခခွေး တွေ မေ့ပြီး  " ဒ " ကို ရုတ်တရက် စဉ်းစားမရ ဖြစ်သွား ပုံရသည်။  အင်္ဂလိပ်လို " three " လို့ လဲ မပြော တတ်တော့ " အင်္ဂလိပ်  သုံး " လို့  ဖတ်တဲ့  အဖွား ၏ အဖြစ်ကို  ကျမ မှာ တွေးတွေး ပြီး တနေ့ ကုန် ပြောလိုက်၊ ၇ီလိုက် လုပ်နေမိတော့သည်။

Thursday, 16 February 2012

စနေ တနင်္ဂနွေ

ရီချင် စရာ မျှဝေ ပါတယ်ရှင့်။

သမီး - ကစား ကွင်း သွားချင်တယ် မေမေ 
အမေ  - ကြားရက်တွေ အလုပ်များတယ် မအားဘူး၊  စနေ တနင်္ဂနွေ ပိတ်ရက်မှ သွား ကစား ကြတာပေါ့

သမီး - ပီဇာ စား ချင်တယ် မေမေ 
အမေ  - ကြားရက်တွေ အလုပ်များတယ် မအားဘူး၊  စနေ တနင်္ဂနွေ ပိတ်ရက်မှ သွား စား ကြတာပေါ့

သမီး - ကျောပိုး အိတ် ၀ယ်ချင်တယ် 
အမေ  - အလုပ်များတယ် မအားဘူး၊  စနေ တနင်္ဂနွေ ပိတ်ရက်မှ သွား ၀ယ် ကြတာပေါ့

သမီး - ------------------------------
အမေ  -  အလုပ်များတယ် မအားဘူး၊  စနေ တနင်္ဂနွေ ပိတ်ရက်မှ --------------------

သမီး - ------------------------------
အမေ  - ကြားရက်တွေ အလုပ်များတယ် မအားဘူး၊  စနေ တနင်္ဂနွေ ပိတ်ရက်မှ --------------------

တရက် တော့

သမီး - မေမေ သမီး မွေးနေ့  နိုဝင်ဘာ ၁၈က ဘယ်နေ့ ကျလဲ
အမေ  -  တနင်္ဂနွေနေ့  ကျတယ်လေ
 သမီး - အော်အော် သမီး သိပြီ မေမေ စနေ တနင်္ဂနွေ ပိတ်ရက်မှာ အလုပ်အားလို့  သမီးကို မွေးထားတာလား
 အမေ - :-)

သမီး ငယ်ငယ် ကတည်းက ကျမ ပြောနေကြ စကား ၇ှိပါတယ်။ သူမ တခုခု ၀ယ်ချင် တာဘဲဖြစ်ဖြစ် တနေရာ သွားလည်ချင်တာဘဲ ဖြစ်ဖြစ် ကြားရက်တွေ အလုပ်များတယ် မအားဘူး၊  စနေ တနင်္ဂနွေ ပိတ်ရက်မှ သွားစရာ ရှိတာ ၀ယ်စရာရှိတာ ၀ယ်ကြမယ် စသဖြင့်ပါ။ ဒါမျိုး ကြားတာ များသွားလို့ လား မသိပေ။

Monday, 13 February 2012

ဖေဖေါ်ဝါရီ ၁၃

"အောင်ဆန်းဇာနည်"  
 
ဖေဖော်ဝါရီ ဆယ့်သုံးဟာ
ဗိုလ်ချုပ် မွေးနေ့ပါ.....။
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေ ဦးဖာသား.....။
ဇာတိ နတ်မောက် မကွေးခရိုင်
သိကြ များခုတိုင်......။
ကြံ့ကြံ့ ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား...........။
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်.........။
မျက်ရည် ဖြိုင်လို့  ဘဝင်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး..........။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်.......။
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား...........။
ကျမ တတိယတန်း ကျောင်းသူ ဘ၀တုန်းက ဒီ ကဗျာကို သင်ကြားရင်း ဗိုလ်ချုပ် အောင်ဆန်း အကြောင်းကို သေသေချာချာ စသိခဲ့ပါသည်။ ကျမ လေးစား တန်ဖိုးထား တဲ့ အကြောင်းကို သိန်း ၊ သန်း ချီ တဲ့ လူတွေကြားမှ အစက်တစက် (သို့ ) အမှုန် သေးသေး အဖြစ်ပါဝင်ချင်ပါသည်။

Wednesday, 11 January 2012

၃

http://phomu.blogspot.com/2011/12/blog-post_26.html  အဆက်


အဖိုး သည် ည ပိုင်း တချိန် မနက်စောစော မှာ တချိန် တရား ထိုင်လေ့ရှိပါသည်။  အဖိုး ပြောပြလေ့ရှိသော တရားထိုင်ခြင်း အတွေ့ အကြုံများကို ကိုယ်တိုင်သိချင်ခဲ့သည်။ ထိုသို့  စူးစမ်းချင်သည့် စိတ်သည် ကျမ ရက် ၆၀ ကြာသွား စေရန် အကြောင်းရင်းများထဲက တခုဖြစ်ခဲ့သည်။ 

အဖိုး သတိပေးဖူးတာက တရားပြ ဆရာတော်များ၏ သင်ကြားတဲ့ အတိုင်း သေချာလိုက်နာရန် စဉ်းစား တွေးတောလွန်းတာက တရားအတွက် အနှောက် အယှက် ဖြစ်စေသည်ဆိုတာပါ။ သူကိုယ်တိုင် တရားစာတွေ ဖတ်တာများပြီး တရားထိုင်လိုက်တိုင်း ဖတ်ထားတဲ့ စာ နှင့် အမြဲ ချိန်ထိုး စဉ်းစားနေသဖြင့် တရား ရသင့်သလောက် မရကြောင်း ပြောပြထားသည်။ အဲဒီအချိန် တုန်းက တရားပြ ဆရာတော်ကြီးများ ၏ ကျေးဇူးကလည်း အလွန်များပါသည်။

အစောပိုင်းမှာ ဆရာတော်များက ၀မ်းဗိုက်ကို အာရုံစိုက်ပြီး " ဖေါင်းတယ်" " ပိန်တယ်"  စင်္ကြံ လျောက် လျင် "ဘယ်လှမ်းတယ် " "ညာ လှမ်းတယ် " ဒီ နှစ်ခုကို မှတ်ခိုင်းသည်။
ဒီနေရာမှာ လွယ်တယ် ခက်တယ် ဆိုတာ လူတစ်ဦးစီ၏ ပါရမီ အနုအရင့် ပေါ်မှာ လဲ မူတည်မှာပါ။ သည်းခံစိတ် နည်းပါးသော အစားမက်သော ကျမ အတွက်ကတော့ အခက်အခဲ အများကြီးတွေ့ ခဲ့ရတယ်။
ကျမ ထက် စိတ်ထားမြင့်မြတ်သော နဂို စိတ်အခံကောင်းသော ၊ သည်းခံ တတ်သော တရားမထိုင်ဖူးသည့် အသိ မိတ်တွေများ ၊ ဘာသာခြား အသိမိတ်ဆွေများ တွေ့ ခဲ့ဖူးသည်။  ထိုသူများသည် ပါရမီအခံ ကောင်းသူများ ဖြစ်ပုံရသည်။ လူ့ ဘ၀ တိုတို ကလေးမှာ ဒီဘ၀ တခုဘဲ ကြည့်မိပြီး ကိုယ့်ကို ကိုယ် အထင်ကြီးခဲ့ဖူးသည်။
အနီး စပ် ဆုံး ပြောပြရမယ်ဆိုလျှင် ကျမ အဖွား သည် ဘုရားရှေ့တွင် တရားထိုင်နေတာ ကျမ တသက် မမြင်ဖူးခဲ့ပါ။ ဘုရား ဆွမ်းတော် သေချာကပ်သည်။ ဘုရား ရှိခိုးသည်။ ဒီလောက်ဘဲ လုပ်နေတာတွေ့ ဖူးသည်။ ကျမ သီလရှင်ထွက်လာတော့ အဖွား ကို ဆရာလုပ်လေသည်။ အဖွားက ငါ ခြေထောက်နာ တယ် မထိုင်နိုင်ဘူး လို့ ဘဲပြောပါသည်။ ဘုရားရှေ့ မှာ တရားထိုင်မှ မဟုတ်ဘဲ တတ်နိုင်သမျှ တရားနုလုံးသွင်း ကြောင်း ပြောပါသည်။ သို့ သော် ကျမ သည် quantity ကို  quality ထက် ဦးစား ပေးတတ်သည့် အကျင့် ရှိလေရာ အဖွားကို အားမရဘဲ စိတ်ပူနေသေးသည်။ အဖွား ၏ မမြင်ရတဲ့  ပါရမီကို ကျမ အထင်သေးခဲ့မိသည်။ လူတစ်ဦး စီ ၏ ပါရမီ အနုအရင့်သည် အရေးကြုံလျှင် သိသာသည်။ တနေ့ တော့ အဖွား သောက်တဲ့  ဆေးတချို့ ၏ side effects ကြောင့် အဖွား တွင် ရေယုံကြီး ဖြစ်လေသည်။ ပေါင်ရင်းမှ ခြေထောက်တလျှောက် တော်တော်များသည်။ သူများတွေ က ရေယုန်ကြီးဆိုတော်တော်နာတတ်ကြောင်းပြောလေရာ အဖွားကို နာလားမေးတော့ အဖွားက နာတယ်လို့ တော့ပြောသည်။  အဖွား ပုံစံက နာတယ်လို့ သာပြောနေတာ အေးအေးဆေးဆေးပင် ကုတင်ပေါ်တွင် ငြိမ်ငြိမ် ကလေး လှဲနေသည်။ ကျမ သည် ဘာမဟုတ်တဲ့ ဟင်းချက်တုန်း ဆီစင်တာကလေးတောင် တောင်ပြေးမြောက်ပြေး ပျာယာခတ်ပြီး နာတတ်သည်။ ကိုယ်ကိုကိုယ် ပြန် သုံးသပ်မိ ပြီး  တွေး မိတာ တခုပါ။ 



Monday, 26 December 2011

၁ အဆက် ၂


http://phomu.blogspot.com/2011/12/blog-post.html  အဆက် ဖြစ်ပါသည်။

ည ၈ နာရီခွဲ ရောက်တော့ ယောဂီဆောင် ကို ပြန်ရသည်။ ပင်ပင်ပန်းပန်း ဘာတခုမှ မလုပ်ရဘဲ အလွန် ညောင်းညာပြီး အိပ်ချင်နေသည်။ ယောဂီဆောင်မှာ အဲဒီအချိန်က လူများသဖြင့် အခန်းကြီးတခန်းမှ လူ ၁၂ ယောက် လောက် တန်းစီ ပြီး အိပ်ရသည်။ အခန်းထဲ ရောက်တော့ အလွန်ပင်ပန်းသည့် စတိုင်ဖြင့် ခြင်ထောင်ချပြီး အိပ်ယာထဲ ခြေပစ်လက်ပစ်ဝင်လိုက်သည်။ အိပ်ယာထဲ မရောက်ဘဲ အရေးထဲ ဂတုံးနှင့် ခြင်ထောင်က ငြိ နေသည်။ ရုတ်တရက်ဆိုတော့ ငယ်တုန်းက သင်ခဲ့ရသည့် သမင်ဦးဂျို နှင့် ချုံပုတ်တွေ ငြိနေသည့် ပုံပြင်သတိရသွားပြီး ငါ့ ခေါင်းဂျို များ ပေါက်နေလို့ လာ ဆိုပြီး စိတ်ပူသွားသည်။ တကယ်တော့ ဆံပင်ငုတ်တို ဂတုံးနှင့် ဇာခြင်ထောင် ကပ်ခွာတွေလို ဖြစ်ပြီး ငြိနေတာ မနည်းရှင်းရသေးသည်။  နောက်တော့မှ သိသွားပါသည် လူအရင်ဝင်ပြီးမှ ခြင်ထောင်ချသည်။ ပြီးတော့ မနက် ၃ နာရီခွဲ ထရမည်ဆိုတော့ အမြန်အိပ်ရသည်။ ထိုအသက်အရွယ်အထိ မနက် ၃ နာရီခွဲ ဆိုတာ တခါမှ မထဖူးပါ။ အအိပ်ကြီးတဲ့ ကျမ သည် ၁၆ နှစ်လုံးလုံး အာရုံတက် ချိန်ကို မမြင်ဖူး မကြုံဖူးပါ။ မနက်စောစော ထရမည့် အရေးတွေး မပူတော့ လောလောဆက်အိပ်ပျော်မှ ဖြစ်ပေမည်။ မနက်တိုင်း ပထမဆုံး အုံးမောင်ခေါက်သည် ကြေးစည်ထုသံကြားရသည်။ ထိုအသံ တွေ နှင့် အတူ ဆက်တိုင်ခွေးအူသံများကြားရသည်။ နောက်တော့ ဘေးက လူများထသံကြားရသည်။ တခြားအခန်းက အသံများကြားရသည်။ ကျမ က ကြေးစည်းတီးသံ ကြား ကတည်းကစပြီး ယောဂီထိန်းလာ နိုးသည့် အချိန်အထိ မရမက အိပ်လိုက်သေးသည်။ နောက် အသားကျလာတော့ ထိုသို့  မဆိုးတော့ပေ။ ယောဂီထိန်းလာနိုးစရာ မလိုတော့ပါ။ ယောဂီထိန်းများက အသက် ၅၀ ကျော် ၆၀ ကျော် ကျောင်းဆရာမ၊ အငြိမ်းစားကျောင်းဆရာမ တွေများပါသည်။ ကျမ တို့ ယောဂီသစ်များနောက်ကို မနက်အိပ်ယာထ ကစ ပြီး ည အိပ်တဲ့ အထိ တောက်လျောက် လိုက်ကြည့်တတ်သည်။ လမ်းလျောက်လျင် ဖြေးဖြေး လျှောက်၊ တောင်ကြည့် မြောက်ကြည့် မကြည့်ရ၊ ရေချိုး အ၀တ်လျော် ၊ အ၀တ်လှန်း သည့် အထိ ဘယ်လိုလုပ်ပါ စသဖြင့် စည်းကမ်းတော်တော်များ၏။ မနက် အဆောင် အထွက် မှ ဓမာ ရုံ သို့ မနက် ၄ နာရီခွဲ တွင် အားလုံး တန်းစီးပြီး သွားရသည်။ နောက်ကျလျှင် အပြောခံရသည်။ ယောဂီထိန်းတွေက ဆိုးဆိုးဝါးဝါး တော့ ဆူတာပြောတာမ၇ှိ ပါ။ သို့ သော် " ဟိုမှာ တွေ့ လား ဆရာလေး တပါး  ဆရာလေးတို့ နှင့် အသက်အတူတူဘဲ သူကိုကြည့်လိုက်ရင် အေးချမ်းပြီး တည်တည်ငြိမ်ငြိမ်လေး အဲလို နေမှ မြင်ရတဲ့ သူ ကြည်ညိုစရာဖြစ်တာ " စသဖြင့် သူတို့ ဖြစ်စေချင်သည့် ပုံစံများအား တခြားသူများနှင့် နှိုင်းယှဉ် ဆုံးမလေသည်။ ထိုစတိုင်သည် အဖွား ဆုံးမနေကြ စတိုင်ဖြစ်၏ ။ သို့ သော် ကျမ တတ်နိုင်သမျှလိုက်နာပါသည်။ ကိုယ်တိုင် အသက်ကြီးလာတော့မှ လူကြီး မဖြစ်ဖူးသော လူငယ်များနှင့် လူငယ် ဘ၀ ဖြတ်သန်းဖူးသည် လူကြီးများ၏ ခြားနားချက်ကို နားလည်လာသည်။

     

Friday, 23 December 2011

" ဖွဘွတ်ခ် ဝေဒနာ"


ခုတမျိုး တော်ကြာ တမျိုး 

သတင်းတွေ အစုံ အတင်းတွေ အကုန် 

ဟုတ်တာတွေရော မဟုတ်တာတွေရော   
  
မျက်လုံးတွေပြူး ခေါင်းတွေမူး

မျက်စိတွေလည် နားတွေကျယ်
  
လည်ပင်းတွေညောင်း ခါးတွေစောင်း

မနက်မိုးလင်း ညကြီး မိုးချုပ်  

ရသမျှ လစ်သမျှု အချိန်ကလေးမှာ


မကြည့်ဘဲလဲ မနေနိုင်ပါ

မဖွင့် ဘဲလဲ မနေနိုင်ပါ

အဲတာ ဘာလဲဟဲ့

အဲတာ ဖွဘွတ်ခ်ဘဲကွယ့်



ခက်ဆစ် အဖွင့်  -   ဖွဘွတ်ခ် = Facebook
ခေတ်စာဆို မိမူ

Tuesday, 20 December 2011

ထမင်းထုတ်

ကျမ တို့  နှစ် ယောက် အကျင့် စရိုက်ခြင်း တူသည့် နေရာတွင် တထပ်တည်းကျအောင် တူကြသည်။ မတူကြသည့် နေရာတွင် ဆန်ကျင့်ဖက် ကွဲပြား၏။ နှစ် ယောက်စလုံး ကိုယ့်အသက်ကိုယ် မမှတ်မိသည့် နေရာတွင် တူကြလေသည်။ လိုအပ်လို့  form တခုခု ဖြည့်မည်ဆိုလျင် ကိုယ့်အသက်ကို  အပြေးအလွား စဉ်းစားရလေသည်။ နှစ်ယောက် စလုံး အသေးအဖွဲများ ကို ဂရုမစိုက် တတ်ကြဘဲ အကြီးအမားများလဲ လွတ်ကျတတ်သည့် နေရာတွင် တူလေ၏။ ဆန့်ကျင်စွာ ကွဲပြား သည့် နောက်တခုကား ကျမ သည် စကားများ သူဖြစ်ပြီး သူ ကတော့ သံ၇ုံးကို လစဉ်လတိုင်း အခွန်ဆောင်ရလေရာ လေပါ အခွန် ဆောင်ရမှာကို ကြို စိုးရိမ်သဖြင့် စကား တတ်နိုင်သမျှနည်းလေ၏။ သူကား ရသမျှ အချိန် စာဖတ်ပြီး  ကျမ ကတော့ အချိန်မရမက ရှာပြီး စကားများရသည်။ ဘီယာ လေးခွက်လောက်သောက်ပြီ  ဆိုရင်တော့ သူနှင့် စကားအပြန်အလှန် ပြောလို့ ရသည်။ သို့ သော် အချိန်၇ှားသော သည်ကျွန်းစံ ဘ၀ရောက်ကတည်းက  ဘီယာ မပြောနဲ့  ရေတောင် အချိန်လုသောက်နေရရှာ၏။ နောက်တော့ ကျမလဲ တယောက်ထဲ စကားများရတာ ပျင်းလာသောအခါ အချိန်ရလျင် အင်တာနက်ကြည့် တတ်လာသည်။ ထို အခါ ကျမလည်း ပါးစပ်ညောင်း သက်သာ သွားပြီး ကျမ ယောကျာ်းလဲ နားငြီး သက်သာ သွားသည်။ ကံကောင်းသည် အင်တာနက် ဘီယာ ဆိုတာတွေသာ မ၇ှိခဲ့လျှင် ကျမ ဘ၀ အက်ကိုးရှိသော လှိုဏ်ဂူလိုက်ရှာပြီး စကားပြောရပေမည်။   နောက် တခုက တော့ လူဖြစ် လာရသည့် ခေတ် စနစ် အနည်းငယ် ကွာလေရာ တွေးခေါ် ယူဆပုံ ကွာရလေသည်။ သူကား ထူးအိမ်သင်၊ ဇော်ဝင်းထွဋ် လေးဖြူ တို့ ၏ သီချင်းများဖြင့် ဟိုကောင်မလေးကြိုက် လိုက် ဒီ ကောင်မလေး စိတ်ဝင်စားလိုက် လုပ်နေချိန်တွင် ကျမကား ထုတ်ဆီးထိုး ကြိုးခုန် ဇယ်တောက်လို့ ကောင်းတုန်း အချိန်ဖြစ်၏။ ကျမ၏ နမော်နမဲ့ ၊ တလွဲ တချော၊ အိုးနင်းခွက်နင်း အကျင့်များ ကတော့ အရင်ဘ၀ ကတည်းက promotion ကာလနှင့် တိုးပြီး package လိုက်တွဲပါလာပုံရ၏။ ထို့ ကြောင့် ကျမ၏ ရင့်ကျက် တိုးတက် မှု ကို သူ့ ခမျာ ရပ် စောင့်နေရကြောင်း စကားနည်းသော်လည်း မကြာခဏ အပြောခံရသည်။ သို့ သော် ကျမသည် ရှေ့သို့  တစ်လှမ်းခြင်းသွားနေပါသည် နောက်ပြန်လည်း မသွားသလို စုံလည်း မခုန်ပါ။ :-) ( ၀န်ကြီး စကား ယူ သုံးမိပြီ ကော်ပီ ရိုက် ပေးရန် လိုမလို မသိပါ) ထိုသို့   မကြာခဏ အပြောခံရတာ များလာတော့ တနေ့ တော့ ကျမ စိတ်တိုပြီး ပြန်ပြောလိုက်တယ်။
" ဒီမှာ  မိန်းမ ယူတယ်ဆိုတာ ဟိုတယ်မှာ ဘူဖေ စားသလို ကိုယ်ကြိုက်တာဘဲ ပန်းကန်ထဲ ရွေးထည့် လို့ ရတဲ့ အရာမျိုး မဟုတ်ဘူး မှတ်ထား "
သူက လဲ မခံဘူး စွာတယ်
" ဒါဆို ကိုယ့်အဖြစ် က လေဘေး၊ ရေဘေး မှာ ထမင်းထုတ် ဝေလို့ ရလာ တဲ့ ဘ၀ မျိုးပေါ့ " တဲ့  ကျမလည်း ချက်ခြင်း ပြန်ပြော လိုက်ပါတယ် " ထမင်း ထုတ်မရတဲ့ သူထက် ကံကောင်းတယ်မှတ် ဟွန်း ဒီထက်  ကံကောင်း ရင် ထမင်းတွေ ဟင်းတွေ အပြင် ထီလက်မှတ် တို့  ပိုက်ဆံ တို့ တောင် ပါလာတတ်သေးတာ"  အနိုင်ပိုင်းပြီး စကားရပ်ထားပါသည်။