Monday, 17 February 2014
ဒီနေ့ အတွေး
တွေးမိတာ လေးပါ။ ( နေရာတကာ ၀င်ပါချင်တဲ့ အကျင့် က တားမရပြန်ဘူး :D )
ဆိုးသွမ်းနေတဲ့  ဘုန်းကြီးတွေ ကို သီလ၊ သမာဓိ နှင့် ပြည့်စုံကြတဲ့ အရှင်မြတ်၊  ဆရာတော်ကြီး တွေ ဘာမှ မပြော ကြ ဘူးဆိုတာ  ဗြဟ္မဒဏ် ခတ် ထား တဲ့ သဘော လားမသိဘူး လို့ တွေးမိတယ် ။ ( ကျမ အတွေး မှားနိုင်ပါသည်။ )
ဘုရား ရှင် က ဆန္နရဟန်း ကို ပေးခဲ့ တဲ့ အပြစ် ဒဏ် လို့ ကြားဖူးတယ် ။
Pāḷi Dictionary တွေ့ မိတာက
မြတ်သော-ကြမ်းသော-ပြင်းထန်သော-ဒဏ်၊ ဗြဟ္မဒဏ်။
ဗြဟ္မဒဏ်။ မြတ်သောဒဏ်။ ပြုလိုရာပြုစေ၍ ချီးမွမ်းကဲ့ရဲ့ခြင်းကို မပြုခြင်း။
ဒီ link မှာ တွေ့ မိတာလေးပါ ။
ဤ၌ အဓိကပြောလိုသည်မှာ ဗြဟ္မဒဏ် အကြောင်းပင် ဖြစ်ပါ၏။ အလွယ်ပြောရလျှင် ဗြဟ္မဒဏ်ဟူသည် အပြောခက်၊ အဆိုခက်၊ အဆုံးအမခက်သည့် သူများအား ဒဏ်ခတ်သည့် သဘောဖြင့် နောင်ကြဉ်စေရန် ပြုပြင်ဆုံးမသည့် ဒဏ်တစ်ခုပင် ဖြစ်၏။ ဗြဟ္မဒဏ်ပေးလိုက်သဖြင့် အပေးခံရသူ နောင်တရ၍ ပြန်လည်ဝန်ချ တောင်းပန်လာလျှင် ခွင့်လွတ်သီးခံပြီး တရားအလုပ်များဖြင့် ကောင်းမွန်စေလိုရန် ဖြစ်၏။ နောက်ဆုံး ဗြဟ္မဒဏ်ပေးသော်လည်း နောင်တမရ အသိမ၀င် မပြုပြင်လျှင်ကား သဗ္ဗေသတ္တာ ကမ္မဿကာဟုသာ သဘောထားရမည့် သဘောရှိ၏။
( ဒီ link မှာ ပိုပြီး ပြည့်စုံ ပါတယ် )
http://www.venvicitta.com/2010/06/blog-post_05.html
Sunday, 16 February 2014
အဖိုး ၏ အဆုံးအမ
ကျမ ကို အဖိုး ပြောပြ ဖူးတာ ကို မျှဝေလိုက်ပါတယ် ။
လူ တဦး သေခါနီး အချိန်ဟာ ( နောက် ဘ၀ အတွက် အဆုံးအဖြတ် ပေး နိုင်တဲ့ အတွက် ) အလွန်အရေးကြီး တဲ့ အကြောင်း၊ ဘာကြောင့် အရေး ကြီး သလဲ ဆို တဲ့ အကြောင်း ကို ဘုရား၇ှုင် လက်ထက် က ရဟန်း တပါး သေခါနီး အချိန် သင်္ကန်း စွဲလမ်း မိတဲ့ အတွက် သန်း ဘ၀ ရ ရက် ရောက်ဖူးတဲ့ အကြောင်း၊ ကောသလမင်း မိဖုရား သေခါနီး အချိန် မှာ ဘုရင် ကို လိမ်ပြောမိတဲ့ အဖြစ် ပြန်တွေး မိလိုက်တာ ကြောင့် ငရဲ ၇ ရက် ကျ အကြောင်း စသဖြင့် ပြောပြဖူးပါ တယ် ။ အဲဒီ အတွက် ကြောင့် သေခြင်းတရားကို ကြိုတင်ပြင်ဆင်တတ် ဖို့  ၊ အာစိဏ္ဏကံ (နေ့စဉ် အကြိမ်များစွာ လေ့ကျင့်အပ်သော ကံ) ကုသိုလ် ဖြစ်ဖို့ အတွက် မရဏာနုဿတိ ပွား ခြင်း ဖြစ်ပါတယ်။
(သမထကမ္မဋ္ဌာန်း ၄၀ - အနုဿတိ ၁၀-ပါးမှ
မရဏာနုဿတိ၊ သေခြင်းကို အဖန်တလဲလဲ အောက်မေ့ခြင်း။)
( အကျယ် က တော့ ဒီ link တွေ မှာ ပို ပြည့်စုံပါတယ် )
http://lokachantha.blogspot.sg/2010/06/blog-post_10.html
http://www.mawluu.com/2010/01/blog-post_1921.html
Saturday, 15 February 2014
ဒီနေ့ အတွေး
ပြည့်ပြည့် က သူ့ ကျောင်းမှာ သင်တန်းကြေး ၊ လစဉ် ထုတ် စာအုပ် တွေ စသဖြင့် ပိုက်ဆံ ကောက်တော့ ကျမ ကို ပြောတယ် ၊ စင်္ကာပူရီးယန်း ဖြစ် ရင် ကောင်းမှာ ဘဲ တဲ့ ၊ ဘာလို့ လဲဆိုတော့ စင်္ကာပူရီးယန်း ဆိုရင် edusave ထဲက ပိုက်ဆံပေးလိုက်ရုံဘဲ အမေ ၊ အဖေ ပိုက်ဆံ မကုန်ရတော့ဘူးပေါ့ တဲ့  ၊
ကျမ ကလည်း အဲဒီလို မပြောရဘူး ၊ မတွေးရဘူး ၊ မြန်မာ နိုင်ငံသား မဖြစ်ချင်ဘူး ပြောရင် ကိုယ်မွေးထားတဲ့ အမေအဖေရဲ့ သားသမီး မဖြစ်ချင်ဘူး လို့ ပြောတာနဲ့  အတူတူ ဘဲ ၊ အခု သမီး က အမေ့  သမီး မဖြစ်ချင်ဘူး ပြောရင် ကောင်းသလား ၊ အဲဒါ နဲ့  သဘောတရား အတူတူ ဘဲ ၊ အမေ့ သမီးဖြစ်တဲ့ အတွက် မျိုးရိုး ဗီဇ အရ မျက်လုံး မကောင်းတာ ဖြစ်နိုင်တယ် ၊  အဖေ သမီး ဖြစ်တဲ့ အတွက် အသားညိုတာ ပါလာတယ် ။ ဒီလို ဘဲ မြန်မာ နိုင်ငံသား ဖြစ်ရတဲ့ အတွက် တခြား နိုင်ငံသားတွေ ရတဲ့ အခွင့် အရေး မရ နိုင်တာ တွေ ရှိတတ် တယ် ။ ဒါပေမဲ့  တခြား ကောင်းတဲ့ အရာတွေလည်း ရှိပါတယ် ၊ စသဖြင့်စသဖြင့် ပြောပြ ရှင်းပြ လိုက်တာပါဘဲ ။
ကျမ ကိုယ်တိုင်တောင် တခါတခါ မြန်မာ ပြည်က အဖြစ်အပျက်တွေ ကြည့်ရင် စိတ်ပျက်လာတဲ့ အခါ တွေးမိတယ် ။ အခု နေ ဂျပန် လူမျိုးဖြစ်ရင် ကောင်းပါဘဲတွေးမိတယ် ။ ဖက်ဆစ် စနစ် ရှိခဲ့ဖူး ပေမဲ့ ပြာပုံထဲက ပြန်ထ ခဲ့တဲ့ နိုင်ငံ ၊ စိတ်ဓါတ် ပြင်းထန်တဲ့ လူမျိုး ၊ စည်းကမ်း တိကျတဲ့ လူမျိုး အဖြစ် ကမ္ဘာ က သိကြတဲ့ လူမျိုး ဖြစ်ချင်တယ် ။ မြန်မာ ပြည် နှင့် မြန်မာ လူမျိုး တွေကို အမေရိကားလို စူပါ ပါဝါ ဖြစ်စရာ မလိုပါဘူး ။ စင်္ကာပုလို လဲ မဖြစ်စေချင်ဘူး ၊ ဂျပန် နိုင်ငံ လို ဖြစ်စေချင်ပါတယ်။  ကျမ တွေး မိသလောက် ပါ။ :D
edusave  အကြောင်းပါ ။ မြန်မာ ပြည် မှာ လဲ အဲလို လုပ်ပေးရင် သိပ်ကောင်းမှာဘဲ
Overview of Edusave Scheme
In 1993, the Government started the Edusave Scheme to maximise opportunities for all Singaporean children. The Scheme rewards students who perform well or who make good progress in their academic and non-academic work, and provides students and schools with funds to pay for enrichment programmes or to purchase additional resources.
Where does the money for Edusave come from?
The Edusave Endowment Fund is built up from Government contributions. The fund is invested by the Government and the interest earned is used to finance the contributions, grants and awards given to schools and students. The Government contributed an initial capital sum of $1 billion to the fund in 1993. The capital sum reached the target of $5 billion in August 1997.
How can my child benefit from Edusave?
If your child is a Singapore citizen and is studying full-time in a government, government-aided or independent school, junior college (JC), centralised institute (CI), Institute of Technical Education (ITE) or special education school, he can benefit from Edusave in three ways:
Saturday, 25 January 2014
ဘုဂလန့် များ ၁
ဒေါ်ပြည့် ၏ ဘုဂလန့် များ ၁
ကျမ သမီး ကြီးလာရင် သူ့ အမေ ဘယ်လောက် ဦးနှောက် စား ခဲ့ ရသလဲ ဆိုတာ သိစေရန် နှင့် ရယ်စရာ ပြုံးစရာ များ မျှဝေ လိုတာ ကြောင့် ရေးဖြစ်ပါသည်။
မနေ့ က
ကျမ "  ကြက်ဥမွေကြော် မနက်တုန်းက စား ထားပြီးပြီ အခု ညနေ ထပ်စားချင်ပြန်ပြီး ကြက်ဥ တွေ ဘဲ နေ့ တိုင်း စားနေ ကြားလား ကြက်ဥလို ၀လုံးလုံး ဖြစ်လာလိမ့်မယ် "
ပြည့်ပြည့် " အဲဒါဆို ထမင်းနေ့ တိုင်းစားနေတာ ထမင်းလို ကောဖြစ်မလာဘူး လား ဟိဟိ  "
အဲလို ဘုကလန့် ပြန်ပြောရမှ လေ
ကျမ " ဟဲ့ ထမင်းက ကြက်ဥလို အဆီမများဘူး  ထမင်းစားမှ အားရှိတာ မှတ်ထား "
တော်သေးပြီ။
ကျမ က ငပျင်းဆိုတော့ စာတွေ အများကြီးမြင်ရင် ပျင်းပြီး မဖတ်ချင်တော့ဘူး ၊ များများ ရေးရမှာလဲ ပျင်းတယ် :D 
Sunday, 19 January 2014
http://phomu.blogspot.sg/2013/07/blog-post_6035.html  အဆက်
တရား စခန်း ၀င်တဲ့ အတွေ့  အကြုံ ရေးတာ post no. 5 အထိ က တရက်တရက်ပြီး တွေ့ ကြုံရတာ အစဉ် လိုက်ရေးဖြစ်ပါတယ်။ post no.6 က တော့ ရောပြီး ရေးထားသလို ဖြစ်နေတယ်။
ဆက်ရေးပါသည်။
ရက် ၂၀ လောက် ရောက်လာတဲ့ အခါ မှာ နာကျင် တာ ပိုများလာပါတယ် ။နာကျင်တာ ပိုခံစားရလာတော့ တခြား ( ဆပ်ပြာမြုံ့တွေ စီးကျလာ သလို ပုရွတ်ဆိတ်တွေ အများကြီး တက်လာ သလို ခံစားရမယ် ဆိုတာ မျိုး ၊ အသားတွေ တင်းလာပြီး အရည်တွေ စီးကျလာ သလိုမျိုး၊) စသည့် ဝေဒနာများ မထင်ရှားတော့ပါ။
စိတ်ပျံ့  လွင့် ခြင်း ၊ တချို့  အချိန် တွေ မှာ အိပ်ငိုက်ခြင်း များ ကတော့ နေ့ တိုင်း ကြုံတွေ့  ရပါသည်။ စိတ် ပျံ့ လွင့် မှုကို မှတ်တဲ့ နေရာ မှာ ခက်ခဲတဲ့  အတွက် ကျမ အမြဲ ဝေဒနာ တခုခု ကို ဘဲ အာရုံစိုက်မှတ် ဖြစ်ပါတယ် ။ အစပိုင်းတွေမှာ တော့ နည်းနည်း နာတာ ကျင်တာ ဖြစ်ရင် နေရာရွေ့ လိုက်တာ၊ ခဏထ စင်္ကြလျှောက်တာ တွေ လုပ်ခဲ့ပါတယ်။  တနာရီ မှတ်တဲ့ အချိန်မှာ ထိထိ မိမိ မှတ်နိုင်တာ အလွန် ဆုံး ပေါင်းကြည့်ရင် ၁၅ မိနစ် လောက်ဘဲ ရှိနိုင်ပါတယ် ။ ကျမ က သူများတွေ ထက် နာကျင်မှုဝေဒနာ ပို ခံစားရပါတယ် ။ နာကျင်လို ပြင်လိုက် ရွေ့  လိုက် လျှင် ခဏ တော့ သက်သာပါတယ်။ နောက်ပြန် နာ လာ ပါတယ် ။ တရား ပြ ဆရာတော် ကို လျောက်တဲ့ အခါ ဆရာတော် က ဝေဒနာ ရဲ့ သဘော တရားကို သေချာသိ အောင် သီးခံပြီး ရှုမှတ်ဖို့ ပြောပါတယ် ။ နာတယ် ဆိုတာ နဲ့ နေရာ ခဏခဏ ပြင်လိုက်တာ မျိုးမလုပ်ဖို့ ပြောပါတယ်။
ခြေထောက် တလျှောက် နာကျင် ကိုက်ခဲတဲ့ ဝေဒနာ အပြင် ကျော ပြင်တခုလုံး ပူပြင်းတဲ့ နာကျင်မှု ၊ စူးတဲ့ အောင့်တဲ့ နာကျင်မှူ တော်တော်စုံပါတယ် ။ အဲဒီလို နာကျင်မှူ အစုံ ခံစားနေရာစဉ် ဘာကို ပြန် အမှတ်ရမိသလဲဆိုတော့ ကျမ ငယ်စဉ်က အဆော့ လွန်ပြီး ဒါးခုတ်ကောင် လေးတွေ လိုက်ဖမ်းပြီး ခြေထောက်ချိုး အပ်ချည်ကြိုးနှင့် ချည်ပြီး ဆော့ကစား ခဲ့ဖူးတာ သွားပြီး အမှတ်ရမိတယ် ။ ဒီဝဍ်ကြွေးတွေ ဆပ်နေရာတာ နေမှာပါလို့  ဆက်တွေးမိတယ် ။ ဒါပေမဲ့  အကုသိုလ် တရား ပြန်တွေး မိရင် အကုသိုလ် ပြန်ဖြစ် တတ်ပါတယ်။
ဆက်ရန်
Saturday, 18 January 2014
အကုသိုလ်
 ဖတ်မိ တဲ့  အဘိဓမ္မာ စာအုပ် ထဲက ပြန်လည် မျှဝေ လိုက်ပါတယ် ။ သိပြီးသား ဖြစ်ချင်ဖြစ်မှာပါ ။
လူသတ္တ၀ါ ( ပုထုဇဉ် ) မှန် လျင် သိရက် (သို့) မသိသ ဖြင့် ပြုမိသည့် အကုသိုလ် တရားများ နှင့် မကင်း ကြပါ ။
အကုသိုလ် တရားများ ပြန်ပြီး တွေးနေ ခြင်းက ပြန်ပြီး အကုသိုလ် ဖြစ်စေပါတယ် ။
အကုသိုလ် တရား ၆၃ ပါး
ရှင်းရှင်း လင်းလင်း နားလည်ရန် ဥာဏ် သိပ် မမိသေးပါ။  ဗုဒ္ဓ တရားတော် များ အလွန် အဆင့်မြင့် ပါသည်။ ဗုဒ္ဓဘာသာ စစ်စစ် ဖြစ်ဖို့  တော်တော်လို ပါသေးသည်။
Friday, 13 December 2013
ဒီနေ့  အတွေး
မရေးဖြစ်တာ တော်တော်ကြာ ပြီ :)
တခါ တလေ ရေးချင်တာ ရေး ပစ်လိုက်မယ် ဆို တဲ့  စိတ် ဖြစ်မိ တယ် ။ သို့ သော် ကိုယ် ရေး လိုက် တဲ့  အကြောင်း အရာ တခုခု က လူ တယောက်ကို ဖြစ်ဖြစ် လူ တစုတဖွဲ့  ကို ဘဲဖြစ်ဖြစ် စိတ် ညစ်ညူး  သလို များ ဖြစ်သွား စေမလား  ဆိုပြီး စိတ်မကောင်း ဖြစ်မိ တာ နဲ့  ရေးပြီး ဖျက်လိုက်တဲ့  post တွေ တော်တော်များများ ရှိခဲ့တယ် ။
နောက်တခု ကလည်း ကိုယ့်စိတ် အခြေအနေ က လဲ ရာသီဥတု လို ဘဲ ဒီနေ့ တမျိုး၊ နောက်နေ့  တမျိုး အမျိုးမျိုး ပြောင်းနေလေတော့ ကိုယ့်စိတ်အခံ ပေါ်မူတည်ပြီး ရေးလိုက်တဲ့ အကြောင်းအရာ တွေက အမြဲ မမှန် နိုင်သလို လူတိုင်း အတွက်လဲ မမှန်နိုင်ပေ။
သို့ နှင့် နေ့ စဉ် ကြုံတွေ့  နေရ တဲ့ အလွဲ အချော်တွေ ရေးဖြစ်တာ များပါတယ် ။
တကယ်တော့ ကျမ ရေးချင်နေတာ က နိုင်ငံရေး အကြောင်းပါ :D
နိုင်ငံရေး အကြောင်း ရေးမယ် ဆိုရင် ကိုယ့်ထောက်ခံတဲ့ သူ ကိုယ် ကောင်းကွက်ရေး ၊ မထောက်ခံတဲ့ ဆန့် ကျင်ဖက် ကို မကောင်းရေး ရမှာ ဆိုပြန်တော့ ၊ ပြန်စဉ်းစားမိတယ် ကိုယ့်ထောက်ခံ အားပေးသူ ကို အပြစ်တင် ဝေဖန်တဲ့ စာတွေ ဖတ်လိုက်ရရင် စိတ်တို  ဒေါသထွက် တယ် စိတ် ညစ်ညူး ရတယ်။ ဒါတောင် တမင် သက်သက် လုပ်ကြံ အပုတ်ချ စော်ကားပြီး ရေးတာ ဆို ရင် သွေးတောင် တက်ချင်ချင် ဖြစ်တဲ့ အထိ စိတ် တို ဖူးတယ် ( အခုတော့ တရား နှင့် ဖြေတတ်နေပါပြီ ၊ မဖြေတတ်လို လဲ မရ တရားထိုင်တဲ့ အကြောင်း post တွေ ရေးထားမှတော့ မရမက တရားနှင့် ဖြေ ရမှာပေါ့ လေ :D ) ဒီလို နှင့် ကိုယ်ချင်းစာပြီး တွေးမိတယ် ၊ လူ မုန်း ခံရမှာ လဲ ကြောက်ပြန်တယ် ။ အရှေ့ ကြည့် အနောက် ကြည့် တောင်ကြည့် မြောက်ကြည့် နှင့် ရေးချင် ပြောချင် တာ တွေ အငွေ့ ပျံ သွား ရပြန်တယ် ။
တကယ်တော့ ကျမ သတ္တိ မရှိတာလဲ ပါပါတယ်။  အကောင်းကို ဘဲလို ချင်ပြီး အဆိုး ကို တွဲ ပြီး လက်မခံ ရဲ တာ ကလဲ  ကျမ ပျော့ညံ့ တာပါဘဲ။  ကိုယ်ရေးတဲ့စာ ကိုယ်ပြန်ပြီး တာဝန်မယူ နိုင်သေးတော့ မရေးသေးတာဘဲ ကောင်းပါတယ်လေ ။
Saturday, 27 July 2013
မရေးတာ ကြာပြီး အဆက် ဆက်ရေး ပါသည်။
http://phomu.blogspot.sg/2012/08/blog-post_18.html
" ဖေါင်းတယ်" " ပိန်တယ်" ကို သေသေချာချာ မှတ်နိုင်သွား ပြီးလျှင် သတိပဋ္ဌာန် တရား ၄ ပါး ထဲ က ထင်ထင်ရှားရှား ဖြစ်ပေါ်လာတဲ့ တရား တပါး ကို မှတ်ခိုင်းပါတယ်။များသောအားဖြင့် ဝေဒနာ က ထင်၇ှားတဲ့ အတွက် ကျမ ကတော့ ဝေဒနာကို မှတ်ပါတယ်။
သို့ နှင့် ကျမ လည်း " ဖေါင်းတယ်" " ပိန်တယ်" မှတ်လိုက် ခြေထောက်နာ တာ မှတ်လိုက် ဟိုနေရာ နာ ဒီနေရာ ယား စသဖြင့် ရှုပ်ယှက်ခတ် နေအောင်မှတ် လိုက်။ ခြေထောက် ဟိုဖက်ပြောင်းဒီဖက်ပြောင်းလိုက်၊ ကြားထဲမှ တောင်တွေး မြောက်တွေး တွေကလည်း အများသား၊ များသောအားဖြင့် တွေးနေတာ တော်တော်ခ၇ီး ရောက်မှ သိရ၏ ။ ဒီလိုနှင့် တနာရီကုန် တဲ့ အသံလဲ ကြားရော ဟူး ဆိုပြီး လွတ်ပြီး ကျွှတ်ပြီ ဆိုတဲ့ စတိုင်နှင့် ခဏထ ၊ ပြီးတော့ စင်္ကြံ လျောက် တယ်။ 
ဒါပေမဲ့ ထူးထူး ခြားခြား ထမင်းစားပြီးအ ချိန် နေ့ ခင်း ၁ နာရီ မှ ၂ နာရီ အချိန်ကတော့ အချိန် ၁ နာရီ လို့ သာဆိုတယ် ခဏလေး နှင့် ပြည့်သွားတတ်တယ်။ ၁ နာရီ  ကြာတယ် လို့  တောင် မထင်ရပေ။ တော်တော် တရားမှတ်လို့ ကောင်းသား ။ ဆရာတော် ထံ တရားလျောက်တော့ ဘယ်အချိန် တရား မှတ်လို့  ကောင်းသလဲ မေးရင် ထမင်းစား ပြီး ထိုင်တဲ့ အချိန် လို့  ဖြေလိုက်သည်။ ကိုယ့်ကိုကိုယ် ထင်နေတာက ငါတယ်ဟုတ်ပါလား အဲဒီ အချိန်ဆို ၁ နာရီ လုံးလုံး စိတ် သိပ် မပြန့် လွင့်ဘဲ သေချာမှတ်နိုင်တယ်ပေါ့လေ။ သို့ သော် ၁၀ ရက် ကျော် ကျော် လောက် ရောက်တော့ မှ အဖြစ်မှန် ကို သိရ၏ ။ 
အဲဒီနေ့ က တရားထိုင်ကောင်းတဲ့ အချိန် ထမင်းစားပြီး အချိန်  နေ့ ခင်း ၁ နာရီ ကျော်ကျော် လောက်မှာ ပေါ့ ခေါင်း မှာ ရုတ်တရက် ပူ ခနဲ ခံစားရပြီး လန့် သွားသည်။ ဒီ ဝေဒနာ ထူးခြားပါကလား ငယ်ထိပ်တဲ့တဲ့ မှာ မှ ရုတ်တရက် ထူပူသွားပါလား တွေးနေတုန်း နောက်ထပ် တခါ ခေါင်းမှာ ပူခနဲ  ဖြစ်သွားပြန်တယ် ၊ နောက်ပြီး အသံ တသံကြားလိုက်သလို နှင့်  မျက်လုံးလဲဖွင့်ကြည့်လိုက်တော့၊ 
 အမလေး ရှေ့တည့်တည့် မှာ ဓမ္မာ ရုံစောင့်တဲ့ ဦးပဇင်း လက်ထဲမှာ သံပေတံလဲ ကိုင်ထားသေးတယ်။  နောက်ပြီး ကျမ ကိုပြောတယ် " ဆရာလေး အိမ်မငိုက် နှင့် တရားသေချာမှတ်"  တဲ့ ၊ ကျမလဲ သူခိုး လူမိ သလို့  ၇ှက်သွားပြီး တောင်ကြည့်မြောက်ကြည့် လိုက်မိတယ် ။ ဘေးက သူတွေ အားလုံး မျက်စီမှိတ်ထားတာတွေ့ တော့ မှ စိတ်သက်သာ ရာရသွားတယ် ။ 
ဒါပေမဲ့  ဘေးကပ် လျက် ကျမ နှင့် ရွယ်တူ သီလရှင်လေးကတော့ မျက်စီသာ မှိတ်ထားတယ် ပါးစပ်က ပြုံးနေသလိုဘဲ ။ 
တနာရီပြည့် လို့  ခဏ နားတဲ့ အချိန်လဲ ရောက်တော့၊ ဒီနေ့ က အရင်နေ့ တွေလို ခဏလေး မဟုတ်ပါလား၊ တော်တော်ကြာသားဘဲ ။ အင်း ငါတော့  နေ့ တိုင်းများ ဒီအချိန်ဆို အိပ်ငိုက်နေ သလားဆိုတာ သံသယ ၀င်သွားတာနှင့်
" ငါနေ့ တိုင်း အိပ်ငိုက်နေလား " လို့  ဘေးက သီလ၇ှင်ကို မေးမိတယ်။ ( အဲဒီ သီလ၇ှင် ကနောက်တော့ ကျမ နှင့် တော်တော် ခင်တဲ့ သူငယ်ချင်းဖြစ်သွားတယ် ) ။ 
သူမက - " နင်ဒီအချိန်ဆို အမြဲ အိပ်နေတာဘဲလေ " တဲ့  ။ သွားပါလေရော
သြော် အဲဒါကြောင့် ငါထင်နေတယ် ဒီအချိန်တွေ ဆို ခဏ လေးနှင့် တနာရီကုန်ကုန် သွားတာ လက်စသတ်တော့ တနာရီလုံးလုံး ငါအိပ်နေခဲ့တာကိုး 
အဲဒီတော့မှ  အဖြစ်မှန်ကို သိလိုက်ရ၏ ။ ကျမ အဖြစ် ကို တွေးပြီး ရယ်လိုက်မိသေးတယ် ။
ကျမ သူ့ ကို ပြန်မေးလိုက်တယ် နင်ရော အိပ်မငိုက်ဘူးလားဆိုတော့ " ငါလား ဒီအချိန်ဆို ရင် မျက်လုံးလေး နည်းနည်း ဖွင့်ပြီး အိပ်ငိုက်တဲ့ သူတွေ ကိုလိုက်ကြည့်နေတာ ၊ တအားရယ်ရတယ် သိလား ငါ့ရှေ့ ကရော ဘေးကရော တော်တော်များများ အိပ်ငိုက်နေတာ စနယား ခလုတ် တီးနေသလို ဘဲ တစ်ယောက်က ငိုက်ပြီး ခေါင်းစိုက်သွား လိုက် တစ်ယောက်က ခေါင်း ပြန် ထောင်လာလိုက်နဲ့  ဟီးဟီး " တဲ့ 
( တချို့  အိပ်မငိုက်ဘဲ သေသေချာချာ တရားမှတ်သူများလဲ ရှိပါသည်။ ) 
အဲဒီ နေ့ က စပြီး အဲဒီ အချိန်ရောက်ရင်  အရင်နေ့ တွေလို ခဏလေး နှင့် တနာရီ ကုန်သွားတဲ့  အဖြစ်မျိုး မဟုတ်တော့ပေ။
ဆက်ရန် ။
Friday, 12 July 2013
ဒီနေ့  အတွေး
ခု တလော
ကြာတောင်ကြာပါပြီ
ရီရီ မောမော ပေါတောတော တွေ မရေးဖြစ်တော့တာ
လောကကြီးကို စိတ်ပျက် နေတာနဲ့  စိတ်သက်သာလို သက်သာငြား ဘုရားတရား ဘဲလုပ်တော့ မှ ဆိုပြီး ဘုရားတရား ဖက် အာရုံ စိုက်ကြည့်နေတာပါ။
သို့ သော် ကျမ ပါရမီ ကလည်း အဲဒီလို တည်တည်တံတံ လုပ်လဲ သိပ်ကြာကြာ မခံ ပါဘူး။ နောက် တော့ ဒုံရင်းပါဘဲ။
ဘာလို များ လောက ကြီး စိတ် ပျက် သလဲဆိုတော့
နည်းနည်းတော့ ကြီးကျယ် ခမ်းနားတယ် :D
စိတ်နုလုံး ညစ်ညူး နေရခြင်း အကြောင်းရင်းများ ကား
အရင်တုန်းက မြန်မာ ပြည်ကြီး ကို မျော်လင့်ချက်တွေ အကြီးအကျယ် ထားခဲ့ မိတယ် ။ ရင် ဘတ် ထဲ က နက်နက် ရှိုင်းရှိုင်း ချစ်ခဲ့မိတယ်ဆိုပါတော့ ၊ အခုတော့ ငါ ငပေါ ဖြစ်ရပြီပေါ့ကွယ်။
အမျိုးထဲ မှာ အရင်း တွေ ရော၊ အဖျားတွေ ရော အပါအ၀င် ပေါ့၊ ၀န်ထမ်းတွေ အများကြီး၊  စစ်တပ်၊ ရဲ ၊ လ၀က စသည့်  ရေပန်းစားတဲ့  ၀န်ထမ်း အမျိုးအနွယ်တွေလည်း ရှိပါ့ ။
သို့ သော်လည်း ကျမ သည် ဆွေမျိုး မျက်နှာမှ မထောက်ဘဲ အမေ စု ကို အချစ်ကြီး ချစ်ခဲ့ သူပါ။ သူမ ကို အစဉ် တစိုက်အားပေးနေသူပါ။ ( ချွှင်းချက် ။ ဆွေမျိုး တော်တော်များများက လည်း ၀န်ထမ်းသာ လုပ်နေတာ နိုင်ငံရေး စိတ်ဝင်စား သူတွေ မရှိသလောက်ဘဲ၊ အေးအေးဆေးဆေး နေကြသူတွေများပါသည်။ ဒါပေမဲ့  အမေ တော့  ၀န်ထမ်းဖြစ်ပေမဲ့  ကျမ နှင့် ရင်ဘတ်ချင်းတူတယ်။ သူလဲ တစ်ရုံးလုံး နှင့် တစ်ယောက် ပေါ့ ။ )
သူမ ကို ချစ်တယ်ဆိုတာ လည်း မြန်မာ ပြည် တိုးတက်ဖို့  ပြည်သူတွေ ကောင်းစားဖို့  သူမ လုပ်နိုင်တယ်လို့  ယုံကြည်လို့ ပါပဲ။
ဒီလို နဲ့  လက်ပံတောင်လို အရေးအခင်းလဲ ဖြစ်ရော ကျမ အကြီးအကျယ် ရှော့် ရခဲ့ပါတယ်။ သာမာန်ပြည်သူတွေ သူမ ကို ဆဲဆိုနေတာ မြင်တော့ ကျမ အဲဒီည က အိမ်မပျော်ခဲ့ ဘူး ၊ စိတ်မကောင်းဖြစ်တာရော ၊ စိတ်ပျက်တာရောပေါ့ ။
နောက်အခု ဖြစ်ပျက်နေတဲ့  အရေးအခင်းတွေ မှာ သူမ ကို အမျိုးစုံ ပြောကျ ဆိုကျ တာပေါ့လေ။
သူမ ကို ဘယ်သူတွေ ကများ ရည်ရွယ်ချက်ရှိရှိ ပရိယာယ် နှင့် အကွက်ဆင် ချောက်ချ နေကြပါလိမ့် လို့ တွေးမိတယ် ။
ဒီအ ကွက် က ရိုးတယ်ဆို ပေမဲ့  ever အသုံးဝင်တဲ့  ဂျိုကာ ကွက် ဖြစ်နေပုံရတယ် ၊ အခုလဲ သိကြ  မြင်ကြ တဲ့ အတိုင်းပါဘဲလေ။ စိတ်မကောင်းဖြစ်ရုံက လွဲပြီး ဘာမှ မတတ်နိုင်ပေ။ 
သို နှင့်ကျမ လည်း လူတွေကို စိတ်နာနာ နှင့် အားလုံးကို ပြည်ဖုံးကားချပ် ချပြီး
ဘယ်သူတွေ ဘာဖြစ်ဖြစ်
ငါရယ် ၊ ငါ့ သားသမီး ၊ ငါ့ မိသားစု ၊ ငါ့ဆွေမျိုး တွေ အဆင်ပြေဖို့ ၊ ထမင်းမငတ်ဖို့  အရေးကြီး ဆုံး ဆိုတဲ့  ဆောင်ပုဒ် ကို ကျင့်သုံးလျက်သာ နေပါတော့တယ်။
ဒီကျင့်စဉ်က လည်း ရိုးတယ် ဆိုပေမဲ့ လက်တွေ့ အကျဆုံးဘဲ ။
ဒီမျှသာ 
Sunday, 7 July 2013
ဒီနေ့  အတွေး
မရေးတာ ကြာပြီး
ဒီတခါ လည်း ၀င်ပါအုံးမှ 
ဘာသာ ရေး နှင့် ပတ်သက်ပြီး အဓိက နှင့် သာမည အကြောင်း စဉ်းစားမိတာ လေးပါ။
ဘုရား ဟော တရား အနှစ် ချုပ် ၀ိပသာနာ အကြောင်း သိသလောက် ရေးကြည့် လိုက်အုံးမယ်
တရား ရိပ်သာ ၃ ကြိမ် ၀င်ဖူး တယ် ၊ မဟာစည် မှာ ဘဲ ။ နေ့စဉ် တော့ တရား မထိုင်ဖြစ်ပါ ။ စိတ်ကူးပေါက် ရင် တော့ နာရီ ၀က် တနာ ရီ အိမ်မှာ ထိုင် ဖြစ်တယ် ။ ၄ ၅ ရက် ထိုင်လိုက် ပြတ် လိုက် ပြန် ထိုင်လိုက်ပါ ။
တရား ထိုင် တယ် ဆိုသော်လည်း
ကျမ တွင် နဂို ကတည်းက ဘာဘဲ လုပ်လုပ် သေချာ မလုပ်တတ်တဲ့  အကျင့် ရှိတာက တစ်ကြောင်း ၊ ပါရမီ အခံ နိမ့်တာ ရယ် ကြောင့် အမည်ခံ တရားထိုင် တယ် ဆိုရုံသာ  ခရီး ကတော့ မရောက်ပေ။
သို့ သော် သံသရာ မှာ  အထုံပါရမီ ရလိုငှား ရငှားပေါ့လေ ဒီလို ယောင်ဝါးဝါးနှင့် ရသလောက်တော့ တရား ထိုင်ဖြစ်ဖို့  ကြိုးစားကြည့်တာဘဲ ။
ကျမ အမျိုးသား လည်း  တရား ရိပ်သာ တွေ ၀င်ဖူးတယ် ။
နောက်ဆုံး ၀င်ထားတဲ့ ဆရာကြီး ဂိုအင်ကာ တရား ရိပ်သာ တရား စခန်း အပြန် မှာ သူ့  အတွေ့ အကြုံ  နားထောင်ဖြစ်တယ် ။
လူတဦးချင်းစီ ၏ အခြေခံ ပါရမီ အပေါ်မူတည်ပြီး ရရှိတဲ့ ဝိပသာနာ ဥာဏ်စဉ် ကွာ နိုင်ပါတယ်။ ပါရမီ မြင့်တဲ့  တချို့ သူတွေ စိတ်ကို ပိုထိန်းချုပ်နိုင်တယ် ၊ ပြောတာ ဆို တာ တွေးခေါ်တာ တွေ က   အစွန်းလွတ်တယ်၊ အစွဲ လွတ်တယ် ။
ကျမ ဆိုရင် တခါတရံ အသိမကပ် မိတဲ့ အခါ ကိုယ့် ခံစား ချက် ၊ ကိုယ့် စိတ်အခံ နှင့် လိုရာဆွဲတွေး ၊ လိုရာ ဆွဲ ပြောတတ်တဲ့ အကျင့်ရှိတယ်။
သူပြောပြတာ ကို လိုရင်းပြောရမယ်ဆို ရင်တော့
ဂိုအင်ကာ တရား စခန်း မှာ လူမျိုး ဘာသာ တွေ အစဉ်အလာ တွေ ဆိုတာ ထက် ၀ိပသာနာ သန့် သန့်  ကို ဘဲ အလေးထားတယ် ။  ယောဂီ အသစ် က ငါးပါးသီလ ၊ ယောဂီ အဟောင်း က ရှစ်ပါး သီလ တော့ စောင့်ထိန်းရတယ်။
ထွက်လေ ၀င်လေ ကို ဘဲ အစ ပိုင်းမှာ ၃ ရက်လောက် သမထ အနေ နှင့် သမာဓိထူ ထောင် ခိုင်းတယ် နောက်တော့ ၀ိပသာနာ ကို ကူးတယ်။ အပိုဆာသာ တွေ ဖယ်ပြီး အဓိက အနှစ် ချုပ် ကို ဘဲ လုပ်ခိုင်းတယ်။ ကျမ အပါအ၀င် ဆရာကြီး ဂိုအင်ကာ တရား ရိပ်သာ မှာ မ၀င် ဖူး သူတွေ အဆင်ပြေရင်  ၁၀ ရက်လောက် တရားစခန်း ၀င်ကြည့် မယ်ဆိုရင် အသုံးဝင်တဲ့ အသိထူး ရမှာပါ။
နောက် ပြီး
လူတိုင်း သတ္တ၀ါ တိုင်း ဆို ပိုမှန် မယ် ထိတွေ့ သမျှ အာရုံနှင့် ပတ်သက်လာ ရင် အထုံ အဥာဉ် အတိုင်း ( လုပ်နေကြ အတိုင်း ) အလို အ လျောက်တုံပြန့်  လေ့၇ှိတယ် တယ်။ လှတာမြင်ရင် ကြိုက်တယ် ၊ အနိဌာရုံမြင်ရင် စိတ်ဆင်းရဲတယ် ၊ အမြင်ကပ်သူတွေ့ ရင် ဒေါသထွက်တယ် ဆိုတာ တွေ ဟာ သံသရာ အဆက်ဆက်  ဖြစ်နေကြအတိုင်း Audomatic တုံပြန့် ပြီးသား ၊ အဲဒီလို ကိလေသာ တွေ ဖြစ်တိုင်း ဖြစ်တိုင်း ၀ိပသာနာ နှင့် မထိန်းချုပ် သမျှ တဖြည်းဖြည်း ကိလေသာ ထုတွေ ထူထူ လာတယ်။  နေ့ စဉ် ကြုံလာသမျှ အာရုံ အစုစု ကို ( no attach no reject ) ဥပေ က္ခာ စိတ် နှင့် ကြည့် နိုင်မယ် ဆိုရင် ကိလေသာ နည်း ပါး သွား နိုင်တယ် ။ ဘုရား ဟော တဲ့  အဓိက လို ရင်းကလည်း သတ္တ၀ါ တွေ ကိလေသာ ကျဲပါးပြီး သံသရာ က လွတ် ဖို့ ပါဘဲ။ အစွန်း မရောက် အစွဲကင်းပြီး တွေးကြည့် မယ်ဆို ရင် လက်တွေ့  ဘ၀ မှာ လဲ အနည်းဆုံး စိတ်ပင်ပန်းမှုသက်သာစေတယ်။
ဥပေ က္ခာ  စိတ် နှင့် မကြည့်ဘဲ  အစွန်း ရောက် ၊ အစွဲ ကြီး တဲ့ တွေးခေါ် လုပ်ရှား မှု မှန် သမျှ  ကတော့ သံသရာ ရှည် သထက်ရှည် စေပါတယ် ။ ဘာသာ ရေး အမည်ခံ အပေါ်ယံ တွေ ထက် မြတ်ဗုဒ္ဓ၏ အလယ်အလတ် လမ်းစဉ် အနှစ် တရား စစ်စစ် ကို သိသူ ကျင့်သူ များ  ပြန့် ပွား လာပါစေလို့  လေးလေး နက်နက် ဆုတောင်းမိတယ်။
Tuesday, 2 April 2013
အင်္ဂုလိ မာလ
ည တုန်းက ပြည့်ပြည့် ကို အင်္ဂုလိ မာလ အကြောင်း ပြောပြဖြစ်တယ်။ နောက်ဆုံး မှာ ဘုရင် က စစ်တပ် နှင့် ဖမ်းတော့ မယ်ဆိုတာ သိတော့ သူသား အင်္ဂုလိ မာလ ကို ထွက်ပြေးဖို့  သူ့  အမေက လာပြောတဲ့ အချိန် အင်္ဂုလိ မာလ ကလဲ ဒီနေ့  လက်ညိုး တစ်ထောင်ပြည့် ဖို့  တစ်ချောင်း လို နေတဲ့ အချိန် အမေ ဘဲဖြစ်ဖြစ် ဘယ်သူဘဲ ဖြစ်ဖြစ် လက်ညိုး ဖြတ်ရ လိုက်မယ် ဆိုတဲ့ နားလဲ ရောက်ရော ပြည့်ပြည့်က ကျမ ကို မေးတယ် လို နေတဲ့ လက်ညိုး တစ်ချောင်းကို အင်္ဂုလိ မာလ က ဘာလို့  သူ့  လက်ညိုး ကို သူ မဖြတ် တာ လဲ ? ? တဲ့  အင်း ဒါလဲ စဉ်းစား စရာဘဲ ၊ နောက်ပြီး ထပ်မေးသေးတယ် အင်္ဂုလိ မာလ လက်ညိုး ဖြတ်တဲ့ အထဲ မှာ သူ့ ကို ချောက်တွန်း တဲ့  classmate တွေ ကော ပါသလား ? တဲ့  ။ ကျမ ငယ်ငယ် တုန်းက အဖွား ဒီ အကြောင်း ပြောပြတုန်းက ဒီလို မစဉ်းစားခဲ့ မိဘူး ။
ကျမ ငယ်တုန်းက ဒီ အကြောင်း နားထောင်မိတော့ မနာလို စိတ် များတဲ့   ကျောင်းသား တွေ ရယ် သံသယ ကြီးတဲ့  ဆရာ ရယ် ကြောင့် စာတော်တဲ့  ၊ ထူးချွန် တဲ့  အင်္ဂုလိ မာလ လူဆိုး ဖြစ်သွား ရတဲ့   အတွက် နမျော ပြီး စိတ် မကောင်းဖြစ်မိတယ် ။ ပညာ ရှိ နည်းနဲ့  ပရိယာယ် ဆင်ပြီး  ဒုကပေးတတ်တဲ့ ဆရာ ကို လဲ မုန်းမိ တယ်။ ဘယ်လောက်ဘဲ ဆိုးတဲ့  သူ ဖြစ် ပေမဲ့   ပါရမိ ရှင် ဖြစ်တဲ့  အတွက် သူတော်ကောင်း ဖြစ်သွား တယ် ဆိုတာ ကို လဲ မှတ်သားခဲ့ ဖူးတယ်။ 
အခု ကျမ သမီး အတွေး ကတော့ တမျိုး ထူးခြား နေတယ်။ အချိန် ကာလ ခေတ် အခြေအနေ တွေ က လည်း စဉ်းစားတွေးခေါ်ပုံ တွေ ကို ပြောင်းလဲ စေ တယ် ထင်ပါတယ် ။
Saturday, 30 March 2013
ဒီနေ့  အတွေး
အလုပ် နား ထား ပြန် သည်။ သို့  နှင့် တနေ့  တနေ့  online တက် ကာ အချိန် ဖြန်း မိ၏
 ။ Facebook ကို များ စဖွင့် မိ တာ နဲ့  အချိန် တော်တော် ကုန်ပါလား ၊ ကိုယ့် စိတ် နှင့် မတွေ့ တာ၊ အယူအဆ မတူ တာ တွေ ဖတ် မိ လို့  ကတော့ အကုသိုလ် နေရင်ထိုင်ရင် မနည်း မနော ရနိုင်သေး၏ ။ အိမ်က ယောကျာ်း က တိုး တက် ရာ တိုး တက် ကြောင်း မလေ့လာ ဘဲ online မှာ အချိန် ကုန် နေတာ ကို သဘောမကျပေ။ သို့ သော် စပ်စုတတ် သော ကျမ သည် အားလျှင် ကြည့် နေမြဲ ပင်။
သို့  နှင့် ကျမ စဉ်းစား မိသည်။
လူတယောက် ထဲ ( လူမျိုး စုံ ၊ ဘာသာစုံ ၊ ပါတီ စုံ၊ နေရာ အစုံ ....... အမျိုးမျိုး )  facebook Account 100  လောက်ဖွင့်ပြီး ကိုယ့် Account  အချင်းချင်း အပြန်အလှန် ရန်ဖြစ်လိုက်၊ ထောက်ခံ လိုက် share လိုက် like လိုက် လုပ်နေကြတာ ၇ှိ မှာ ဘဲ ၊ ဒီ လို ရှိ နိုင် တယ် ဆို တာ  စဉ်းစား ဥာဏ် ရှိတဲ့  သူ တော်တော် များများ သိကြမှာပါလေ ။
သတင်း ဂျာ နယ် ၊ နာ မည် ကြီး page တွေ မှာ လဲ
ထို့ ကဲ့  သို့  လူတစ် ဦး တစ်ယောက် တည်း မင်းသား ဖြစ်လိုက် လူကြမ်း ဖြစ်လိုက်  ဆင်းရဲသား လယ်သမား  ဖြစ်လိုက် ခရိုနီ ဖြစ် လိုက်၊ ဟို လူမျိုး ဖြစ် လိုက် ၊ ဒီ လူမျိုး ဖြစ် လိုက် ၊ အမျိုးမျိုး ဇာတ် က နေ တာ ကို တော့ အချိန် ကုန်ခံပြီး လိုက် မ ဖတ် သင့် ဘူး လို့  မြင်ပါ၏ ။
သို့ ပေမဲ့  ကျန်းမာ ရေး အကြောင်း၊ ပညာ ဗဟု သု တ တိုး နိုင် တဲ့ အကြောင်းအရာ တွေ ရေးကြတာ တွေ လည်း ရှိပါ၏။ ကိုယ့် အတွက် အကျိုး ရှိတာ မရှိတာ ကို တော့ စဉ်းစား ချင့်ချိန် ရမှာပေါ့လေ။ အချိန် ဆို တာ မျိုး က ပြန် ၀ယ် လို့ မှ မရတာ။ သို့ သော် ကျ မ အပါအ၀င် တော်တော်များများ က လည်း စာကောင်းပေကောင်းတွေ ထက် ရန်ဖြစ် အငြင်းပွား  ၊ အတင်း အဖျင်း စာ တွေ ဆို သိပ် စိတ်ဝင်စား တတ်ကြပေသည်။ ဒီလို လူတွေ ရဲ့  အထာ ကို သိ နေ သူတွေ ကလည်း ဟိုဖွ ဒီဖွ လုပ် ဖို့  အခွင့် အလမ်း ပို ရ ကြမှာဘဲ ။ ဒီလို အလကား အချိန်ကုန် တဲ့  facebook ကို လုံးဝ မကြည့် ဘဲ နေနိုင်လား ဆို တော့ လည်း မနေ နိုင်ပြန်ဘူး ၊ :D
ကျမ အမျိုးသား ကို အကြံပေး မိပါသေးသည်။ သူ က စာဖတ် များ တဲ့ သူ ဆိုတော့ အကျိုး ပြုစာ တွေ ရေးပါလား ဆိုတော့ အိမ်က မိန်းမ တစ် ယောက် ကို တောင် နားဝင် အောင် မပြော နိုင်သေး တာ အပြင် လူတွေ ဆို အဝေး ကြီး လို့ ဆိုပါတယ် ။  ဥပေက္ခာ တရား ကြီးမား ပါပေ့ ။ ကျမ တို့ က တော့ သံယောဇဉ် ကြီး တဲ့ သူ ဆို တော့ facebook ကို အဆက်ဖြတ် လို့  မရသေးပေ။
Tuesday, 4 December 2012
အကြံ
ဆန္ဒပြ ပွဲ များ အလွန် အမင်း ခေတ် စားလာ သော ကာလ ပါတကား။
ကျမ ယောကျာ်း ကို စင်္ကာပူ မှာ အင်ဂျင်နီယာ လုပ်စားတာ ကြီးပွားဖို့  လမ်းမမြင်ဘူး .. မြန်မာ ပြည် ပြန်ပြီး ဆေးဆိုး ဆေးရိုက် ၊ ဗွီနိုင်း ၊ တီရုပ် ရောင်း၊ လုပ်ငန်း ပြန် လုပ်ကြစို့  လို့ တော့ အကြံပေးထားတယ်။ :D
ဆန္ဒပြ ပွဲ များ နှင့် ပတ်သက်ပြီး တွေးမိတာလေးပါ။
စင်္ကာပူ က ဒီမို ကရေစီ စစ် တဲ့ နိုင်ငံတော့ မဟုတ်ပါဘူး။ သို့ သော် စီးပွားရေး  ဖွံ့ ဖြိုး တိုးတက် တဲ့ ပြသာနာ နည်းတဲ့  နိုင်ငံ တခုတော့ အမှန်ဘဲ ။ စင်္ကာပူ မှာ ဆန္ဒပြ ချင်တဲ့ သူတွေ အတွက် ဆန္ဒပြ တဲ့ နေရာ သတ်သတ် ရှိတယ်လို့  သိရပါတယ်။ ပြချင်တဲ့ အကြောင်း အရာ ၊ ကြာချိန် စသည့်ဖြင့်  ကြိုပြီး ပါမစ်တော့ ယူရမယ်ထင်ပါတယ်။ 
ထို့ ကြောင့် မြန်မာ ပြည်တွင် လည်း စင်္ကာပူ လို မြို့ကြီးတွေမှာ ဆန္ဒပြ နေရာ သတ်သတ် ထားပေး ပါက အဆင်ပြေမည်လို့  ထင်ပါသည်။ 
အဲဒီလို နေရာ လေး ဘေးနားမှာ စားသောက်ဆိုင် တန်း လေးတွေ ၊ဆေးလိပ်၊ ကွမ်းယာ၊ ဘီယာ အစ ရှိသည်များ၊  စာစီ ၊စာ ရိုက်၊ ဗွီနိုင်း တီ ရှပ် ဆိုင်များ ထားပေး ပါက ဆန္ဒပြ သူများ နားနား စားစား ပြီး အားပါးတရ ပြလို့  ရတဲ့ အပြင် စီးပွားရေး သမားများလည်း  စီးပွား ဖြစ် ကာ၊ ရဲများ၊ SB များ လည်း သတ်မှတ် ချိန် အထိ နှိုး စက်ပေးထားပြီး နားနား နေနေ အိပ်စက်ကာ လုံခြုံရေး ယူလို့ ရနိုင်မည် ထင်ပါသည်။ လမ်းမ ပေါ် ပြ သကဲ့  သို့  လမ်းသွား လမ်းလာများ အနှောက်အယှက် မဖြစ် သလို ဘေးပတ်ဝန်းကျင် က  လည်း အထိတ်တလန့် မ ဖြစ် တော့ လို့  မြင်ပါသည်။ 
စီးပွား ရေးတောင် မလုပ်ရသေးဘူး အကြံကြီး တာတော့ မဟုတ်ပါဘူး၊ အားလုံး အဆင်ပြေစေရန် အတွက် အကြံပေးလိုတာပါ။ :)
Wednesday, 7 November 2012
About me
myself လို့ ပေါ့ About me  ကို I  ကိုယ်တိုင် ရေးတာ ဆိုတော့
ကောင်းတာပြောပြန်တော့ ကိုယ်ဂုဏ်ကိုဖေါ် မသူတော် ဖြစ်မှာ စိတ်ပူရ တယ်
မကောင်းတာ ပြောပြန်တော့လည်း ကိုယ်ပေါင်ကိုယ် လန်ထောင်း တယ် ဖြစ်ပြန် အုံးမယ်
ဒီတော့  balance  ဖြစ်အောင်ပြောရတာပေါ့ :D
တကယ်လို့  တစ်စုံ တယောက်က ကျမ ကို
ခပ် ဝေးဝေး က ကြည့်မိတဲ့ အခါ
ကိုယ်ဂုဏ်ကိုဖေါ် ရရင် တော့ ဆရာမကြီးလိုလို ပေါ့  :D
( မျက်မှန် လည်းတပ်ထားတယ် အသားဖြူဖြူ ၀၀ ကလေးဆိုတော့ ဆရာမ ပေါ့ :D တချို့ က  ဆရာဝန်မ ထင်တဲ့သူ ၇ှိသေးတယ် : )
အနီးကပ် တွေ့ လိုက်ရတော့ 
သဘော ကောင်းတဲ့ ပုံလို့  ထင်ရပြန်ရော 
ဒါနဲ့  ဆက်ပြီး စကား ပြောကြည့် လိုက်တော့
အူကြောင်ကျား မှန်း သိသာ သွားတယ်။ 
( မေးတာ တခြား ဖြေတာ တခြား နှင့် ပြောချင်ရာ ပြောတာဆိုတော့၊ ကျမ က နား တဖက် မကြားတာ အကြောင်းပြပြီး ဖြေချင်ရာဖြေတတ်တယ် သို့ သော် ခြေကျိုး လက်ကျိုးက  အပြင်ပန်းက မြင်နိုင်ပေမဲ့ နားမကြားတာက တော်တော်ခက်တယ် ကျမ နားတဖက် မကြားပါလို့  နဖူးမှာ စာရေးထားလို့  မှ မရဘဲ :D , နားကြားတုန်းကလဲ သိပ်မထူးပါဘူး ဒီလို အူကြောင်ကြောင်ပါဘဲ ) 
အပေါင်း အသင်း လုပ်ကြည့်ပြန်တော့
မဆိုးပါဘူး ရိုးရိုးသားသား စိတ်ထား ကောင်း သူလေးပေါ့ 
(  နည်းနည်း ခင်သွားတာနဲ့  ဘုရား တရား အကြောင်း သိပ်ပြောတာဆိုတော့၊ ဘာပြောပြော စိတ် လည်း မဆိုးတတ်ဘူး ၊ တကယ်တော့ အကင်းမပါးတာ သူများ ဘယ်လို့  အထာနဲ့  ပြောမှန်း မသိ တော့ အမြင်ကပ်ပြီး နာအောင်ပြောမှ ဆိုလဲ နာရကောင်းမှန်း မသိပေ ( မနေနိုင်တဲ့ အိမ်က ညီမတွေ က အမြဲ ဘာသာ ပြန်ပေးရတယ် ) ကိုယ်ဘာသာကိုယ်ဆို  ဒဲ့  မပြောလို့ ကတော့ လုံးဝ နားမလည် ပေ )
ကြာကြာ ပေါင်းကြည့် တော့မှ
ရိုး သလို အ သ လို နှင့် လူလည် မ ပါလား လို့  သိလိုက်ရ ပြန် တယ်။ 
( လူမုန်း မခံ ရအောင် ဘယ် သူ နှင့် မှ အတိုက် အခံ မပြောပေ ၊ လူအများ အကြိုက်လိုက်ပြောတတ်တယ် လေ ၊ (အရင်ခေတ်) အစိုးရ ၀န်ထမ်း လုပ်လို့  ကတော့ မြန်မြန် ရာထူးတက်မှာ သေချာတယ်။(ဒီခေတ်တော့ ဘယ်အခြေအနေရှိလဲ သေချာမသိပါ) 
လူတိုင်း နှင့် အဆင်ပြေမှ အနေအစား ချောင်တာ၊ အိမ်မှာ လဲ ယောကျာ်း အကြိုက် လိုက်ပြောတော့ အပျင်းကြီးပြီး ထမင်းမချက်လဲ အဆူအပြော မခံရဘူး ဟင်းမကောင်းလည်း OKတယ်၊ သုံးချင်ရာသုံး လဲ no problem :D တိုင်းပြည် မှာ ကျမ လို လူများရင်တော့ ဒုက္ခ ဘဲ  )
အင်း အဲတာ ကြောင့် ရှေးလူကြီးတွေက ပြောတာပေါ့ လူတစ်ယောက်ကို ဝေဖန်မယ် အကဲဖြတ် မယ် ဆို အဆုံး အထိကြည့် ၊ အဆုံး အထိကြည့် လို့  ဆုံးမခဲ့ ကြတာပေါ့ :-)
ချမ်းမြေ့ကြပါစေ။  
Friday, 5 October 2012
rice cooker
တနေ့ က 
အကဲလွန်ပြီး rice cooker ကို ရေချိုးပေးလိုက်ရာ
မကြုံ စဖူး ၊ အကြုံ ထူး သဖြင့်  rice cooker လန့် ပြီး ရှော့ခ် ရိုက်သွားသည်။ သုံးစား မရတော့ပါ။
တချို့ နေရာ တွေ clean  ချင်တိုင်း clean မရ ပေ  ရှောခ့် ရှိသည်။
ထို့ ကြောင့် ဒီလ ဘတ်ဂျက်ထဲတွင်  မပါသော rice cooker အသစ် တလုံးအား နမျောတသ ယူကြုံးမရ ထပ်ဝယ်လိုက်ရသည်။
နောင်တ   - ငါ ဒီအသက်အရွယ် ရောက်သာနေတယ်၊ ထို အရာသည် ရေ ထိ မခံ မှန်းမသိလေခြင်း။ ။
သင်္ခန်းစာ  -   တခါတလေ မျက်စိမှိတ်ထားပါ။ အပို လုပ်မိပါက ပို အလုပ် ရှုပ်ရ၏။
သံဝေဂ    -    အော် သတ္တ၀ါ တခု ကံ တခု ။ တချို့ အရာ တွေ ပြင်လိုက်မှ ပျက်သွားပါတကား ။ ။ 
မှတ်ချက် ။ ။  ဒီ တသက် အိမ်သန့် ရှင်းရေး အကြောင်း မပြောတော့ပါဟု ကျမ ၏ husband  အမြင်မှန် ရသွားသည်။
Saturday, 15 September 2012
လူ နှင့် ကံ
ကံတရား ၏ ဆန်းကျယ်မှုများ ကို တွေးမိတယ် ။ 
တချို့  လူတွေ
မကောင်းတာ လုပ် တယ် ၊  စိတ်ဓါတ် မကောင်းဘူး သို့ သော်  ကြီးပွား ချမ်းသာ ကြတယ်၊
အဆင်ပြေနေကြတယ် ။
တချို့  လူတွေ
စိတ်ထား ကောင်းတယ်၊  ရိုးရိုးသားသား ကျင့်ကြံ နေထိုင်ကြတယ်  သို့ သော် ဆင်းရဲ 
အဖိနှိပ်ခံ နေရတယ်၊ ဒုက္ခ္ခ္ခ္ခ ရောက်နေကြတယ် ။
တချို့  လူတွေ
မကောင်းတာ လုပ် တယ် ၊  စိတ်ဓါတ် မကောင်းဘူး၊ သူတို့  စိတ် နှင့် အပြုအမှု ကံ အလိုက် ဆင်းရဲ  ဒုက္ခ္ခ္ခ္ခ ရောက်ကြရတယ် ။
တချို့  လူတွေ
စိတ်ထား ကောင်းတယ်၊  ရိုးရိုးသားသား ကျင့်ကြံ နေထိုင်ကြတယ်။  သူတို့  စိတ် နှင့် အပြုအမှု ကံ အလိုက် ကြီးပွား ချမ်းသာ ကြတယ်၊  အဆင်ပြေနေကြတယ် ။ 
ဒီလို ကွာခြား နေတာ ဘာ ကြောင့် လဲ တွေးမိတယ် ။ စဉ်းစားမိ တာလေး ပုံဖေါ်ကြည့ိတယ်။  
ပုံ ၁ အရ
ရှေးယခင် ဘ၀တွေက ကြီးမားတဲ့  ကုသိုလ် ကံ ကြီးက ဒီဘ၀မှာ အကျိုးပေးနေတဲ့  သူ ဆိုပါစို့  သူ ကောင်းတာ ဘဲလုပ်လုပ် ဆိုးတာဘဲ လုပ်လုပ် ကုသိုလ် ကံ အရှိန် မကုန်သရွေ ကြီးပွားတိုးတက်နေ မှာပါ ။ ကောင်းတာ လုပ်နေ သူ အဖို့  ကတော့ ကုသိုလ် ကံ အရှိန် ကုန်တဲ့  အခါ မကျ မနာလောက်ဘူး လို့  ထင်တယ်။ 
ပုံ ၂ အရ
ရှေးယခင် ဘ၀တွေက ကြီးမားတဲ့  အကုသိုလ် ကံ ကြီးက ဒီဘ၀မှာ အကျိုးပေးနေတဲ့  သူ ဆိုပါစို့  သူ ကောင်းတာ ဘဲလုပ်လုပ်၊ ဆိုးတာဘဲ လုပ်လုပ် အကုသိုလ် ကံ အရှိန် မကုန်သရွေ့ ဆင်းရဲ ဒုက္ခ္ခ ရောက်နေ မှာပါ ။ ကောင်းတာ လုပ်နေ သူ ကတော့ မကောင်းတာ လုပ်နေ သူ ထက် ခံရ သက်သာ မယ် လို့  ထင်တယ်။ 
ပုံ ၃ အရ
ရှေးယခင် ဘ၀တွေက ကုသိုလ် ကံ၊ အကုသိုလ်ကံ ကြီး ကြီး မားမား မရှိဘဲ တလှည့် စီ အကျိုးပေးနေတဲ့  သူ ဆိုပါစို့  ယခု လက်ရှိ ဘ၀ မှာ သူ ကောင်းတာ လုပ်နေမယ် ဆိုရင် မျက်မှောက် ကုသိုလ်ကံ က အတိတ် ဘ၀ က ပါလာတဲ  ကုသိုလ်ကံ ကို သံလိုက်လို ဆွဲ နိုင်မယ်  လို့  ထင်တယ်။ 
အကုသိုလ်ကံ အလှည့် ရောက်တော့လည်း ယခု လက်ရှိ ကောင်းမှု ကုသိုလ် လုပ်နေ သူအဖို့  ခံရ သက်သာ သွားမယ် ထင်တယ်။ သို့ သော် လုံးဝ ပျောက်သွားမယ်လို့ တော့ မထင်ပါ။ ( အဟောသိကံ ကလွဲပြီး) ဘုရားရှင် သော်မှ နောက်ဆုံး ဘ၀မှာ ကျန်နေတဲ့  ကံ ၀ဋ်ကြွေးကို ဆပ်ရ  သေးသည်။ 
ပုံ ၄ အရ
ရှေးယခင် ဘ၀တွေက ကုသိုလ် ကံ၊ အကုသိုလ်ကံ ကြီး ကြီး မားမား မရှိဘဲ တလှည့် စီ အကျိုးပေးနေတဲ့  သူ ဆိုပါစို့  ယခု လက်ရှိ ဘ၀ မှာ သူ မကောင်းတာ လုပ်နေမယ် ဆိုရင် မျက်မှောက် အကုသိုလ်ကံ က အတိတ် ဘ၀ က ပါလာတဲ  အကုသိုလ်ကံ ကို သံလိုက်လို ဆွဲ ပြီး အကျိုးပေးမယ်  လို့  ထင်တယ်။ 
မည်သို့  ပင် ဖြစ်စေ အမြဲ ကောင်းမှု လုပ်ခြင်းက အမှန်ဆုံးပါ။ 
မှတ်ချက် ။ ။
အစိမ်းရောင် =  ကုသိုလ် ကံ
အနီရောင်    = အကုသိုလ်ကံ
အဟောသိကံ - ကုသိုလ် အကုသိုလ်ကံများ အကျိုးပေးရမည့်အချိန်၌ အကြောင်းမပြည့်စုံ၍ အကျိုးမပေးဘဲ အချိန်အခါ လွန်သွားသည်ကို ခေါ်ပါသည်။