Wednesday, 29 June 2011

စာဥ နှင့် ကတုံး

စာဥ နှင့် ကတုံး ဆိုတာ ကျမ ရနှစ် ၈နှစ် အရွယ်လောက်က အိမ်မှာ မွေးထားတဲ့ နွား ၂ ကောင်ပါ။ စာဥက အဖြူရောင်များပြီး ကတုံးက မီးခိုးရောင်များသည်။ နွား ၂ ကောင် အရောင် မတူ သလို စိတ်ထားလဲ ကွာလေသတဲ့ စာဥက စိတ်ရှည် သဘောကောင်းပြီး ကတုံးက စိတ်ကောက်တတ်သတဲ့ အဖွားက ပြောပြသည်။ ထမင်းစား လျှင် ဖိတ်ဖိတ် စင်စင်စားတတ်တဲ့ ကျမကို အဖွားက စာဥလောက် တောင်မစားတတ်သေးဘူးတဲ့ နင်က ကတုံးလိုဘဲလို့  မကြာခဏ ပြောတတ်သည်။ တနေ့ တော့ အဖွားက ကျမကို စာဥနှင့် ကတုံး အစာစားနေတုန်း  နွား ၂ ကောင် ဘာကွာ သလဲ ကြည့်ခိုင်းသည်။ ထို့ ကြောင့်ကျမ လည်း နွား ၂ ကောင်ရှေ့မှာထိုင်လိုက်သည်။ သစ်သား စည်ပိုင်းတို တခု စီ နှင့် အစာကျွေးထားသည်။ ကောက်ရိုး၊ ပြောင်းဖူး နှင့် ပဲဖတ် (မြေပဲဆံ ဆီကြိုတ်တဲ့ အခါ ထွက်လာသည့်) စသဖြင့် တလှည့် စီကျွေလေ့ရှိသည်။ စာဥ က အစာကို ငြိမ်ငြိမ်လေး စားခွက်ထဲ ခေါင်းစိုက်ပြီး စားနေစဉ် ကတုံး ကတော့ တောင်ကြည့်မြောက်ကြည့် ယောက်ယက်ခတ် စားသဖြင့် အစာ တ၀က်လောက်က အောက်ဖိတ်ကျကုန်သည်။ စားရင် သူခွက်ထဲ ကုန်သွားလျှင် စာဥထဲ သွားစားလေသည်။ စာဥက ကတုံး သူ့ ခွက်ထဲလာစားတာကို ကြည်ကြည်ဖြူဖြူပင်။ ထို အခါ အဖွားက တွေ့ လား စာဥက နွားဖြစ်ပေမဲ့ အကျင့် စရိုက် ကောင်းတယ်တဲ့။ အဖိုးနှင့်  အဖွား ကနွားတွေကို တော်တော် ဂရုစိုက်သည်။ အဖိုးက  နွားဆိုတာ သက်သတ်လွတ်ဘဲ စား ပြီး လူတွေကို အကူအညီပေးကြောင်း၊ ကောင်းကောင်းမွန်မွန် ကျွေးမွေး သင့်ကြောင်း  ပြောပြသည်။ နောက်ပြီး အဖိုး က နွားတွေကို ကြမ်းကြမ်း တမ်းတမ်းရိုက်တာ မကြိုက်ပေ။ တခါတရံ ကျမတို့ နွားလှည်းစီးပြီး အိမ် နှင့် ၄ မိုင်အကွာ မှာရှိသည့် စိုက်ပျိုးရေး ခြံသို့ သွားကြသည်။ ထိုအခါ လမ်းခုလတ်တွင် ကတုံးက စိတ်ကောက်ပြီး ဆက်မသွားဘဲ ရပ်နေတတ်သည်။ ထိုအခါ လှည်းမောင်းသည့် ဦးလေးကြီးက သူလွယ်နေကြ လွယ်အိတ် အနီကျားကျား ကို ယူပြီး ကတုံးရှေ့ မှာ ဟိုဖက် ဒီဖက်လွဲလိုက် ထိုင်လိုက် ထလိုက် လုပ်ပြရသည်။ ထို အခါမှ ကတုံး စိတ်ပြောင်းသွားပြီး ဆက်သွားလေသည်။ထို့ ကဲ့သို့  ကတုံးက စိတ်ခဏခဏ ကောက်တတ်သည်။ အဖိုးက အလို လိုက်သဖြင့် နွားတွေက နည်းနည်းဆိုးကြောင်း နွားမောင်းသည့် ဦးလေးကြီးက ပြောဖူးသည်။
တနေ့  ညနေ မှာ အဖွား က ခြံထဲ မှာ နွား သွားဖမ်းလိုက်အုံး မယ်ဆိုပြီး ထွက်သွားသည်။ ( နွားတွေကို နေ့ ခင်းဖက်ဆိုလျှင် မြက်တောထဲ လွတ်ထားပြီး ညနေ မှ နွားတဲ ထဲ ပြန်သွင်းသည်။) ပုံမှန်ဆို အဖွား ဖမ်းနေကြ မဟုတ်ပေ ထို့ နေ့ က တခြားသူ တွေ အလုပ်နည်းနည်း ရှုပ်နေကြ ၍ နောက်ကျနေသဖြင့် အဖွားက နွားတွေ ကို စိတ်ပူပြီး ကိုယ်တိုင် ဖမ်းရန်သွားလေသည်။ သိပ်မကြာခင် အဖွားပြန်လာသည် နွားတွေတော့ ပါမလာပေ။ အဖွားက နွားတွေ ငါကိုလဲ မြင်ရော ရပ်ကြည့် နေပြီး ထွက်ပြေးကုန်တယ်တဲ့။ ထိုအခါ ကျမ ဦးလေးက အဖွားကို နွားတွေ ထွက်ပြေးမှာပေါ့ ကိုယ်ကိုကိုယ်လဲ ပြန်ကြည့်ပါအုံးလို ပြောတော့မှ ကျမ တို့ လဲ အဖွားကိုကြည့်မိကြသည်။ အဖွား ကအရပ်ပု ပြီး အဲဒီအချိန်တုန်းက နည်းနည်းဝသည်။ လည်ရှည် ဘွတ်ဖိနပ် အနက်ရောင် စီးထားပြီး သိုးမွေးဆွယ်တာ အစိမ်းရောင်ကို ၀တ်ထားသည်။ နောက်ပြီး အနက်ရောင် ကျွှဲကော်ကိုင်း မျက်မှန်  တတ်ထားသည်။ ခေါင်းမှာလဲ ခမောက်ဆောင်းထားသေးသည်။ ခမောက်ကလဲ ပုံမှန်ထက် ၂ ဆကြီးသော ဆိုဒ်ဖြစ်သည့် အပြင် အဖွား က ခမောက်ကို မိုးလုံစေရန် ဖဲထီးစ အနက်ရောင်နဲ့ အပေါ် မှာ အုပ်ပြီး ပြန်ချုပ်ထားသည်။ ထိုအခါ ကျမတို့ အားလုံး အဖွားကို ကြည့်ပြီး ရယ် ကြသည်။ အဖွားကတော့ ခပ်တည်တည်ပင်။  နွားတွေက အဖွားကို လူလို ထင်ပုံမရပေ။ ထို နေ့  က နွားတွေ အဖွားကို တော်တော်ကြောက်သွားပုံရသည် ဘယ်အထိပြေးသွားကြလဲ မသိပေ မိုးတော်တော်ချုပ်မှ ပြန်ရှာတွေ့ သည်။

Monday, 27 June 2011

အဖွား နှင့် သန့် ရှင်းရေး

ဒီ နေ့ တော့ အိမ် သန့် ရှင်းရေးလုပ်အုံးမှ လို့  စဉ်းစားမိသည် ( ကြမ်းပြင်ကဖုံမှုန့် ပေါ်မှာ  ယောကျာ်းက ဖုန်းနံပါတ်မှတ်ထားတာ တံမြက်စည်း လှဲရင်းပါသွားလို့  အဆူခံထိပြီး ကတည်းက မလှဲဖြစ်တာ တလလောက်ရှိပြီ ) :) အိမ် သန့် ရှင်းရေး လုပ်ရင်း အဖွားကို သတိရမိသည်။ သန့် သန့် ပြန့် ပြန့် အလွန်ကြိုက်သော အဖွားက ကျမ ကို အိမ်သန့် ရှင်ရေး လုပ်ပုံလုပ်နည်းကို အမြဲသင်ပေးပါသည်။ တြံမက်စည်းလှဲ လျှင် မနက်စောစော လေမတိုက်မိလှဲရန်၊ တံမြက်စည်းကို ကြမ်းပြင်နဲ့ ကပ်ပြီး အစဉ်လိုက် လဲရန်၊ တံမြက်စည်း လှဲပြီးမှ အ၀တ်နဲ့ ကြမ်း ပြန်တိုက်ရန်၊ ပြီးလျှင် တံမြက်စည်း အ၀တ် တွေကို အမှိုက်ပုံမှာ အမှုန့် ခါ ပြီးလျှင် နေပူထဲမှာ ခဏ လှန်းထား ရန် စသဖြင့် သင်ပေးထားပါသည်။ ငယ်စဉ်က တော့ အဖွားကို ကြောက်ပြီး ပြောတဲ့ အတိုင်း လုပ်ခဲ့ပါသည်။ နောက်ပိုင်းမှာတော့ ( အဖွားနဲ့  အတူ မနေ ကတည်းက) တခါမှ အဖွားသင်ထားသကဲ့သို့  မလုပ်ဖြစ်ပေ။ကျမလဲ အဖွားကဲ့သို့  သန့် သန့် ရှင်းရှင်း ကြိုက်ပြီး ရှုတ်ပွ နေလျှင် ကြည့်လို့ မရပါ။ ထို့ ကြောင့် တအိမ်လုံး ကြည့်စရာ နေရာမကျန်တော့တဲ့ အခါ ကျမစပြီး သန့် ရှင်းရေးလုပ်ပါသည်။  သိုသော် နေ့ စဉ် အိမ်သန့် ရှင်းရေး အမြဲလုပ်သော အဖွားနဲ့ ကျမ နည်းနည်းတော့ကွာပါသည်။ ( အထုံ ပါရမီ )
အဖိုး နှင့် အဖွား အသန့် ကြိုက်တာ သူများတွေထက်နည်းနည်းပို ပုံရသည်။  အိပ်ယာခင်း ခေါင်းအုံးစွပ် ဂွမ်းဖုံအစွပ် ( ရှမ်းပြည်မှာ အလွန်အေးသောကြောင့် စောင်ခြုံလို့ မရပေ) အားလုံးကို အဖြူရောင် အစဖြင့် ချုပ်ထားပြီး ၂ရက် တခါလဲ ပါသည်။  အဖြူရောင် ဆိုတာ ညစ်ပေ လျှင်၊ ပိုးမွား အမှိုက် ကပ် လျှင် သိသာသတဲ့  အဖွားက ပြောဖူးသည်။ ကျမ ကတော့ ညစ်ပေလွယ် သော အဖြူရောင်ကို အ၀တ်အစားပင် သိပ် မ၀တ်ဖြစ်ပေ။ အပေခံ သော အရောင်ရင့်ရင့် များကို သာ ၀ယ်ယူတတ်သည်။
အဖိုး နှင့် အဖွား ကတော့ ညစ်ပေတာတွေကို ပိုပြီး ထင်ထင် ရှားရှားသိ မြင် လို သူတွေ ပေါ့  ကျမ ကတော့ ဖုံးကွယ်ချင်သူပေါ့ ။

Friday, 27 May 2011

ကျမရဲ့  ဆရာမ

မူလတန်းတုန်းက ကျောင်းသားတွေ အားလုံးချစ်ကြောက် ရိုသေတဲ့ ဆရာမကို သတိရမိတယ်။ အဲဒီ ဆရာမပြောပြလို့  ဗိုလ်ချုပ်အောင်ဆန်း အကြောင်းစသိခဲ့ရတယ်။ နောက်ပြီး ဆရာမက စာသင်တာလည်းတော်သလို ကျောင်းသူကျောင်းသား အားလုံးကို မျက်နှာမလိုက် ဘဲ တန်းတူဆက်ဆံတတ်သည်။ တနေ့  မုန့်စားဆင်းပြီး ကျောင်းပြန်တက်တဲ့ အချိန်မှာ ကျမရဲ့ ရေဗူးထဲ မှာ ရေတွေတော်တော် လျော့နေတယ် ဘေးက သူငယ်ချင်းတွေက ပြောတယ် နင့်ရေတွေကို (---) သောက်သွားတယ်တဲ့ သိလိုက်ခြင်းဘဲ ကျမ ဒေါသတော်တော်ထွက်သွားတယ် အဲဒီ တစ်ယောက်ကို ကျမသိတယ် စုတ်တီးစုတ်ပြတ် နဲ့  အဖေ မရှိတာလား အမေ မရှိတာလား အဖေရော အမေ ရော မရှိတာလား သေချာ မသိဘူး ဘုန်းကြီးကျောင်းမှာ နေတဲ့ တစ်ယောက်  (သူ့ ကို တစ်တန်းလုံး ကနှိမ်ပြီးခေါ်တဲ့ နံမည် သတ်သတ်ရှိတယ် ) ချက်ခြင်း ဆရာမကို သွားတိုင်လိုက်တယ် စိတ်ထဲမှာ တော့ ဒင်းကို ဆရာမ အားပါးတရ ရိုက်ပါစေဆိုပြီးတော့ ။ တကယ် သွားတိုင်လိုက်တော့ ကျမတော်တော်အံသြသွားတယ်။ ဆရာမက ကျမကို သူရေအရမ်းဆာလို့  ယူသောက်တာနေမှာပါ ရေ အကျိုး ၁၀ ပါးဆိုတာ မတောင်းဘဲပြည့်တယ် ၀န်တိုစိတ်မထားရဘူးလို့ ပြောတော့ ကျမစိတ်ထဲ တော်တော်မကျေမနပ် ဖြစ်သွားတယ်။ နောက်ပြီး အဲဒီတယောက်ကို ဆရာမက ခေါ်ပြီး သူတပါး ပစ္စည်း ကို ပိုင်ရှင်မသိဘဲ မယူရဘူးလို့တော့ ဆုံးမလိုက်တယ် ရိုက်တော့မရိုက်ဘူး။ ဒီ ကိစ္စ ကို ကျမတော်တော်ကြာတဲ့ အထိ အခဲမကျေဖြစ်ခဲ့မိသည်။ အခုအချိန်မှာတော့ ဆရာမရဲ့ စိတ်ဓါတ် စေတနာ ကို နားလည် လေးစားမိပါသည်။

Monday, 23 May 2011

ဒီနေ့ အတွေး - မြေကြီးပမာ

နေ့ စဉ် ရင်ဆိုင်ကြုံတွေ့ နေရတဲ့ ဘ၀တွေမှာ အဆိုးဘဲဖြစ်ဖြစ် အကောင်းဘဲဖြစ်ဖြစ် ကိုယ်ရဲ့ စိတ်ကို မြေကြီးလို ကျင့်ကြံနိုင်ရင် စိတ်ပင်ပန်းမှု သက်သာနိုင်သည်တဲ့။  မြေကြီးဆိုတာက သတ္တ၀ါတွေ နေ့ စဉ် မကောင်းတဲ့ အညစ်ကြေးတွေ ကိုမြေကြီးပေါ် စွန့် ပစ် ကြပေမဲ့ ကမ္ဘာမြေကြီးက လက်မခံ ဘူးဆိုတာ မရှိပါ။ ဒီလိုဘဲ မွေးကြိုင် သင်းပျံတဲ့ လှလှပပ ပန်းလေးတွေ မြေကြီးပေါ် ကြွေကျလာတဲ့အခါတွင်လည်း လိုချင်စိတ်နှင့် မသိမ်းပိုက်ပါ။ 
အကောင်းအဆိုး နှစ်မျိုးစလုံးကို အညီအမျှ လက်ခံသည်။

မှတ်ချက်။   ။သီတဂူ ဆရာတော်ဘုရား ဟောတဲ့ တရားတစ် ပုဒ် မှ

Saturday, 21 May 2011

Husband & wife

တခါက မင်္ဂလာ ဆောင်ရန်စီစဉ် နေသော စုံတွဲ တစ်တွဲ ရှိလေသည် ။ နှစ်ဦးသား ရှေ့ရေးကို စီစဉ် တိုင်ပင်ကြသတဲ့ ၊ first impression သည် အရေးကြီး ကြောင်းတွေးမိ ကြလေ၏။ ထို့ ကြောင့် ပထမဆုံး ယောက်ျားလေးဖက် က မိဘဆွေမျိုးများနှင့် သွားရောက်တွေ့ ဆုံချိန်တွင် ကောင်လေးက ကောင်မလေးကို ဟန်ဆောင် ဆရာလုပ် အနိုင်ကျင့်ပြမည်ဟု တိုင်ပင်ထားသတဲ့ ထိုအခါ ကောင်မလေးက ကောင်လေးကို အလွန်ကြောက်ချစ်ရှိသေသောပုံစံဖြင့် ပြောသမျှ နာခံသည့် စတိုင်ဖြင့် နေကြမည် တဲ့။ ထိုကဲ့ သို့ ပင် မိန်းခလေး  ဖက်က မိဘဆွေမျိုးများနှင့် သွားရောက်တွေ့ ဆုံချိန်တွင်လည်း ကောင်မလေးက ကောင်လေးကို ဆရာလုပ် ဗိုလ်ကျ ပြမည်တဲ့ ထိုအခါ ကောင်လေးက ကောင်မလေးကို အလွန်အလိုလိုက် အကြိုက်ဆောင်သော ပုံစံဖြင့် ပြောသမျှခေါင်းညိမ့် နေကြမည်ဟု တိုင်ပင်ကြသတဲ့။ သူတို့ နှစ်ယောက် မင်္ဂလာဦးမှ သည့် ထိုကဲ့သို ကျင့်ကြံနေထိုင်ကြရာ အိမ်ထောင်သက် ၉ နှစ် ၁၀ နှစ် ရောက်သည့်အထိ ကောင်လေး၏ ယောက္ခမများက ကောင်လေးကို အလွန်သနားကြသတဲ့ ဒီလောက်ရှာဖွေကျွေးမွေးနေသည့် ယောကျာ်းကို များ ငါတို့  သမီးတော်တော် အနိုင်ကျင့်သတဲ့ ။ ထိုကဲ့သို့ ပင် ကောင်မလေး၏ ယောက္ခမများက ကောင်မလေးကို အလွန်သနားကြသတဲ့ ဒီလောက်ပြောတိုင်းဆိုတိုင်းနာခံပြီး ယောကျာ်းကြောက်တတ်တဲ့ မိန်းခလေးမျိုး ဒီခေတ်ကြီးမှာ တော်တော်ရှားသတဲ့ ။

မှတ်ချက်။ ။ me & my husband may be :-) :-)

Thursday, 19 May 2011

ဒီနေ့ အတွေး - အဖွားနှင့် ဟင်းချက်ခြင်း

အဖွား က ခေါင်းကို သေချာဖြီးပြီး မျက်နှာသစ် သွားတိုက် ပြီးတော့ ဘုရားရှိခိုးလေသည်။ ပြီးမှ အောက်ဆင်း မီးဖိုချောင်ဝင်လေသည်။ မိုးတွင်းလို အချိန်များတွင် ( ခါတိုင်း ထမင်းချက်နေကြ ဦးလေးတို့ လင်မယား သူတို့ ၏ စိုက်ပျိုးရေးခြံသို့ သွားသောအခါ) ကျမ အဖွားနှင့် အတူထမင်းချက်ရပါသည်။ အဖွား လက်ရာသည် စားလို့ အလွန်ကောင်းပါသည်။ သို့ သော် အဖွား ဟင်းချက်လျင်တော်တော်ကြာ၏။ စိတ်ရှည်ပြီး စေ့စပ်သေချာ တာလွန်သွားတော့ ဇီဇာကြောင် သကဲ့သို့ ဖြစ်လေသည်။ ဥပမာ တခု ပြောရလျင် ခရမ်းချဉ်သီးကို ဟင်းအနှစ်ချက်လျင် အရင်ဦးဆုံး ပြုတ်သည်။ ထို့ နောက် အခွံခွာ အစေ့ထွင် ပြီး အရည်ကို ညစ်သည် (အခွံ နှင့် အစေ့ကို တော့ပစ်လိုက်သည်) အသားကိုနှုပ်နှုပ်စင်းပြီးမှ ညစ်ထားသော အရည်နှင့်ရောပြီး ဟင်းအိုးထဲထည့်၏ ။ အဖွားက စိတ်ရှည်သလောက် စိတ်မရှည်တတ်သော ကျမအတွက် အဆင်မပြေပေ။ ထို့ ကြောင့်ကျမ အကြံထုတ်လေသည်။ အဖွားနှင့် အတူတူ ဟင်းချက်ပါက အဖွားပြောသည့်အတိုင်း လိုက်မလုပ်ပါက အဆူခံရမည် ပြောသည့်အတိုင်းသာ လုပ်ရသော် ကျမသည် ထိုမျှလောက် စိတ်ရှည် သည်းခံတတ်ခြင်း မလုပ်ချင်သည့် အလုပ်ကို သည်းခံပြီးလုပ်တတ်ခြင်း ဂုဏ်ရည်များမပြည့်စုံပေ။ ထိုအချိန်မှစပြီး လုပ်ချင်သလို လုပ်လို့ ရမည့် နည်းလမ်းရှာလေသည်။ မနက်ဆိုလျင် ချက်ပြုတ်ဖို့  အချိန်အကြာကြီးမရပေ။ ဘုန်းကြီးကျောင်း ဆွမ်းဂျိုင့် မိရန် ကျောင်းသွားမိရန် လိုသေး၏။ အဖွားကတော့ ညကတည်းက တော်တော်များများကြိုတင်လုပ်ထားပါသည်။ အသီးအရွက်တွေ သင် အခွံနွာ စသဖြင့်ပေါ့။
ကျမ အဖွားကို သတိထားမိတာက မနက် အိမ်ယာထပြီး အိမ်သာဝင် ခေါင်းဖြီး ရေချိုးခန်းဝင် ဘုရားရှိခိုး လုပ်နေတာ ၁ နာရီကျော် ၁နာရီခွဲ လောက်ကြာတတ်၏။ ထိုအခါ ကျမ သည် အဘွား အိမ်သာ ၀င်ပြီဆိုတာနဲ့  ရေချိုးခန်းထဲဝင် မျက်နှာအမြန်သစ် အ၀တ်အစား အမြန်လဲ ခေါင်းကို လက်နဲ့ သပ်ချပြီး မီးဖိုချောင်သို့ ပြေးဆင်းလေသည်။ (အိမ်က ၂ ထပ်ရှိသည်) ထိုနောက် မီးဖိုးတွင် မီးကို အမြန်မွေးသည်။ ( တောဖြစ်သဖြင့် လျှပ်စစ်မီး မရှိပါ ထင်းမီးကိုသာ အသုံးပြုရသည်။) မီးဖိုသည် အင်္ဂတ ဖြင့် လုပ်ထားပြီး အစဉ်လိုက် အပေါက် သုံးပေါက်  ရှိသည်။ အဖွားသည် ဟင်းချက်လျင် မီးအေးအေးနှင့်ချက်လေ့ရှိသည်။ သို့ သော် ကျမသည် မီးဖိုကို အပေါက် ၃ ပေါက်စလုံး မီးအလျှံ ရောက်စေရန် ထင်းများများ ထင်းရှူးဆီ လွှစာမှုံ စသဖြင့် တွေ့ ရာမြင်ရာ အကုန်ထည့်ပြီး မီးမြန်မြန်တောက် အောင်လုပ်လေသည်။ ထို့ နောက် မီးဖို ၃ ပေါက် စလုံး မီးအရှိန်ရသည့် နှင့် တပြိုင်နက် ရေနွေးအိုး ဟင်းရည်အိုး ဟင်းအိုး စသဖြင့် ချက်မည့်အိုးများကို မီးဖိုပေါ်တင်လိုက်၏။ ထို့ နောက် ထည့်စရာရှိသည့် များကို အလျင်အမြန် ထည့်လိုက်သည်။ ခရမ်းချဉ်သီး စသည်များကို ရေဆေးပြီးတောက်တောက်စင်းပြီး ဟင်းအိုးထဲပစ်ထည့် လိုက်သည်။ ထို့ နောက်အေးအေးဆေးဆေး ရှိသည့် သကာလ အိမ်သာသွားချင်သွားသည် ။ ထိုစဉ် အဖွားအိမ်ပေါ်ထပ်မှ ဖြေးဖြေးသာသာဆင်းလာသည်။ ( အဖွားသည် လမ်းလျှောက်လျင် ဘယ်လောက်ဘဲ အရေးကြီးကြီး ဖြေးဖြေးသာသာလျှောက်လေ့ရှိသည်။ ကျမ သည် အရေးကြီးကြီးမကြီးကြီး ဖနောက်ပေါက်ပြီး ရေးကြီး သုတ်ပြာ လျှောက်လေ့ ရှိသည်။) အဖွားမီးဖိုခန်းသို့ ရောက်ချိန်တွင် ဟင်းတွေက မီးဖိုပေါ်ရောက် ကျက်လုနီးပါး ဖြစ်ချင်ဖြစ်နေတတ်သည်။ ထို အခါအဖွားသည် ဟင်းတအိုးဖွင့်ကြည့်လိုက် ရင်ဘတ်ဖိလိုက် ပါးစပ်ကလဲ ဘုရားဘုရား အဲလို မဟုတ်ဘူး ငါပြောတာ အဲလိုမဟုတ်ဘူးလို့  ဆိုလေတော့သည်။ တကယ်တော့ ကျမက လည်းအခြေအနေ အချိန်အခါပေါ်မူတည်ပြီး  မြန်ရာမြန်ကြောင်းဦးစားပေး အနေဖြင့် အဖွားက ကြော်ဖို့ ပြောတဲ့ဟင်းကို ချက်ချင် ချက်လိုက်၏ အသုတ်လုပ်ဖို့ ပြောထားတာကိုလဲ ကြော်ချင်ကြော်ပစ်လိုက်သည်။ အမြန်ကျက်ဖို့ အရေး မီးပြင်းတိုက်ပြီးချက်ထားလေသောအခါ အဖွားသည် သူ့ စိတ်ကူးနဲ့  တလွဲဖြစ်နေသော ကျမလက်ရာကိုကြည့်ပြီး ပွစီပွစီပြောလေသည်။ ကျမ က လည်း စဉ်းစားမိသမျှ အချက်အလက်များဖြင့် ဆင်ခြေတက် အတွန့် တက်လေတော့သည်။ နောက်တော့ အဖွားသည် ကျမကို အရှုံးပေးကာ နင်နဲ့ ငါနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းဟုပြောကာ အဆုံးသတ်လေသည်။ ကျမသည် အဖွား၏ စေ့စပ်သေချာမှု ကို လေးစားသဘောကျပါသည် သို့ သော် သံသရာ အဆက်ဆက်ကပါလာသော ပြီးစလွယ်လုပ်တတ်သော အထုံပါရမီ ကား ပြင်ရန်ခက်ခဲလေစွ။